မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

အစောင့်အရှောက်

on Sunday, April 8, 2012


အစောင့်အရှောက်

ဘ၀ခရီးလမ်းက ကြမ်းတမ်းလှပါတယ်။ အဲဒီလို ကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းကို လျောက်လှမ်းနေတဲ့သူတိုင်း အစောင့်အရှောက်ဆိုတာ အမှန်တကယ် လိုအပ်ပါတယ်။
မြတ်စွာဘုရားကတော့ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ-လို့ ဟောကြားတော်မူခဲ့ပါတယ်။
တရားကျင့်သူကို ကိုယ်ကျင့်တဲ့တရားက ပြန်လည်စောင့်ရှောက်တယ်လို့ ဆိုလိုပါတယ်။
တကယ်တော့ အစောင့်အရှောက်ဆိုတာ လောကလူတွေ ထင်နေကြတဲ့ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်တို့ မဟုတ်ပါဘူး။ ကုသိုလ်သာ ဖြစ်ပါတယ်။
ကုသိုလ်ရဲ့ အစောင့်အရှောက်ကို မခံရတဲ့ သတ္တ၀ါတိုင်း ဘေးသင့်တယ်။ မီးဘေး မင်းဘေး ရေဘေး လေဘေးဆိုတာ သီးခြားမရှိပါဘူး။ အကုသိုလ်ရဲ့ အကျိုးတွေသာ ဖြစ်ပါတယ်။
နောက်ဆုံး အပါယ်ဒုဂ္ဂတိဘေးအထိ သင့်နေကြတယ်ဆိုတာ ကုသိုလ်ရဲ့ အစောင့်အရှောက်ကို မခံယူကြလို့သာဖြစ်ပါတယ်။
ကုသိုလ်နဲ့သာ ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ အရေးအကြီးဆုံးဆိုတာ နားလည်သဘောပေါက်ကြ မယ်ထင်ပါတယ်။

မတက်ရင် အထက် မရောက်

on Saturday, March 10, 2012


မတက်ရင် အထက် မရောက်

လူချင်းအတူတူ အသက်ရှူခြင်းကွာတယ်ဆိုတာလို
ကုသိုလ်အသက်ကိုသာ ရှူမယ်ဆိုရင် ကောင်းတဲ့ဘက်ကို မရောက်နိုင်တဲ့သူ မရှိပါဘူး။
အားမကျသင့်တဲ့ ဘ၀ကို အားရနေရင်
သစ်ခြောက်ပင်တစ်ခုလို ဘ၀မှာ တက်လမ်းမရှိတော့ဘူး။
တိမ်ကြားရောက်အောင် ပျံနိုင်တဲ့ ငှက်ဖြစ်ပါစေ
အပျံ ပျင်းရင်းလဲ အထက်မရောက်သလို ပြန်ဆင်းရင်လဲ အထက်မရောက်နိုင်ပါဘူး။
ကိုယ့်အတွက် ဘုံကလဲ ဘ၀ဂ်အထိ၊ တရားယုံရင်လဲ မဂ်အထိ ရှိစေကာမူ
ကောင်းမှုပိုင်းမှာ မတက်ကြွရင်လဲ အထက်မရောက်၊
စိတ်မ၀င်းစားတော့ရင်လဲ အထက်မရောက်။
အထက်မရှိလို့ မရောက်တာ မဟုတ်ပါဘူး။
မတက်လို့ မရောက်တာပါ။
ဆိုလိုရင်းက
သတ္တ၀ါတိုင်းမှာ
ဘ၀အထွတ်အထိပ်သို့ ရောက်စေနိုင်တဲ့
ဓာတ်သတ္တိတွေ ရှိပါတယ်။
မသုံးဘဲ ချောင်(ဂျောင်)ထိုးထားလို့ ရွှေခွက်က ခွက်စုပ် ဖြစ်နေတာပါ။

