မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

ဆရာသမားပြောတဲ့ ကွက်လပ်များ

on Monday, January 16, 2012


ဆရာသမားပြောတဲ့ ကွက်လပ်များ

ဆရာဆုံးမ သြ၀ါဒတွေ၊ ဆရာ့ ကိုယ်စား မှတ်သားကာနေ။
ဦးထိပ်ရွက်လို့ ငါတို့ရိုသေ၊ တစ်သက်လုံး ကျင့်သုံးခံယူမလေ။

ငယ်စဉ်က စာဝါချရင်း ဆရာသမား နှုတ်တိုက်ချပေးခဲ့သော သြ၀ါဒလင်္ကာလေးကို အမှတ် ရမိသည်။ ဘ၀မှာ ဆရာသမားများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကျေးဇူးပြုခဲ့သည်ဟု ယုံကြည်မိသည်။ ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော- အမှန်တရားကို သိဖို့အတွက် (၀ါ) ယဉ်ကျေးလိမ္မာသောသူတော်ကောင်းများဖြစ်ဖို့အတွက် ဆရာသမားကို ရှာမှီးဆည်းကပ်ရမည်ဟု ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ထုတ်ဖော်ဟောကြားတော်မူခဲ့သည်။ ဆရာ မမှီး၊ ဒို့ ခရီးသည်၊ မီးဆိုမှ မီး-ဟု ဆိုရလောက်အောင် အမှန်တရားကို လမ်းညွှန်ပြသပေးမည့် ဆရာသမားကို မရှာမှီးဘဲ (၀ါ) ဆရာ ရှာရမည့်အရေးမှာ ဖင့်နှေးပျင်းရိကြလျက် ငါ့မြင်း ငါဆိုင်း၊ စစ်ကိုင်းရောက်ရောက်-ဆိုပြီး ကိုယ်ထင်ရာ ကို ကိုယ်စိုင်းနေကြတဲ့ ပုထုဇဉ်လူသားတို့၏ဘ၀သည် မွေးကတည်းက မီးကို အဖော်ပြုလျက် ကြီးပြင်း ကြရသည်။ အူဝဲ-ဟု အော်မြည်ခြင်းသည် ဘ၀ကို သောကမီးဖြင့် အစပြုခြင်းပင် ဖြစ်ပေသည်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာက ဆရာရှာဖို့ အပူတပြင်း တိုက်တွန်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
          မိမိတို့သည် ဘွဲ့ဒီဂရီတွေကို တပ်မက်မှု မရှိဘူးဆိုရင်တောင်မှ B.A, M.A, PhD, ဘွဲ့တွေကို ရယူလိုသောကြောင့် နိုင်ငံခြားသို့ ပညာသင်ထွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုလျှင် ယေဘုယျအားဖြင့်တော့ မှန်ကန်လိမ့်မည်ဟု ထင်မိသည်။  လက်ဆုပ်လက်ကိုင်ပြစရာကလဲ ဒီဘွဲ့တံဆိပ်တွေဘဲ ရှိတာမဟုတ် လား။ နိုင်ငံခြား ပညာသင်သွား မည်ဆိုတော့ တစ်ချိန်က ဆရာသမား မိန့်ကြားခဲ့ဖူးသော သြ၀ါဒကို အမှတ်ရမိသည်။ တပည့်ဖြစ်သူ ရရှိခဲ့သော ဘွဲ့တွေကို လက်ချိုးရေတွက်ရင်း မဖြစ်မနေရယူရန် လိုအပ်နေသော ဘွဲ့ကို အမိန့်ရှိခဲ့ဖူးသည်။
