မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

သူတောင်းစားသိက္ခာ

on Wednesday, February 1, 2012

 သူတောင်းစားသိက္ခာ


          " ဟူး.. ခက်ပါ့ကွာ ၊ ဒီလောကမှာ သူတောင်းစားတွေကို ရှောင်မလွတ်ပါလား။
          'မင်းကလဲ အရင်းအရှိ အဖျားမရှိ နဲ့ ဘာတွေ ဖြစ်နေတာလဲကွာ။ '
        ကျွန်တော်တို့ သူငယ်ချင်းတစ်စု ရေနွေးကြမ်းဝိုင်းဖွဲ့နေရာသို့ ကိုမိုးတစ်ယောက် ငြီးငြူပြီးဝင်လာသဖြင့် ကိုမော်ကြီးက မေးလိုက်ခြင်းဖြစ်ပါ၏။
         ငါ့အစ်ကို မြို့ထဲမှာ ခြံဝယ်ထားတာဟေ့ ၊ အဲဒါ ငါ လိုက်လုပ်ပေးနေရတာ အစ်ကိုက တရားသဖြင့် သူရထားတဲ့ ငွေကြေး နဲ့ ခြံကို တန်ရာတန်ကြေး ပေးဝယ်တယ်။ အဲဒါ တကယ်အရောင်းအဝယ်ဖြစ်တဲ့ ဈေးအ တိုင်း ဖေါ်ပြပြီးကျသင့်အခွန်ဆောင်ပါမယ်ပြောတာ ၊ မောင်မင်းကြီးသား အခွန်မှူးက သူ့ကို သိန်း ၂၀ ပေးရ မယ် ။ အားလုံး အပြီးအစီးလုပ်ပေးမယ်ပြောတယ် ။ အစ်ကိုက မဟုတ်ဘူး ။ သူ့အနေနဲ့ ကျသင့်သ လောက် အမှန်အကန်ပဲဆောင် ပါ့မယ် ၊ အမှန်အတိုင်းသာလုပ်ပေးပါလို့ ပြောတာကို အဲလိုပြောရပါ့မလား ဆိုပြီး ဟိန်း ဟောက် ပညာပြနေတာဟေ့......... နောက်ဆုံး ဘယ်လိုမှ မဖြစ်တော့ တာနဲ့ သူတောင်းတဲ့ သိန်း ၂၀ ပေး လိုက်မှ လိုအပ်တဲ့ စာရွက်စာတမ်းချက်ချင်းလုပ်ပေးလိုက်တာ။ ပြီးတော့ ကျုပ်တို့က ခင်ဗျားရဲ့ ငွေလောက်ကို ဂရုမစိုက်ဘူး အားလုံးအဆင်ပြေအောင် စေတနာနဲ့ ကြားကနေ တာဝန်ယူလုပ်ပေးတာ နားလည်လားဆိုပီး ပြောလိုက်သေးတယ် ။ တကယ့်သူတောင်းစားအကြီးစားတွေကွ ။ ငွေလည်းပေးရသေး ၊ စိတ်ဆင်းရဲရတယ် ။ အတော်ခံပြင်းဖို့ ကောင်းတယ် ။
     အေးမင်းပြောတာ မှန်သကွ ၊ ငါလည်းတလောက ကုန်ကား နဲ့ နယ်စပ်ဘက်သွားတာ ဂိတ်က ငနဲတွေက အထက်က ကျွန်တော်တို့ကို ကားတွေကို သေချာစေ့စေ့စပ်စပ် ရှာခိုင်းထားတယ်။ အဲဒီတော့ ကုန်အားလုံးချ ပီး ရှာမယ်၊ ကုန်အားလုံး ချအရှာခံချင်ရင် တစ်သိန်းပေးရမယ်ဆိုလို့ မနည်းတောင်းပန်ပီး ငါးသောင်း နဲ့ ညှိခဲ့ ရတယ်၊ ငါတို့ ဆယ်ဘီးကားတွေက ကုန်ကို တစချင်းစီချရှာရင် ကုန်တင်ကုန်ချခနဲ့တင် မွဲသွားမယ် ၊ ဒီကြား ထဲ ပုစွန် ၊ ဂဏန်းပို့တဲ့ကား  ကြက်သွန် ဖရဲသီး ပို့တဲ့ကားမျိုးဆို အချိန်ပုပ်တာနဲ့အမျှ ဟိုဘက်ရောက်ရင် အပုပ်တွေ အပျက်အစီးတွေ များပီး သိန်းချီရှုံးမှာ ဒီထက်ကံဆိုးရင် အားလုံးကိုလမ်းဘေး သွန်ပစ်ခဲ့ရပီး စီးပွားပျက်သွားနိုင်တယ် ။ဒီတော့ကိုယ့်ဖက်က တရားမဝင်ပစ္စည်း ဘာမှ မပါပေမယ့် အချိန်လုပီး စီးပွား ရှာရ တာမို့ သူတို့ညစ်သမျှ သိသိကြီးနဲ့ အောင့်သက်သက်ပေးပြီး ကို့လမ်းကြောင်းချောအောင် ကြံဖန်စီစဉ်ရ တော့တာ ။ ဒီကောင်တွေကမှ လူထုအားနည်းချက် အညှာကိုင်ပြီး အနိုင်ကျင့်ငွေညှစ်တဲ့ တကယ့်သူတောင်း စားကွ ။
     