ကိုယ့်ကို ကိုယ်မေး အဖြေတွေ့မယ်

on Wednesday, February 29, 2012

ကိုယ့်ကို ကိုယ်မေး အဖြေတွေ့မယ်

မြတ်ဗုဒ္ဓသည် လောကလူသားအားလုံး ချမ်းသာဖို့အတွက်၊ ချမ်းသာကြောင်း တရားတွေကို ဟောကြားဖို့အတွက် ပွင့်တော်မူခဲ့သည်။ တကယ်လဲ ချမ်းသာကြောင်း တရားတော်များကို (၄၅)၀ါ ကာလပတ်လုံး နေ့ ည မနား ဟောကြားတော်မူခဲ့တယ်။
          မြတ်ဗုဒ္ဓ၏ တရားတော်များကို နာကြားရလို့ ချမ်းသာသုခ ခံစားခွင့်ရရှိကြတဲ့ လူ နတ် ဗြဟ္မာ သတ္တ၀ါ တွေလဲ အသင်္ချေ အနန္တ ရေတွက်လို့ မရနိုင်တော့။
          အဲဒီလို ကောင်းတဲ့ ဘုံ၊ ကောင်းတဲ့ ပုဂ္ဂိုလ်၊ ကောင်းတဲ့ သုခ၊ ကောင်းတဲ့ ကုသိုလ်၊ ကောင်းရာ ကောင်းကြောင်း တရားနာမှုတွေ ကိုယ့်မျက်စိအောက်မှာ မြင်ဘူး၊ ကိုယ့်နားနဲ့ ဆက်ဆက် ကြားဘူးပါလျက်-
မကောင်းတဲ့ တဲစုပ် တိုက်စုပ်လေးထဲမှာ
မကောင်းတဲ့ ပုထုဇဉ် အဖြစ်နဲ့
မကောင်းတဲ့ စိတ်ဒုက္ခတွေကို
မကောင်းတဲ့ သောက ဒေါသတွေနဲ့
မကောင်းတဲ့ စိတ်နဲ့ သေပြီး
မကောင်းတဲ့ ငရဲ သွားကြတော့မလို့လား။
အမေးရှိရင် အဖြေရှိပါတယ်။ ကိုယ့်ကို ကိုယ်မေး၊ အဖြေ တွေ့ပါလိမ့်မယ်။