          ၁။ ယူရန်ကျန်သော ဘွဲ့တစ်ခု၊ တရားနာမှု၊ စာသင်မှု၊ သုတ၀ါ ဘွဲ့တစ်ခု။
        ၂။ ယူရန်ကျန်သော ဘွဲ့တစ်ခု၊ ခန္ဓာဖြစ်ပျက် မြင်အောင်ရှု၊ ပည၀ါ ဘွဲ့တစ်ခု။
၃။ ယူရန်ကျန်သော ဘွဲ့တစ်ခု၊ အာသဝေါကုန်အောင်ရှု၊ အာသ၀က္ခယ ဘွဲ့တစ်ခု၊ ဒုက္ခက္ခယ          ဘွဲ့တစ်ခု၊ ပစ္ဆိမဘ၀ိက ဘွဲ့တစ်ခု၊ ရဟန္တာဘွဲ့တစ်ခု။
          နံပါတ်တစ်သည် စားလိုက် အိပ်လိုက်လုပ်နေသူများ စယူရမည့် ပရိယတ္တိဘွဲ့ဖြစ်သည်။ တရား နာခြင်း၊ စာသင်ခြင်းသည် ပရိယတ္တိဘွဲ့အတွက် အားထုတ်နေကြခြင်းဖြစ်ပေသည်။ နံပါတ် နှစ်သည် ပရိယတ္တိဘွဲ့ရပြီးသူများ ယူရန်ကျန်သည့် ပဋိပတ္တိဘွဲ့ဖြစ်သည်။ ခန္ဓာ၏ အဖြစ် အပျက်ကို မြင်အောင် ရှုခြင်းသည် (၀ါ) ၀ိပဿနာဉာဏ်ပညာဖြစ်အောင် အားထုတ်ခြင်းသည် ပဋိပတ္တိဘွဲ့အတွက် အားထုတ် နေခြင်းပင် ဖြစ်သည်။ နံပါတ်သုံးသည် အရိယာဖြစ်ပြီးသူများ ဆက်ယူရမည့် ပဋိဝေဓဘွဲ့ ဖြစ်ပေသည်။ သောတာပန်မှသည် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်သည်တိုင်အောင် (၀ါ) လောဘ၊ ဒိဋ္ဌိ၊ မောဟလို့ ဆိုတဲ့ အာသဝေါတရားတွေ ကုန်ခမ်းသည့်တိုင်အောင် အားထုတ်ခြင်းသည် ပဋိဝေဓဘွဲ့ အတွက် ဆက်လက်အားထုတ်နေခြင်းဖြစ်ပေသည်။
ရဟန္တာဟူသည် ပဋိဝေဓ၏ နောက်ဆုံးဘွဲ့ဖြစ်သည်။
သောတာပန်ဟူသည် ပဋိဝေဓ၏ အစဆုံးဘွဲ့ဖြစ်သည်။
ခန္ဓာကို သုံးသပ်ခြင်းသည် ၀ိပဿနာ၏ အစဆုံးဘွဲ့ဖြစ်သည်။
စာသင် တရားနာ သုတ၀ါသည် သာသနာ၏ အစဆုံးဘွဲ့ဖြစ်သည်။
          အစဟူသော ပရိယတ္တိဘွဲ့၊ အလယ်ဟူသော ပဋိပတ္တိဘွဲ့၊ အဆုံးဟူသော ပဋိဝေဓဘွဲ့တို့ကို သိရခြင်းအားဖြင့် ကိုယ်လျှောက်လှမ်းနေသော လမ်းခရီး၌ (၀ါ) သာသနာတော်၌ ငါသည် အဘယ်မျှ ခရီးပေါက်၍ အဘယ်နေရာ၌ ခရီးထောက်နေသည်ဟု မိမိကိုယ်ကို မိမိ သိမြင်နိုင်ပေသည်။