        ကိုမော်ကြီး ပြောတာ မှန်သည်။ ကိုယ်က ဘယ်လိုပင်ဖြူစင်ရိုးသားစွာ လုပ်ကိုင်ဆောင်ရွက်သည့်တိုင် သည်လို ဂိတ်မျိုးမှ ဝန်ထမ်းဆိုး ဝန်ထမ်းညစ်များ တာဝန်ကျနေသည် နှင့် ကြုံပြီး အညှစ်ခံရလျှင် ဘာမျှ စော ဒက တက်မနေနိုင် ။ အထက်က အရေးယူမယူ မသေချာသော်လည်း မိမိတို့ ပါလာသည့် ကုန်စည်များ ရည် မှန်းရာသို့ အချိန်မှီမရောက်ဘဲ ဆုံးရှုံးသွားမည်ဆိုခြင်းမှာမူ အလွန်သေချာနေရကား ရွေးချယ်စရာ လမ်းမရှိ တော့ဘဲ ထိုဝန်ထမ်းဆိုးများ အလိုကျ တောင်းသမျှငွေကိုပေးပြီး ကိုယ့်ခရီး ကိုယ်ဆက်ကြရသည်မှာ ထုံးစံ သဖွယ်ဖြစ်နေလေပြီ။ ဤဖြစ်စဉ်မျိုးကြောင့် အတိုင်ခံရ၍ ပြုတ်သူ ပြုတ်။ ထောင်ကျသူကျ ဖြစ်ခဲ့ဖူးသည်မှာ လည်း ရေတွက်မရနိုင်တော့ ၊ သို့သော် သည်နေရာရောက်သည်နှင့် အတတ်နိုင်ဆုံး အပွကြံမည် ဆိုသည့် ရိုးသားမှူရောင်းစားသော ဝန်ထမ်းများအကြား ရေများရေနိုင်ဖြစ်သွား ဟန် ရှိသည် ။
    မော်ကြီးပြောတာလည်း ဟုတ်တာပဲ၊ အေးကွာ ကိုမိုးငြီးသလိုပဲ သွားလေရာ ဒီသူတောင်းစားတွေနဲ့ တွေ့နေရတယ်ဆိုတာလည်း မှန်တာပဲ ။ ငါလဲ ခံစားထားရတာရှိတယ် ။ ငါ့မိဘတွေ ဆွေစဉ်မျိုးဆက် ဒို့မြို့မှာ နေလာတာကြာပြီ နှစ်ပေါင်း ကိုးဆယ် ၊ တစ်ရာ အသာလေးရှိရော့မယ်၊ ငါ့ဆွေမျိုးမိဘတွေထဲမှာ အသား မည်း ၊ အသားဝါ ဘယ်လူမျိုးမှ သွေးမနှောဘူး ၊တိုင်းရင်းသားစစ်စစ်တွေ ၊ ဒါကို တမြို့လုံးတနယ်လုံးက သိတယ် ။ အဲဒါကွာ မနှစ်က ရေကြီးလို့ မှတ်ပုံတင်တွေ ပျောက်သူပျောက် ၊ ပျက်သူ ပျက်ဖြစ်တယ်။ ဒါ့အပြင် ၁၈ နှစ်ပြည့် ငါ့တူက ဆယ်တန်းအောင်ပြီး စစ်တက္ကသိုလ်လျောက်ချင်လို့ မှတ်ပုံတင်လုပ်တယ် ။ လိုအပ်တဲ့ ထောက်ခံချက် စာရွက်စာတမ်းတွေ အစုံပါတာတောင် အဲဒါကို အညှာကိုင်ပီးလုပ်မပေးဘူး ။ မှတ်ပုံတင်တစ်စောင်အတွက် ငါးသောင်းတောင်းတယ်။အဲဒါပေးမှလုပ်ပေးတယ်။ ဒီတော့ အထက်က ဘယ်လို ပြင်နေတယ်ပြောပြော အောက်ခြေမှာ အကျင့်မပြင်သမျှ လူထုက သူတို့ကို ဘယ်လိုမှ အမြင်မှာ ကြည်လာမှာမဟုတ်ဘူး ။ လူတိုင်းဟာ ဋ္ဌာနဆိုင်ရာနဲ့ ဆက်ဆံဖို့ ဝန်လေးနေကြတယ်။ တိုင်လဲ မထူးဘူးလို့ ထင်သွားကြတော့တာ။
    ကဲပါကွာ ဒီလောက်လဲ မခံစားပါနဲ့ ဒါခေတ်ရေစီးကွ မင်းတစ်ယောက်တည်း တားစီးလို့မရဘူး ။ အားလုံး ပျက်နေတဲ့ အထဲမှာ မိုးခါးရေမသောက်ရင် မင်းလည်းရူးမှာပဲ ။
     ဟာ ဒီလိုတော့ ဝါးလုံးရှည်နဲ့ မသိမ်းနဲ့လေ ။ တို့က အခွန်ထမ်းပြည်သူတွေ ဖြစ်တယ် ။ ဝန်ထမ်းဆိုတာ ပြည်သူရဲ့ အကျိုးသယ်ပိုးရမယ့်တာဝန်ရှိသူဖြစ်တယ်။ သူတို့ဟာငါတို့ တိုင်းပြည် အခွန်ကိုစားနေကြ သူတွေ ဖြစ်တယ်။ ဒီတော့ ဒီဝန်ထမ်းတွေ အကျင့်မှန်။ စရိုက်မှန်ဖို့ တို့တတွေကလည်း အတတ်နိုင်ဆုံး ပဲ့ပြင်သွန်သင် ပေးရမယ် ။ သူတို့တတွေ လမ်းကြောင်းမှန်ပေါ်ရောက်အောင်ကြိုးစားကြရမယ်။ လမ်းမှန်ပေါ်ရောက်ခြင်း မရောက်ခြင်း ဆိုတာကတော့ ကုသိုလ်ကံပေါ့ကွာ ။ ငါ့သဘောအရ သီလထိန်းဖို့ သန္နိဋ္ဌာန်ချထားပြီး သူအဖို့ မိုးခါးရေဆိုတာ ပုံပြင်ထဲမှာပဲ ရှိတယ်လို့ သဘောပိုက်ပြီး လစ်လျူရှူထားရမှာပဲ ။ ကိုယ်ကတော့ ကိုယ့် အမြင်အတိုင်း ကိုယ့်လမ်းကိုယ် မဖဲ့မစောင်း သွားနေရမှာပဲ ။