တရားနာမှု အလွန်အရေးကြီး

on Tuesday, February 28, 2012


တရားနာမှု အလွန်အရေးကြီး

            တရားမနာဘူးသူအတွက် ကုသိုလ်ဖြစ်ဖို့ဆိုတာ လွယ်မှတ်လို့။ တကယ်မလွယ်ပါဘူး။ တရားနာ ဘူးသူကတော့ မိမိကို ထိခိုက်ဆဲရေးနေလဲ အို ကြာပြီးရှိတာမှတ်လို့ ဆိုပြီး ၀ိပဿနာကုသိုလ်ကို လွယ် လွယ်ပြုသွားတယ်။
မစင်ဆိုတာ နံမြဲ ဓမ္မတာ
လူမိုက်ဆိုတာ မိုက်မြဲ ဓမ္မတာ
လောဘဆိုတာ ကြိုက်မြဲ ဓမ္မတာ
ဒေါသဆိုတာ ခိုက်မြဲ ဓမ္မတာ
မောဟဆိုတာ မိုက်မြဲ ဓမ္မတာ-ပါလို့
နှလုံးသွင်းမှန်တော့လဲ ကုသိုလ်ဆိုတာ လွယ်လွယ်ဖြစ်သွားတယ်။
            ဒါကြောင့် ´´ချမ်းသာအစ ကုသိုလ်က၊ ကုသိုလ်အစ တရားနာခြင်းက၊ ကုသိုလ်အစ နှလုံးသွင်း ကောင်းမှ´´လို့ ချမ်းသာခြင်းရဲ့  မူရင်းတရားကို မြတ်ဗုဒ္ဓက မိန့်ကြားခဲ့ပါတယ်။
ဧ၀ံ ဓမ္မာနိ သုတွာန ပုညကမ္မာနိ ကရောန္တိ
ကုသိုလ်ဖြစ်ကြောင်း တရားကောင်းတို့ကို ကြားနာခွင့်ရမှသာလျှင် လူ နတ် နိဗ္ဗာန် သုံးတန်သုခ ခံစားရဘို့ မူလအကြောင်း ကောင်းကျိုးပေးတဲ့ ကောင်းမှုတွေကို ပြုနိုင်ကြတယ် (သို့မဟုတ်) ချမ်းသာ သုခ ခံစားခွင့် ရရှိကြတယ်။
            အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး ဘာဖြစ်လို့ ပညာဧတဒဂ်ရတဲ့ ရဟန္တာမထေရ်ကြီး ဖြစ်သွား ရတာလဲလို့ သွားမေးကြည့်၊ တရားနာရလို့ပါတဲ့။ တရားမနာရခင်က သိဉ္စည်းဆရာကြီးဆီမှာ တုံးခုန် ဇယ်ခုတ် လုပ်နေရတာ။
ဝိသာခါ ကျောင်းအမကြီး ဘာဖြစ်လို့ သောတာပန် သူဌေးမကြီး ဖြစ်သွားရတာလဲ သွားမေး ကြည့်၊ တရားနာရလို့ပါတဲ့။ တရားမနာရခင်က သာမန် လက်လုပ်လက်စား မိန်းမတစ်ယောက်ပါဘဲ။
တရားနာမှုဆိုတာ ဘ၀ပန်းခင်းလမ်းရဲ့  ပထမဦးဆုံး ခြေလှမ်းဖြစ်တယ်။
တရားနာမှုဆိုတာ သုခ ပန်းတိုင်ရဲ့ မဏ္ဍိုင်ဖြစ်လို့ ပွင့်သောဘုရားတိုင်း တရားကိုဘဲ ဟောပါတယ်။ အကင်းပါးသူတိုင်းကလဲ ဟောတယ်ဆိုတာ နာစေချင်လို့။
နာတယ်ဆိုတာ ကျင့်စေချင်လို့။
ကျင့်တယ်ဆိုတာ ချမ်းသာစေချင်လို့ လို့ သိကြပါတယ်။
အာဠာဝကဘီလူး သောတာပန်ဖြစ်သွားတာ တရားနာရလို့ပါ။
လူက ခွေးဖြစ်သွားတာ၊ နတ်က ငရဲကျသွားတာ၊ ရှင် ရဟန်းတွေ အပါယ်ကျတာ တရား မနာရလို့ပါ။
ဒါကြောင့်-
အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ
            သင်တို့ပြုတဲ့ ကောင်းမှုမှတစ်ပါး ဘုရားပွင့်မှ ကြားနာရတဲ့ ဓမ္မမျိုးစုံ ချမ်းသာကြောင်း လမ်းညွှန်ပုံကို အာရုံတစ်ပါး စိတ်မသွားပဲ တရား၌သာ စူးစိုက်ကာလျှင် နာကြားကြကုန်လော့-ဟု တိုက်တွန်းစကား အမှာထားခဲ့တာဖြစ်ပါတယ်။    

ကုသိုလ်ရဲ့ အစက ဘာလဲ

on Wednesday, February 8, 2012


ကုသိုလ်ရဲ့  အစက ဘာလဲ
 ကောင်းကျိုးဆိုတာက
အရကောက်အားဖြင့်- ကုသိုလ်
အမျိုးအစားအားဖြင့်- ဒါန သီလ သမထ ၀ိပဿနာ
အခြေခံဖောင်ဒေးရှင်းကတော့- တရားနာမှု၊ နှလုံးသွင်းမှန်ကန်မှု။
အကိုင်းလေး ချိုးလာရုံနဲ့ ပဉ္စမျိုးငါးပါးလုံး မသိနိုင်ဘူး။ 
အမြစ်ပါ နှုတ်ပြမှ ကိုင်ခက် ပင်စည် အမြစ်မှီ၏-လို့ သိနိုင်သလို
ကုသိုလ် အကုသိုလ်ဆိုရုံနဲ့ ကုသိုလ်က ခြေထောက်ပေါက်ပြီး ရောက်လာတာမဟုတ်ဘူး။
ကုသိုလ်ကောင်းမှုဖြစ်ခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့
နှလုံးသွင်းမှန်ကန်မှု၊ တရားနာမှုကိုပါ ထည့်ပြောမှ ချမ်းသာခြင်းရဲ့  ကွင်းဆက်ကို လိုက်တတ်မယ်။
လာဆဲပါပြီတဲ့ ဘယ်လိုလုပ် ကုသိုလ်ဖြစ်အောင် လုပ်မတုန်း။
ထောင်းဆို ဒေါသအကုသိုလ်က အဖြစ်ဦးသွားပြီ။ ကုသိုလ်လုပ်ချိန် မရတော့ဘူး။
ဆဲကြ သတ်ကြနဲ့ ငရဲ သွားသူသွား။ ထောင်ထဲ သွားသူသွားနဲ့။
ဒါ့ကြောင့် ကုသိုလ်ရဲ့ အစဟာ 
တရားနာမှု(ဓမ္မဿဝန)နဲ့ နှလုံးသွင်း မှန်ကန်မှု (ယောနိသောမနသိကာရ) ဖြစ်ပါတယ်။
ကုသိုလ်ဖြစ်ချင်တယ်ဆိုရင် သူတော်ကောင်းတရား နာကြားရမယ်။ 
အရာရာမှာ အကောင်းဘက်က ရှုမြင်သုံးသပ်ရမယ် (၀ါ) နှလုံးသွင်းမှန်ကန်ရမယ်။ 