ဗုဒ္ဓမြတ်စွာကလည်း= ဘိက္ခု ၀ိဿာသ မာပါဒိ၊ အပ္ပတ္တော အာသ၀က္ခယံ- အာသဝေါ တရားတွေ မကုန်ခမ်းသေးဘဲ ကြားဘွဲ့တို့ဖြင့် ရောင့်ရဲတင်းတိမ်မနေကြဘဲ အာသ၀က္ခယဘွဲ့ ရသည် အထိ ကြိုးစားကြပါဟု တိုက်တွန်းစကား မိန့်ကြားတော်မူခဲ့သည်။ ဆရာသမား မိန့်ကြားခဲ့သော ဒီသြ၀ါဒစကားတွေကို ပြန်လည်အမှတ်ရမိတော့ မိမိကိုယ်ကို ရှက်သလိုလို ခံစားမိလာသည်။ ပြီးတော့ မိမိတို့တတွေ မဖြစ်မနေ ယူရန်ကျန်နေသော ဘွဲ့များကိုလည်း အမှတ်ရလာမိသည်။ ဆရာသမားသည် တပည့်ဖြစ်သူ၏ လစ်လပ်နေသောကွက်လပ်ကို အမြဲတမ်းအမှတ်ရစေရန် ဖြည့်ပေးလိုက်ခြင်း ဖြစ်ပေ သည်။
လောင်စာကို အမှီရသော မီးသည် တဟုန်းဟုန်း တောက်လောင်၏။
အိုင်ကို အမှီရသောမြစ်သည် တသွင်သွင် စီးဆင်း၏။
နေကို အမှီရသော လောကသည် လင်း၏။
ဘုရားကို အမှီရသော ပုထုဇဉ်သည် အရိယာဖြစ်၏။
ဆရာကောင်းကို အမှီရသော တပည့်သည်
ထက်မြက်၏။ တော်၏။ တိုးတက်၏။
ဆရာ့ခြေရာကို နင်းနိုင်၏။
ထို့ကြောင့်ပင် ဗုဒ္ဓကိုယ်တော်တိုင် ဆရာကောင်းကို ရှာဖွေဖို့ အပူတပြင်း တိုက်တွန်း ခဲ့ခြင်းဖြစ် ပေလိမ့်မည်။ လောက၌ နေရာတိုင်းမှာ လိုအပ်နေတဲ့ ကွက်လပ်တွေ ဟာကွက်တွေဆိုတာ ရှိမြဲဓမ္မ တာဖြစ်သည်။
မီးလို မကျင့်နဲ့၊ ရေလိုကျင့်-တဲ့။ ဆိုရိုးစကားတစ်ခု ကြားဖူးသည်။ မီးသည် ပူလောင်သည်။ လောင်ကျွမ်းပြီဆိုလျှင်လဲ ဘယ်အရာမှ မတားဆီးနိုင်။ မရှောင်မကွင်း နီးစပ်ရာ အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။ ဒါကြောင့် မီးလိုမကျင့်နဲ့ဟု ဆိုခဲ့ခြင်းဖြစ်သည်။ ရေသည် မီးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အေးမြသည်။ စီးဆင်းရာတွင်လည်း လိုအပ်နေသော ချိုင့်ဝှမ်း စသော ကွက်လပ်များကို ဖြည့်ဆည်းလျက် တုံး တိုင်စသော ရှောင်သင့်သည်များကို ရှောင်ကွင်းကာ စီးဆင်း လေသည်။ ဒါကြောင့် ရေလိုကျင့်ဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပေသည်။ မိမိတို့တို့လဲ လောကကြီးရဲ့ ကွက်လပ် တွေကို ဘယ်လောက်ဖြည့်စွမ်းနိုင်ပြီလဲ။ လောကကြီးနဲ့ ပက်သက်ပြီးတော့ မီးလို ကျင့်နေတာလား၊ ရေလိုကျင့်နေတာလားဆိုတာ ပြန်လည်စဉ်းစားရမည်ဖြစ်သည်။ လောလောဆယ်တော့ မိမိမှာ လိုအပ် နေတဲ့ ကွက်လပ်တွေကို အရင်ဖြည့်နိုင်အောင် ကြိုးစားနေရဆဲဖြစ်သည်။