  အေးပါ ကိုမိုးရယ် မင်းရဲ့ မွန်မြတ်တဲ့ စိတ်ကို ငါ လေးစားပါတယ် ။ ငါက ဝန်းကျင်မှာ ဖြစ်နေတာကို ခြုံငုံ ပြောတဲ့သဘောပါ ။ တလောက ငါ့မိဘများနေတဲ့ ပါရမီဘက်က အိမ်မှာ မီးအားဆောင့်တက်တာ ဖြူ့စ် ( Fuse )က မပြတ်ပဲ မီးအားတိုက်ရိုက်ဝင်သွားလို့ မီတာ Box လောင်သွားတယ် ။ ငါလဲဖြစ်ဖြစ်ချင်း သက်ဆိုင် ရာဆီ သွားပြီး အကြောင်းအကျိုးပြောပြ သတင်းပို့တယ်။ အဲဒီကိစ္စ မီတာလဲဖို့လုပ်ရတာ သုံးသိန်းလောက် ကုန်သွားတယ် ။ အှန်တော့ သူတို့ တပ်ထား တဲ့ ( Fuse ) တွေက မီးအားတွေမြင့်တက်လာချိန်မှာ အလို အလျောက်မီးမဖြတ်ဘဲ အိမ်ထဲကို မီးအားတိုက်ရိုက်ဆောင့်ဝင်တော့ ပစ္စည်းလောင်တာတွေတို့ ပျက်စီးတာ တွေတို့ဖြစ်တာပေါ့။ အဲဒါကို အိမ်ရှင်ကြောင့် ပဲ ဖြစ်သလို သူတို့မှာ လုံးဝ တာဝန် မရှိသလို ပုံချတော့တာပဲ ။ ဒီကြားထဲ  ငါတို့ ရပ်ကွက်ထဲ မီတာပုံးတွေကို လာစစ်ပြီး မီတာခကျတော့ ခါတိုင်း နှစ်သောင်း ၊ သုံးသောင်း ကျရာကနေ ရှစ်ထောင် ၊ တစ်သောင်း ဖြစ်သွားလို့ ဆိုပီး ဒဏ်ရိုက်သေးတယ် ။ မီတာပုံးကို သူတို့ ဖာသာ ဖြုတ်  ၊ သူတို့ ရုံးကိုယူသွားပြီး စစ်ဆေးချက်အရ လက်ရာပျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒဏ်ငွေသိန်းချီ ဆောင်ရတယ် ၊ ဒဏ်ကြေးက သူတို့ ပါးစပ်ထဲမှာတင်ဖြစ်နေတာ ။
    ပြီးတော့ မီတာခဆိုတာ ကြမ်းခင်းဈေးသတ်မှတ်ထားလို့ရတဲ့ အရာအဟုတ်ဘူးလေ လျှပ်စစ်ဓါတ်အားကို တသမတ်ထဲ သုံးချင်မှ သုံးမှာပေါ့ နွေမှာလေအေးစက်သုံးတယ် ။ ပန်ကာသုံးတယ် ဆိုပေမယ့် ဆောင်းရာသီ မှာတော့ အဲဒီပစ္စည်းတွေမသုံးတော့ မီတာ အသုံးလျော့သွားတာကို မစဉ်းစားဘူး ။ ဒီကြားထဲ မီးက ပုံမှန်လာ တာမဟုတ်ဘူး ။ ခဏခဏဖြတ် ၊ ခဏခဏ ပျက်နဲ့ ဒါကို လည်းထည့်မတွက် ၊ မီတာခသက်သာသွားတာကို မီတာခိုးလို့ပဲဆိုပြီး ဝိုင်းကြီးချုပ်လုပ်တာ ၊ ရိုးသား ပြီါ် အပြစ်မဲ့သူတွေကို အတော်ထိခိုက်စေတယ် ၊ ပိုဆိုး တာက တနေ့ကပဲ လွန်ခဲ့တဲ့ ငါးနှစ်စာအတွက် မီတာခ ဆယ်နှစ်သိန်းကျော်ဆောင်ရမယ်ဆိုပြီး သတိပေးစာ လာပို့တယ် ။ အဲဒါနဲ့ ငါက ခင်ဗျားတို့ဟာ မဟုတ်သေးပါဘူး ။ မီတာခဆိုတာ လစဉ်ငွေရှင်းရတာ ၊ သတ်မှတ် ရက်အတွင်း မီတာမဆောင်ရင် ခင်ဗျားတို့ပဲ မီးဖြတ်ပစ်တာပဲ ။ ငါးနှစ်စာမီတာခမဆောင်ခဲ့ဘူးဆိုရင် ဘာလို့ ဒီအိမ်ကို အခုထိမီးဆက်ပေးတာလဲ ၊ ဘာဖြစ်လို့ ဒီကြားထဲမှာ သတိပေးလွှာ ၊ ငွေတောင်းခံလွှာ မပို့ပေးတာ တွေ မရှိခဲ့တာလဲဆိုပြီးပြောတော့ ဒါစီမံချက် ၊ မဆောင်ရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တယ် ၊ ဒါနဲ့ တအိမ်လုံး အဖေက မီတာခ ပြေစာစာရွက်တွေစနစ်တကျသိမ်းထားလို့ အားလုံးပြန်တွေ့တယ် ။ ဒါနဲ့ မီတာရုံးသွားပြီး ပြေစာတွေပြပီး မီတာခဆောင်ထား ပြီးကြောင်း ပြောတော့ တာဝန်ရှိသူက ဆောရီး ( Sorry) တဲ့ ။ ကျွန်တော်က ဒီကိစ္စကို မကျေနပ်ဘူး ။ အထက်ကိုတိုင်မယ်ပြောတော့ သူတို့ ဝန်ထမ်းတွေ ဒုက္ခရောက်သွားပါမယ် ဒီတစ်ကြိမ်တော့ သီးခံခွင့်လွှတ်ပေးပါဆိုပြီးပြောတယ် ။ ဒါဟာပြည်သူ့ဝန်ထမ်းတစ်ဦးရဲ့ လုပ်ရပ်မဟုတ်ဘူး ။ သူတို့ Black date နဲ့ ကောက်ခံတယ်ဆိုတဲ့ ဒီအခွန်အခ တွေဟာ နိုင်ငံတော်အိတ်ထဲ ရောက်မှာ မဟုတ်ဘူး ဒါသူတို့အတွက် တမင်အကွက်ဖန်ပြီး ဆောင်ရွက်နေ တာပဲဖြစ်မယ် လို့ ငါထင်တယ် ဟ ဗေဒါရ။ ဒီသူတောင်းစား ဇါတ်လမ်းက ဋ္ဌာနဆိုင်ရာ သာမကဘူး ကွ ပုဂ္ဂလိကလည်း ဒီအတိုင်းပဲ ။ တနေ့က ခရီးသွားရင်း ငါ့ကားဆီနည်းနေလို့ ပုဂ္ဂလိက ဆီဆိုင်မှာ ဝင်ဖြည့်တယ် ၊ အမလေးးး.....ဆိုင်းဘုတ်ကြီးတွေ ပြူးတူးပြဲတဲ နဲ့ ဓါတ်ဆီဈေး ဘယ်လောက်ဒီဇယ်ဈေး ဘယ်လောက် နဲ့ မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ပါသည်တဲ့။ ရေးထားလိုက်တာများ အားရစရာကွာ။ ဒါနဲ့ ငါက ဓါတ်ဆီ နှစ်ဂါလန်ထည့်ပေးဖို့ ပြောတော့ စမတ်ကတ်လားဆိုလား စာအုပ်ဆိုလား မပါလို့ ရောင်းမပေးဘူး တဲ့ ။ ကဲ အဲဒါ လွတ်လပ်စွာ ရောင်းချ ပေးတာတဲ့လား ။ အဲဒါ လူထုကို သက်သက်ကလိန်ကျထားတာကွ။ ဒီဆိုင်တွေက အပြင်ဈေးတက်ရင် သူတို့လည်းဈေးလိုက်တက်တယ် ။ လိုသလောက်ရောင်းမပေးဘူး ။ အရင်အစိုးရဝန်ထမ်းတွေလိုပဲ ဆိုင်ကငနဲတွေ က အပြင် ကိုဆီခိုးထုတ်တယ်။ ဒီကြားထဲ လွတ်လပ်စွာ ရောင်းပေးသလို စာကပ်ပြီး လူထုကို ဗြောင်လိမ်တယ်။ အပြင်ဈေးတက်တိုင်းဈေးတင်ရောင်းတာကတော့ လမ်းဘေးတွေ တသက်လုံးလုပ်လာတဲ့နည်း ၊ အဲဒီလို ကြိုက်သလို ဈေးကစားပီး ရောင်းဝယ်ဖို့ ဆိုတာမျိုးကို လုပ်ငန်းရှင်အမည်ခံထားသူတွေ မလုပ်အပ်ဘူး ။ လူထုကတော့ မျက်လှည့်ပြခံရပြီး ခံရမြဲအတိုင်း ခံနေရတာ ပဲ ၊ ဒီတော့ ဒီလို လူမျိုးတွေကိုလည်း ခေတ်သစ်သူတောင်းစားတွေလို့ ပြောရလိမ့်မယ်။ အရှိန်ရလာလို့ တဆက်တည်းပြောရဦးမယ်။ ဟိုမြို့ကြီးတစ်မြို့မှာ ဈေးအိမ်သာတွေ ကန်ထရိုက်ပေးထားတယ် ။ အိမ်သာတခါတက် ၁၀၀ ကျပ်ပေးရတယ်။ ငွေသာအငမ်းမရကောက်တာ အိမ်သာ က အညစ်အကြေးတွေ ပေနေတယ်။ တခါတခါရေမရှိဘူး စက္ကူချမပေးဘူး ဒီတော့ ဒါတွေဟာ လူထုကို အနိုင်ကျင့်နေကြတာပဲ မဟုတ်ဘူးလားကွာ ။ ကို့ အပိုင်းက ဖြည့်ဆည်းရမယ့်ဟာတွေ ဘာမှ မလုပ်ပေးဘဲ ကျသင့်ငွေထက်ပိုပြီး လူထုဆီက ငွေယူနေကြတယ် ။
    မော်ကြီးက ကားသမားဆိုတော့ နယ်စုံအခြေအနေ ကိုသိတာပေါ့ ။ မင်းပြောတာတွေ ဟာ အမှန်တွေပါ ပဲဗျာ ။ ငါ့ဇာတိမြို့မှာ တို့မြို့ နဲ့ တဖက်ကမ်းကရွာ ကိုကူးတို့ နဲ့ကူးရတယ်။ မြစ်ဖျားဘက်ဆိုတော့ နွေဆို မြစ်က ခပ်ကျဉ်းကျဉ်းပါ ။ မိုးတွင်းမှာပဲ မြစ်ပြင်ကျယ်တာ ၊ရွာကလူထု က ဈေးရောင်းဈေးဝယ်ဆေးရုံဆေးခန်းပြတာ ၊ ပညာရေးအတွက် ကျောင်းတက်တာကအစ မြို့ကို ဥဒဟို လာနေရတော့ ည ၉နာရီ ၁၀နာရီ ထိ တနေ့လုံး အကူးအလူးမပြတ်စတမ်းရှိတယ်. အဲဒါကြောင့် ကူးတို့ခ ကို အစဉ်အဆက် လူထုအတွက် ဖြစ်သင့်တဲ့ နှုန်း ၊ လုထုတတ်နိုင်တဲ့ နှုန်းပဲသတ်မှတ်ပေးထားတာ ။ ဒါတောင်ကူးတို့ခက ငါးကျပ်ကနေ တက်လာတာ ငါးဆယ် ကျပ်အထိဖြစ်လာတယ် ...... ဟော မနှစ်က ကူးတို့လေလံပစ်တော့ လုပ်နေကျဒေသခံလူလက်ထဲကနေ တစိမ်းလူကို လေလံပေးလိုက်တယ် ၊ အဲဒီလူက လေလံ လည်းရရော ငါးဆယ်တန်ကူးတို့ ကူးခ ကနေ ငါးရာ ချက်ချင်း တိုးမြှင့်ကောက်တယ် ။ ပြီးတော့ ကျန်တဲ့လူတွေကို လှေသမ္ဗာန်တောင်ကူးခွင့်မပေးပဲ ကူးတို့နဲ့ မကူးရင် ဖမ်းတယ်။ လူထုက ခါးစည်းခံနေရတာပေါ့ ။ အဲဒါ နယ်ခံလွှတ်တော်ကိုယ်စားလှယ်က သက်ဆိုင်ရာ ဋ္ဌာနကိုပြောပြီး အတန်တဆငွေကောက်တာကိုအရေးယူပေးပါ ၊ တင်ဒါစည်းကမ်းအတိုင်းသာ ငွေကောက် ခိုင်းပါဆိုမှ ကူးတို့ ခ ကို နှစ်ရာကျပ်ဆိုတာတောင် တကယ်တော့ အတော်များသေးတယ် ။ တို့ဒေသ အခြေ အနေ မြစ်ကြောင်းရဲ့ အနေအထားအရ အလွန်ဆုံး တစ်ရာလောက်ပဲ သင့်တာ ဒီလူတွေ ဒီတော့စီးပွားရေး သမား ဆိုတဲ့ လုပ်ပုံ ဘယ်လောက်မိုက်ရိုင်းသလဲ ဒါကို ဒီလူက တို့ ဋ္ဌာန အတွက်အခွန်ပေးနေတာပဲ မတရား မှုမှန်းသိပါလျက်နဲ့ တာဝန်ရှိသူတွေက လက်ပိုက်ကြည့်မနေဖို့မသင့်ဘူး ။ ဒါဟာ လူထုကို အဓမ္မနည်းနဲ့ လှည့်ပတ်တောင်းစားနေတဲ့ ခပ်ယုတ်ယုတ် သူတောင်းစားလုပ်ရပ်ဖြစ်တယ် ။
     မင်းတို့ ပြောတာတွေ အားလုံးမှန်ပါတယ် ။ ဒါပေမယ့် တို့တတွေက ခလုတ်ထိမှ အမိတကြတာ ၊ ကိုယ်ခံ ရရင် ပြောမဆုံးဘူး ။ ကိုယ်လည်းကိုယ့်ခွင်ထဲရောက်ရင် မညှာမတာ အပြတ်အုပ်တာပဲ မဟုတ်လား ။ အဲဒီ အခါမှာ ငါ့လုပ်ရပ်ကြောင့် အပြစ်မဲ့ ပြည်သူတွေ တဖက်လူတွေ ဘယ်လို ခံစားနေရမယ်ဆိုတာ ဘယ်သူမှ မစဉ်းစားတော့ဘူး ။ သူများအဖြစ်ချည်းပဲ ပြောမနေဘဲ ကိုယ့်ကိုကိုယ် ဆင်ခြင်ပြုပြင်ဖို့ လည်းလိုတယ် ၊ အခု မင်းတို့ ပြောတဲ့ သူတောင်းစားစာရင်း ကိုချုပ်ကြည့်လိုက်တော့ ပြည်သူ့ ဝန်ထမ်းတွေသာမကဘူး ။ ပုဂ္ဂလိက ဝန်ထမ်း ၊ ကုမ္ပဏီဝန်ထမ်း ရိုးရိုးအရပ်သား အားလုံးထဲမှာ သူတောင်းစားတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှင်သန်နေ ကြတယ် ။ အဲဒါကို တာဝန်ရှိသူအားလုံးက တာဝန်သိသိ နဲ့ ဝိုင်းဝန်းဆန့်ကျင် နိမ်နှင်းဖို့ လိုသလို အခွန်ထမ်း ပြည်သူ အားလုံးကလည်း တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပူးပေါင်းဆေင်ရွက်ကြဖို့လိုအပ်နေပြီလို့ ပြောရ မှာပဲ.....။
       ဟေ့...ဟေ့..... ငါက မင်းတို့ ပြောသမျှ ဘေးကနားထောင်နေတာ ငါဘဝင်မကျတာတခုရှိသကွ ။ မင်းတို့က လူထုဆီက အမျိုးမျိုးညစ်ပါတ် အနိုင်ကျင့်ပြီး ငွေညှစ်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ ပုဂ္ဂလိက ဝန်ဆောင်မှု ပေးနေတဲ့သူတွေကို သူတောင်းစား သူတောင်းစားနဲ့ ရင့်ရင့်သီးသီး ပြောကြတာ ငါ မကြိုက်ဘူး သိက္ခာကျတယ်ကွ.....။
         ဟ..... သိက္ခာမကျချင်ရင် စည်းစနစ်နဲ့ ဂုဏ်သိက္ခာနဲ့ ညီအောင်နေကြပေါ့ကွ ... ဒါရင့်သီးတာ မဟုတ်ဘူး.....သဘောပေါက်အောင်ပြောနေတာ......
       ကျွန်တော်တို့ စကားဝိုင်းတွင် ဘေးမှထိုင်ပြီး ငြိမ်သက်စွာနားထောင်နေသော ဖိုးစိုးက ဆိုင်းမဆင့် ဗုံမဆင့် ဝင်ပြောလိုက်သဖြင့် ကိုမိုးက ဝင်ထောက်လိုက်ခြင်းဖြစ်သည်....။
          အော်မင်းတို့ကလဲ......ငါ့စကားဆုံးအောင်နားထောင်လေကွာ... ။ သီလမစောင့်ထိန်းသူအတွက် ကျစရာသိက္ခာနဂိုကတည်းကမှ မရှိတာ ၊ ငါတွေးမပူပါဘူး .....၊ သိက္ခာကျတာက သူတောင်းစား တွေဖက်က သိက္ခာကျတာ  ။ ဒီလို အနှိုင်းခံရခြင်းအတွက် သူတောင်းစားတွေ ဘက်က နစ်နာတယ်။ ဒီလိုမသုံးနှုန်းသင့်ဘူးလို့ သူတောင်းစားတွေကိုယ်စား ငါ ကန့်ကွက်ချင်တာ ၊
      မင်းကလဲ အရေးထဲ လာရှုပ်ပြန်ပြီ သူတောင်းစား ဘက်ကများ နာရတယ်ရှိသေး ။ ဘာတွေ နာနေတာလဲ မင်းအဘက သူတောင်းစားလား .........။
          ဟေ့..... ဘယ်သူ့ကို ဘာပြောပြော ဓမ္မဓိဋ္ဌာန်ကျဖို့လိုတယ် ။ တရားမျှတဖို့လိုတယ် ။ ဒီတော့ သူတောင်းစားဆိုပြီးတော့လဲ တမင်နှိမ်ချပြောစရာ မလိုဘူး ။ သူ့မှာ ကောင်းကွက်ကလေးတွေရှိတယ်။ ကဲသေသေချာချာစဥ်းစားကြည့်စမ်း ။ သူတောင်းစားဆိုတာ ငွေ တောင်းတဲ့အခါမှာ သနားကြပါခင်ဗျာ ထမင်းဖိုး လေးစွန့်ကြဲကြပါ ၊ ကျွန်တော်တို့မှာဆေးကုသဖို့ စရိတ်မရှိလို့ မစကြပါ ......၊ စသည်ဖြင့် လူ့အောက်အကျဆုံး လေသံ ။ အညှိုးနွမ်းဆုံး မျက်နှာပေး ၊ သနားစဖွယ်အမှူအရာ ၊ ကရုဏာသက်စရာ အပြုအမူလေးတွေနဲ့ မာန်လုံးဝမရှိဘဲ သူ့ကိုစွန့်ကြဲ့ပေးဖို့ တောင်းပန်တိုးလျှိုးပြီး တောင်းခံကြတာမဟုတ်လား ...။ ဒီတော့ ငွေထည့်တဲ့ လူတွေကလည်း ကိုယ်တတ်နိုင်သလောက် ပေးကြ ကမ်းကြတာပေါ့....။ မပေးချင်လို့ ငေါက်ရင် ။ ဟောက်ရင် လည်းသူတို့ခဗျာ ဘာမှမပြောပဲ ဘေးကနေ ကုပ်ကုပ်ကလေး ထွက်သွားကြတယ်.. ဘာစောဒကမှ မတက်ဘူး ။ပေးတဲ့ငွေနည်းတယ် များတယ်လို့လည်းချေးမများဘူး ။ ရသမျှနဲ့ ကျေနပ်တဲ့အပြင် တချို့ဆို ကျန်းမာပါစေဆိုပြီး ဆုတောင်းပေးသွားကြသေးတယ်။ ကဲစဉ်းစားစမ်း............... သူတောင်းစားကို ငွေထည့်ပေးလိုက်ရလို့ မကျေမနပ်တောက်တ ခေါက်ခေါက် ဖြစ်တဲ့ လူကိုတွေ့ဖူးလား ...။.သူတောင်းစား ရဲ့ ငွေတောင်းတာခံရလို့ ငွေပေးလိုက်ရတာကို မကျေမနပ် ဖြစ်ပြီး ဒီသူတောင်းစား အနိုင်ကျင့်ငွေတောင်းနေပါတယ်ရယ်လို့ သက်ဆိုင်ရာ မြို့တော်ဝန်တို့ ။ ဝန်ကြီးးဋ္ဌာန တို့ သမ္မတကြီးတို့ ဆီ တိုင်စာပို့တဲ့ လူကြားဖူးလား ........... ။ အေး တို့ အခု ပြောနေတဲ့ ကိုယ်ကျင့်တရား ပျက်ပြားပြီး အဂတိ လိုက်စားတဲ့ ဝန်ထမ်း ၊ လုပ်ပိုင်ခွင့် အလွဲသုံးတဲ့ ဝန်ထမ်း တွေ လူထုဆီက ငွေတောင်းပုံ က သဒ္ဒါကြေးတောင်းတာ မဟုတ်ဘူး ။ အထက်စီးနဲ့ အနိုင်ကျင့်တာ ညစ်တာ ။ ကျစ်တာ ။ အဲဒီတော့ လူထုက သူတို့ကို မတတ်သာလို့ ငွေပေးရသည့်တိုင် ဘယ်သူကမှ စိတ်ကြည်ဖြူစွာပေးတယ်ရယ်လို့ မရှိဘူး။ ခွေတွေကို အဆိပ်လူးတဲ့ အမဲလုံး ပစ်ကျွေးသလို စားစရာအစာမှန်သမျှ အဆိပ်တွေထည့်ပြီးကျွေး လိုက်တာ ကွ။ စေတနာ မေတ္တာ နဲ့ ကျွေးတာမဟုတ်ဘူး ။ နေနှင့်ဦးပေါ့ကွာ။ ကြုံရင်တော့ တိုင်မယ်ဆိုတဲ့ ဆူးချွန်တွေနဲ့ ကျွေးတာ။ ဒါကြောင့် သက်ဆိုင်ရာ ဋ္ဌာနတွေကို ဒီကိစ္စတွေ တိုင်ကြ ၊ တောကြ ၊ ပြုတ်ကြ ၊ ထောင်ကျ ကြ နဲ့ ဘယ်သူ မပြု မိမိမှူ ဖြစ်ကုန်ကျတာ ၊ ဒါကြောင့် ငွေတောင်းယူတာ ခြင်းတူပေမယ့် သူတောင်းစားက အရှက်မရှိ နှိပ်ချတောင်းခံပြီးရလာတဲ့ ငွေ က အဆိပ်ကင်းတဲ့ ငွေဖြူ ကွ .....။ ဝန်ထမ်းဆိုး ၊ ဝန်ထမ်းညစ် တွေ အနိုင်ကျင့်တောင်းယူတဲ့ ငွေက ငွေမည်းကွ ထိလိုက်တာနဲ့ သံသရာနဲ့ချီပြီး အမည်းတွေ စွန်းကပ်ငြိသွား တာ ဘယ်ချွတ်ဆေးနဲ့ မှ ချွတ်မရတဲ့ ငွေမည်းဖြစ်တယ် . ......။ သူတို့က လူထုကို ဓါးပြတိုက်ယူတာ ၊ လုယူတာ ၊ ခိုးဝှက်ယူတာ ။ ဒါကြောင့်ဒီလူတွေကို သူတောင်းစားလို့ ပြောရင် သူတောင်းစားသိက္ခာကျတယ် ၊ သူတောင်းစားက ငွေဖြူကိုင်တယ် ။ ဒီလူတွေက ရာဇဝတ်မကင်း တဲ့ ငွေမည်းကိုင်တဲ့ သူတောင်းစား ယောင် ဆောင်သော ဓါးပြသူခိုး သူခိုးတွေဖြစ်တယ်လို့ ငါပြောချင်တယ်.....။
            မောင်ကြီး ၏ စကားသံက ရင့်သီးသည်ထင်ရသော်လည်း ကျွန်တော်တို့ မငြင်းနိုင်ပါ ။ ငြင်းနိုင်ရန် အချက်အလက်နှင့်ခွန်အားလည်း မရှိပါ ။ မော်ကြီး ပြောသကဲ့သို့ အနှိုင်းခံရတာ သိက္ခာကျသည်ဟု သူတောင်းစား ကပင်ပြန်လည်ကန့်ကွက် ပြောဆိုမှူမျိုးမကြုံကြစေရန်အတွက်ကျွန်တော်တို့ က လည်းအစဉ်သဖြင့် ကိုယ့်ကိုကိုယ် ဆန်းစစ်ဝေဖန် ၍ ငွေမည်းကိုင်သူ ယုတ်ညံ့သော သူခိုးဓါးပြ မဖြစ်စေရး ပြုပြင်ဆင်ခြင်နေထိုင်သွားကြရန် လိုအပ်မည်ဖြစ်ပါသည် ..... ။       ။
                                                                                                        ထက်ခေါင်

( 11.1.2012 )ရက်နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာပါ ဆောင်းပါးကို facebook မှ ကူးယူလျှက် ထပ်ဆင့်မျှဝေပါသည်။                                                  မိုးဆောင်းနွေ

1 comments:

lovelylotus said...