ဆုံးမသမျှ နားထောင်၊ ကျန်းမာအောင် သတိပြု၊
သိမှုအတွက် ကြိုးစား၊ ၀တ္တရား ကျေပြွန်စေ၊
ကွက်လပ်တွေ မရှိစေနဲ့-တဲ့။
ဘ၀နတ်ထံ စံလွန်တော်မူပြီး စစ်ကိုင်း သုဗောဓာရုံဆရာတော်ဘုရားကြီး၏ သြ၀ါဒစကား ကိုလဲ ပြန်လည်သတိရမိသည်။ ကွက်လပ်တွေ(ဟာကွက်တွေ) မရှိစေနဲ့ဟု ဆုံးမတော်မူခဲ့သည်။ လောကလူသားတိုင်းမှာ တာဝန်ဝတ္တရားတွေ ကိုယ်စီရှိကြသည်။ မိဘ၀တ္တရား၊ သားသမီးဝတ္တရား၊ ဆရာသမား ၀တ္တရား၊ တပည့်ဝတ္တရား စသည်ဖြင့်ပေါ့။ ၀တ္တရားတွေကို ကိုယ်ဆီကိုယ်ငှ ကျေပြွန်မှသာ ကွက်လပ်ဆိုတာ မရှိမှာဖြစ်သည်။ ဒါကြောင့် ဆရာက ကွက်လပ်ဖြည့်ပါဆိုပြီးတော့ နောက်ထပ်သြ၀ါဒ စကားတစ်ခွန်းကို ထပ်ဆင့် မိန့်ကြားခဲ့လေသည်။
ဘ၀မှာ ဆင်းရဲနေသလား။
ဝမ်းမနည်းပါနဲ့။ ချမ်းသာကိန်းရှိတယ်။ ကောင်းမှုသာလုပ်ပါ။
ချမ်းသာနေသလား။ မာန်မတက်ပါနဲ့။ စီးပွါးပျက်ကိန်းရှိတယ်။
ကိုယ့်သန္တာန်မှာ အကုသိုလ်တွေ ရှိနေသေးလို့ပါ။
လူဟာ အမြဲမကောင်းခဲ့လို့ အမြဲ မချမ်းသာဘူး။
အမြဲမဆိုးခဲ့လို့ အမြဲမဆင်းရဲဘူး။
မမြဲခဲ့တာ ကံကြမ္မာ။ မမြဲနိုင်တာ ခန္ဓာ။
တည်မြဲနိုင်တာ နိဗ္ဗာန်။ ၄င်းနိဗ္ဗာန်သည် သတိမြဲမှ တွေ့မယ့်တရားဖြစ်သည်။
သိုးတဲ့ထမင်းဟာ ပြန်မကောင်းနိုင်ပေမဲ့ ဆိုးတဲ့မင်းဟာ ပြန်ကောင်းနိုင်ပါသည်။
ပြင်ဘို့သာ သတိရဖို့ လိုအပ်ပါသည်။
ပစ္စုပ္ပန်ဆိုတာ အတိတ်မဟုတ်ဘူး။
ခု ကောင်းနေရင် သမိုင်းဆိုးဆိုတာ မရှိဘူး။
အချိန်ဆိုတာ ပြင်ဆင်ခွင့်တွေပါ။
ဒုက္ခရောက်ချိန်တွေ မဟုတ်ဘူး။
ဒုက္ခရောက်ရင်လဲ သံဝေဂရလိုက်ရုံပေါ့။
ဒုက္ခဆိုတာ အတိတ်ကံကို မရှောင်နိုင်ပေမဲ့ နောင်ရှောင်ကြဉ်နိုင်ဖို့ အချက်ပြ မီးကျည်ပါ။
ဒုက္ခကို သိမှ ဒုက္ခမှ လွတ်ချင်မယ်။
ဒုက္ခက လွတ်ချင်မှ ဒုက္ခလွတ်ကြောင်းကို ကျင့်မယ်။
ဒုက္ခဆိုတာ ဆင်းရဲလို့ အများက အဆိုးမြင်နေကြပေမဲ့ ပညာရှိသူတော်ကောင်းတွေကတော့ နိဗ္ဗာန် သွားသွားလို့ တွန်းလွှတ် နေတဲ့ တရားတဲ့။
ဗုဒ္ဓအဆူဆူ မိန့်တော်မူခဲ့တာက ဒုက္ခဟူ၍ ရှုကြ သိကြ-ဟူ၍ဖြစ်သည်။
သုခလို့ ရှုမိရင် လုကြလိမ့်မယ် သူရ ငါရ။
လုတာက တဏှာ။
ရတာက ခန္ဓာ။
လည်မှာက တစ်သံသရာ။
စံစရာမပြီး ကံကြမ္မာခရီး။
လိုအပ်မှုတွေ များစွာရှိရင် ဖြည့်စွက်မှုတွေ များစွာရှိရမယ်။
များစွာဆိုပေမဲ့ လိုအပ်တာက ကောင်းကျိုးတစ်ခုထဲပါ။
ဖြည့်စွက်ရမှာလဲ ကောင်းမှုတစ်ခုထဲပါ။
ဒါကြောင့် တစ်ခုဆိုတာ လိုတာကုသိုလ်ပါ။
အမျိုးမျိုးလိုတယ်လို့ အထင်မမှားလိုက်ပါနဲ့။
စစ်ရှုံးတယ်ဆိုပေမဲ့ မသေသေးရင် နိုင်အောင်ပြန်တိုက်နိုင်တယ်။
ကောင်းမှုပြုဖို့ စိတ်ဝင်စားသေးရင် (၀ါ) သဒ္ဓါတရား မသေသေးရင် ဆုံးရှုံးမှုတွေအားလုံး အလျော်ပြန်ရနိုင်ပါတယ်။
အကုသိုလ်ဆိုတာလဲ စိတ်ကလေးနဲ့ လုပ်ရတာ။
ကုသိုလ်ဆိုတာလဲ စိတ်ကလေးနဲ့ လုပ်ရုံပါဘဲ။ ဘာပင်ပန်းတာမှတ်လို့။
ခါချဉ်ကောင်ကို တောင်ထမ်းပြီး လမ်းလျောက်ကျင့်ခိုင်းသလောက် မခက်ပါဘူး။
သူ့အတွက်လို့ ထင်နေလို့ နစ်နာတယ် ထင်နေတာပါ။
ကိုယ့်အတွက်လို့ မြင်ရင်
သိန္ဓောမြင်း အရိုက်ရလွတ် ပြေးသလို
အခိုင်းရလွတ် လုပ်ကြမှာ မလွဲပါဘူး။

လူတစ်ယောက်မှာ ကံပိုင်းနှင့် ဉာဏ်ပိုင်းဆိုပြီးတော့ အပိုင်းနှစ်ပိုင်းရှိသည်။ ထိုနှစ်ပိုင်းအနက် ကံပိုင်းမှာလဲ ကွက်လပ်တွေရှိသည်။ ဉာဏ်ပိုင်းမှာလဲ ကွက်လပ်တွေရှိသည်။ ဒီကွက်လပ်တွေသည် မိမိတို့တတွေ နေ့စဉ် ဖြည့်ဆည်းရမဲ့ ကွက်လပ်တွေပဲဖြစ်သည်။ ဟာကွက်တွေပဲ ဖြစ်သည်။
          သံပုရာရည်ဖက်၍ အသံကောင်းသလော။ မေတ္တာအမှန်ဖက်၍ အသံကောင်းသလော။ လူမှာ အ၀တ်။ တောင်းမှာ အကွပ်။ မယုံရင် ချွတ်ကြည့်။ အ၀တ်ရှိမှ အဆင်းလှသည်။ အ၀တ်လှူမှ အဆင်း လှသည်။ အ၀တ်ကို လှူခြင်းသည် အဆင်းလှဖို့အတွက် လိုအပ်နေတဲ့ကွက်လပ်ကို ဖြည့်ဆည်းလိုက် ခြင်းဖြစ်သည်။ ယာဉ်မပါလျှင် သွားလာရာ၌ ခက်ခဲသည်။ ခြေလျင်သွားကြည့်မှ တကယ်ခက်ခဲမှန်း ပို သိသာသည်။