ဆောင်းပါရှင်ထက်ခေါင်၊ ဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီဆောင်းပါးကိုရေးတာလဲ၊ ထက်ခေါင်ရဲ့ အရေးအသားတွေအရ ဆောင်းပါထဲက ဇာတ်ကောင်တွေက တော်တော့ကို လည်မလိုနဲ့ အတဲ့ ငတုံးငအကြီးတွေပါလားဗျ. ကျန်တာတွေကတော့ ကျွန်တော်လဲ သိပ်မသိဘူး၊ ကျွန်တော်က ခင်ဗျားတို့ကို ပုံမှန်မီးမပေးနိုင်သေးတဲ့ လျှပ်စစ်ဌာနက၊ လျှပ်စစ်နဲ့ ပတ်သက်ပီးခင်ဗျားဆောင်းပါးထဲမှာရေးထားတာလေးကို ကျွန်တော်ဝေဖန်ချင်တယ်၊ ခင်ဗျားပညာအရည်အချင်းဘယ်လောက်လဲ ကျွန်တော်မသိဘူး၊ ဒီတော့ Fuse ဆိုတဲ့အရာကို ခင်ဗျားနားလည်ချင်မှ နားလည်လိမ့်မယ်၊ ခင်ဗျားရေးထားတဲ့
"""ပါရမီဘက်က အိမ်မှာ မီးအားဆောင့်တက်တာ ဖြူ့စ် ( Fuse )က မပြတ်ပဲ မီးအားတိုက်ရိုက်ဝင်သွားလို့ မီတာ Box လောင်သွားတယ်"""
ဆိုတာလေးက တော့ တော်တော့ကို ဗဟုသုတနည်းတယ်လို့ရေးတယ်လို့မြင်တယ်ဗျ၊ မြင်တယ်ဆိုတာထက် တကယ်ကိုနည်းတာ သိတာတယ်။ ဘာလို့လဲဆိုတော့ မီးအားဆောင့်တတ်တာကို Fuse က ပြတ်ပေးရမယ့်တာဝန်မရှိဘူးဆိုတာ ခင်ဗျားမသိတာပဲ။ မီးအား ခင်ဗျားတို့ အိမ်သုံးဆို ၂၃၀ဗို့ပေါ့ဗျာ။ မီးအားတတ်တယ်ထား။ ဒါမှမဟုတ် ခင်ဗျားမီးယူသုံးထားတဲ့ လိုင်းပေါ်ကကြိုးတွေကို လေပြင်းတိုက်လို့ သစ်ပင်ကိုင်းက ရိုက်မိတယ်ထားဦး။ အလွန်ဆုံး ခင်ဗျားအိမ်က မီတာကို ၄၀၀ဗို့ရောက်မယ်။ ဒီလောက်နဲ့ခင်ဗျားမီတာလောင်ရင်လဲ ခင်ဗျားတစ်အိမ်တည်းမလောင်ဘူး။ တခြားအိမ်တွေပါလောင်မယ်။ အဲ့လိုလောင်လို့ မီတာလဲတာ သုံးသိန်းကုန်တယ်ဆိုတော့လဲ ခင်ဗျားတော်တော် တုံးတာပဲ။
နောက်...""" မီးအားဆောင့်တတ်တာကို Fuse ကအလိုလျှောက်ဖြတ်မပေးလို့ အိမ်ထဲကပစ္စည်းတွေလောင်တယ် """ ဆိုတာ ခင်ဗျား ထပ် အ ပြန်တာပဲဗျ၊ ပီးတော့ မီတာခ ခါတိုင်းထက်နည်းသွားလို့ ခင်ဗျားကို ဒဏ်ရိုက်တယ်ဆိုတော့ ခင်ဗျားက ဒဏ်ငွေဆောင်လိုက်တာပဲလား။ ဒဏ်ရိုက်တယ်ဆိုတဲ့ကိစ္စမှာ ဘယ်လျှပ်စစ်ဝန်ထမ်းမှ အပြစ်မဲ့ ဒဏ်မရိုက်ရဲဘူးဗျ။ ခင်ဗျား တော်တော်ကို အ တဲ့သူပဲ ။ အင်းလေ အဲ့ဒါကြောင့်လဲ ငါးနှစ်စာဆိုပီး ဆယ်သိန်းကျော်လာလိမ်တာပေါ့။ ဒီလူကြီးဘာမှနားလည်းတာမဟုတ်ဘူးဆိုပီးတော့ပေါ့ဗျာ။ မှတ်ထားဗျာ- မီတာခဆိုတာ ခင်ဗျားကို မြန်မာငွေ ၅ပြားတောင်ပိုကောက်လို့မရဘူးဆိုတာ။ ဒါပေ့မယ်ခင်ဗျားက တော်သွားပြန်ရောဗျ သိလား။ အဲ့လိုလူလိမ်ကို ခွင့်လွတ်တယ်ဆိုတော့လေ။ ကဲ....ထားပါတော့ ။ နောက်နောင်ဆောင်းပါးရေးချင်သပေ၇းတယ်ဆိုလဲ နည်းနည်းပါးပါးလေ့လာပီးမှရေးပေါ့ဗျာ။ မဟုတ်ရင် ငါငတုံးကြီးပါလို့ ကြေညာသလိုဖြစ်နေဦးမယ်။ တခြားကဏ္ဍတွေလည်း ဒီလိုပဲဗျာ။ ခင်ဗျား ပညာအရည်အချင်းနဲ့ အလုပ်အကိုင်လေးတော့သိချင်တယ်ဗျ။

Post a Comment