ဆင်းရဲမှန်းသိချင်ရင် ခြေလျင်သွား။
ဖိနပ်ချွတ်ထား။
ဖိနပ်စီးသွား ယာဉ်စီးသွား အသွား ချမ်းသာသည်။
ချမ်းသာတရား လှူလိုငြား ယာဉ်အား လှူရသည်။
လှည်း ယာဉ် ရထား၊ ဆိုင်ကယ် ကားနှင့် စီးသွားဖို့ရာ စရိတ်ပါ၊
တဖြာ ဖိနပ် ယာဉ်လှူမည်။
ချမ်းသာဖို့အတွက် လိုအပ်နေတဲ့ကွက်လပ်သည် ယာဉ်အလှူဒါနဖြစ်ပေသည်။
မျက်စိလဲပါ အမှောင်ထဲမှာ ဘာမှမမြင်ရာ။ အရောင်သာ မျက်စိ အလှူတည်း။ မျက်စိကောင်းဘို့အတွက် အလင်းရောင်ကို လှူဒါန်းခြင်းဖြင့် ကွက်လပ်ဖြည့်ပါဟု ဆိုလိုသည်။ ဤကား ကံပိုင်းဆိုင်ရာ ကွက်လပ်များကို ဖြည့်နည်းတစ်စိတ်တဒေသဖြစ်သည်။ မိမိ၏ဘ၀မှာ ကံပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုရင်တော့ မိမိမှာလဲ ဖြည့်စွက်စရာ ကွက်လပ်တွေ များစွာ ရှိနေသေးသည်ဟု သဘောပေါက်ပြီး ယင်းကွက်လပ်ကို ကောင်းမှုဖြင့် ပြည့်အောင်ဖြည့်ရန်မှ တစ်ပါး အခြားနည်းလမ်းရှိမည်မဟုတ်ပေ။
          ကံပိုင်းဆိုင်ရာမှာ လိုအပ်နေတဲ့ ကွက်လပ်တွေရှိသလို ဉာဏ်ပိုင်းဆိုင်ရာမှာလဲ လိုအပ်နေတဲ့ ကွက်လပ်တွေလဲ ရှိသည်။ မှောင်သွားရင် ဘာမှမမြင်ဟု အများက ဆိုကြသည်။ မှောင်သွားလို့ကို အမှောင်ကို မြင်နိုင်တာကိုတော့ သတိမမူဖြစ်တတ်သည်။ ကိလေသာအမှောင်ဖုံးရင် ဘာမှမမြင်တော့ ဘူးဟု အများက ဆိုကြပြန်သည်။ အမှန်တော့ ကိလေသာကိုတော့ မြင်နိုင်ပါသေးသည်။ မျက်စိဆိုတာ မြင်တဲ့ အလုပ်ကို လုပ်သလို ဉာဏ်ဆိုတာလဲ မြင်တဲ့အလုပ်ကိုဘဲ လုပ်ပါသည်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာ က- ယဒါ ပညာယ ပဿတိ-ဟု ဟောခဲ့ခြင်းဖြစ်ပါသည်။ ပညာယ န ပဿတိ-ဟု ဘယ်ဘုရားမှ မဟောခဲ့ပေ။ စောင်ခြုံထားတဲ့လူကို မမြင်နိုင်ပေမဲ့ လူကို ခြုံထားတဲ့စောင်ကို မြင်နိုင်သလိုပဲ ဖြစ်ပါ သည်။ ကြည့်သမျှ မြင်သည်။ မြင်နေသမျှ မကန်းပါ။ ဤကား ကြည့်ခြင်းဖြင့် အကန်းဆိုတဲ့ ကွက်လပ်ကို ဖြည့်ခြင်း ဖြစ်ပါသည်။ ရေကို ယုံတယ်ဆိုတာ တိမ်တယ် နက်တယ်လို့ ယုံတာမဟုတ်။ ကူးရင် ဟိုဘက်ကမ်းဆိုတာရှိတယ်လို့ ယုံခြင်းဖြစ်သည်။ ထို့အတူပင် ခန္ဓာကို ယုံတယ်ဆိုတာလဲ အို နာ သေလို့ ယုံခြင်းမဟုတ်။ ရှုသူအတွက် ခန္ဓာချုပ်ရာ နိဗ္ဗာန်ဆိုတာ တကယ်ရှိတယ်လို့ ယုံတာကို ဆိုလိုခြင်းဖြစ်သည်။ နိဗ္ဗာန် ဆိုတာ မရောက်ဖူးသူအတွက် ကွက်လပ်ဖြစ်နေပေမဲ့ ခန္ဓာကို ရှုသူအတွက် ရှုခြင်းဖြင့် ကွက်လပ်ဆိုတာ မရှိ။ ပြည့်လေပြီ။ ကမ္ဘာမြေကြီး ကျယ်တယ်ဆိုပေမဲ့ ပင်လယ်ကမ်းစပ် ထက် ပိုကျယ်လို့ မရသလို ပင်လယ်ကြီး ကျယ်တယ်ဆိုပေမဲ့လဲ ကမ္ဘာမြေစပ်ထက် ပိုကျယ်လို့ မရပေ။ ကောင်းကင်ကျယ်တာကမှ ကမ္ဘာမြေပြင်ကော ပင်လယ်ရေပြင်ကော လွှမ်းခြုံပြီးတော့ ကျယ်သည်။ ထို့အတူပါပင် တဏှာ ကျယ်တယ်ဆိုတာက အာရုံခြောက်ပါးလောက်သာ ကျယ်နိုင်သည်။ နိဗ္ဗာန်အထိ လိုက်မကျယ်နိုင်ပါ။ ပညာကျယ်တာကမှ တစ်လောကလုံးကိုလဲ ဒုက္ခ၊ သမုဒယလို့ လိုက်မြင်နိုင်သည်။ လောကချုပ်ရာကိုလဲ နိရောဓလို့ လိုက်မြင်နိုင်သည်။ ပညာဆိုတာက မဂ္ဂသစ္စာပင်ဖြစ်သည်။ ကျဉ်းမြောင်းတဲ့အမြင်ကွက်လပ်ကို ပညာဖြင့် ဖြည့်လိုက်ခြင်းပင်ဖြစ်တော့သည်။
နိဗ္ဗာန်ကို မမြင်တာ ငါ မစင်လို့ဖြစ်သည်။
ငါ မစင်တာ ခန္ဓာမမြင်လို့ဖြစ်သည်။
ခန္ဓာမမြင်တာ တရားမနာလို့ဖြစ်သည်။
တရားမနာတာ ဆရာမရှာလို့ဖြစ်သည်။
ဆရာမရှာတာ မာနကြီးနေလို့ဖြစ်သည်။
          ကိုယ့်ဘ၀မှာ ဟာကွက်ဖြစ်နေတဲ့ နိဗ္ဗာန်ကို လိုချင်လျှင် မာန်မာနကိုလျော့၍ ဆရာကို ရှာရ မည်။ ဆရာကို ရှာခြင်းသည် နိဗ္ဗာန်ဆိုတဲ့ဟာကွက်ကို ဖြည့်စွက်ခြင်းပင်ဖြစ်သည်။ သန္ဓေလွယ်မွေးမဲ့ မိခင်မရှိပဲ သားမမွေးနိုင်သလို၊ ဆရာမရှိပဲ သောတာပန်တပည့်မဖြစ်နိုင်။ ထိုဟာကွက်ကို ကိုယ်တိုင် ဖြည့်လို့မရ။ ဆရာဖြည့်မှ ပြည့်နိုင်သည်။ မိမိမဖြစ်နိုင်တဲ့ ကွက်လပ်က သောတာပန်။ ထိုကွက်လပ်၌ ဆရာကို ရှာ၍ ဖြည့်ရမည်ဖြစ်သည်။ ဤသို့ ဉာဏ်ပိုင်းဆိုင်ရာ ဟာကွက်များကိုလည်း ဖြည့်နည်းများ နှင့်တကွ ဆရာသည် မိန့်ဆိုခဲ့လေသည်။
ဆရာ၏သြ၀ါဒစကားတွေကို ကြားရတော့ ငါ့မှာ ဟာကွက်(ကွက်လပ်)တွေက များလှချည် လားဟု သိမြင်လာရသည်။ တဆက်တည်းဆိုသလိုပင် ဘောလုံးပွဲကို သတိရမိသည်။ အခြား ပြိုင် ဘက်အသင်း၏ ဟာကွက်ကွက်လပ်တွေကို မြင်မှသာလျှင် အဲဒီအသင်းကို မိမိတို့ အနိုင်ရဖို့ လွယ်ကူ လိမ့်မည်။ ထို့အတူ မိမိအသင်း၏ ရှေ့ နောက် လယ် အသီးသီးမှာရှိတဲ့ ဟာကွက်တွေကို သိရှိလျက် ပြင်ဆင်နိုင်မှသာလျှင် ပြိုင်ဘက်အသင်း၏ အနိုင်ယူမှုကို မခံရမှာဖြစ်သည်။ ပြိုင်ဘက်အသင်းကို အနိုင်ယူနိုင်မှာ ဖြစ်သည်။ ဘ၀သည် ဘောလုံးအသင်းတစ်သင်းဆိုလျှင် မိမိဘ၀၏ ရှေ့နောက်လယ် (၀ါ) ကံသုံးပါး (၀ါ) ကံပိုင်းနှင့်ဉာဏ်ပိုင်းအားလုံးတို့၌ ဟာကွက်(ကွက်လပ်)တွေ မရှိအောင် ဖြည့် ဆည်းထားရမည်ဖြစ်သည်။ ဒီလိုမှမဟုတ်ရင်တော့ ရှုံးပြီးရင်းရှုံးနေတဲ့ ဘောလုံးအသင်းလို  အမြဲတမ်း ရှုံးနေသော ဘ၀ပိုင်ရှင်သာဖြစ်နေပေလိမ့်မည်။ စာမေးပွဲ၌ ကွက်လပ်ဖြည့်ပါဟူသော မေးခွန်းကို ကွက်လပ်မဖြည့်ပဲ ထားခဲ့ပါက စာမေးပွဲကျရုံကလွဲ၍ ကြီးမားသော ဆုံးရှုံးမှုမဖြစ်နိုင်သော်လည်း (စာမေးပွဲ ကျပါက နောက်တစ်ခါ ပြန်ဖြေဆိုခွင့်ရှိသေးသည်) ဘ၀မှာ ဟာနေတဲ့ ကွက်လပ်တွေကို မဖြည့်ဆည်းပဲ ထားမယ်ဆိုရင်တော့ ရရှိလာမဲ့ ဆိုးကျိုးသည် တစ်ဘ၀လုံးစာအတွက်လဲ ဖြစ်သွားနိုင် သည်။ တစ်သံသရာလုံးစာအတွက်လည်း ဖြစ်သွားနိုင်သည်။
          ကိုယ်စီကိုယ်စီ ဟာကွက်တွေ ကွက်လပ်တွေ ရှိကြပါသည်။ ကိုယ့်ရဲ့ လစ်လပ်နေတဲ့ ဟာကွက် ကွက်လပ်တွေကို ကိုယ်သာအသိဆုံးဖြစ်ပါလိမ့်မည်။ သတိမရှိလို့ မသိခဲ့ရင်တောင်မှ သတိနဲ့ကြည့်၍ သိ အောင်လုပ်ရမည်ဖြစ်သည်။ ကွက်လပ်တွေကို သိပြီးရင်တော့ ကွက်လပ်တွေ မရှိအောင် ကြိုးစားအား ထုတ်ရမည်ဖြစ်ပေသည်။
                  
                        ကွက်လပ်များ ဖြည့်နိုင်ကြပါစေ။
                                               

မိုးဆောင်းနွေ (သန်လျင်)

                                                                                     
         
         









0 comments:

Post a Comment