အရိယာတို့ရဲ့ ဒဿန

on Wednesday, February 1, 2012

အရိယာပုဂ္ဂိုလ်တို့၏ အကောင်း၌ ဒဿနပြုပုံ

ကောင်းတာကို သတ္တ၀ါတိုင်း ကြိုက်ကြတယ်။
ဒါပေမဲ့ လောကကြီးမှာကျတော့ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကိုယ်ကြိုက်ရင် ကောင်းတယ်လို့ သတ်မှတ်ကြတယ်။
ကိုယ်ကြိုက်ရင် ကောင်းတာ-ဟာ လောကရဲ့ ဒဿနပါဘဲ။
ကိုယ်ကြိုက်ရင် ဘုကြီးတောင် မမြင်-တဲ့။
ဘယ်လောက် ရုပ်ဆိုးဆိုး ကြိုက်ရင် ကိုယ့်မျက်စိထဲ ချောနေတတ်တယ်။
ဥပမာ - အရက်ဆိုပါစို့
ကျန်းမာရေး ရှုထောင့်က ကြည့်ကြည့်၊
ဘာသာရေး ရှုထောင့်က ကြည့်ကြည့် မကောင်းဘူး။
မူးယစ်တယ်။ အမှား အမှန်ကို မခွဲခြားနိုင်ဘူး။ ပြစ်မှုကျူးလွန်တတ်တယ်။
အမှတ်သညာ နည်းတယ်။ သေရင် ငရဲကျတယ်။ ငရဲက လွတ်ရင် ရူးသွပ်တယ်။
ကြောင်စီစီနေတယ်။ သူငယ်ပြန်တယ်။ ဘာတစ်ခုမှ မကောင်းဘူး။
ဒါပေမဲ့ အရက်သောက်တဲ့သူက အရက်ကောင်းကြောင်းပဲ ပြောတယ်။ 
တစ်ကျပ်ဖိုးသောက်ရင် တစ်ကျပ်ဖိုး မူးတယ်၊ မိန်းမထက်တောင် သစ္စာရှိပါသတဲ့။
လူ အင်မတန်ရွံတဲ့ မစင်ကိုယ်တောင် ခွေးက နတ်သုဒ္ဓါလုပ်ပြီး စားနေတာကြည့်။
ဒါ့ကြောင့် ဗာလာနံ ၀စနံ အပဓာနံ- လူမိုက်စကားကို ဘယ်တော့မှ အတည်မပြုနဲ့။
အကုသိုလ်ကို အကောင်းလုပ်ပြီး ဟောနေမှတော့ လူမိုက်တရားနာရင် လူမိုက်ဖြစ်ရုံပဲ။
အရက်တရားနာရင် အရက်သမားဖြစ်ရုံပဲ။
ဗုဒ္ဓမြတ်စွာက အရက်နဲ့ပက်သက်ပြီး ဟောခဲ့တာကတော့ ကံ(၅)ပါးကို ကျူးလွန်တယ်။
သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ
သုရာ မေရယ - သေရည် အရက်ဟာ (မူးယစ်ဆေးဝါး အားလုံးပေါ့)
ပမာဒ - မကောင်းမှုအားလုံးကို ပြုလုပ်ဖြစ်ဖို့
ဌာန - အကြောင်းဖြစ်တယ်။
တန်ခိုးရှိတဲ့ သာဂတမထေရ်တောင် နဂါးကို နိုင်ခဲ့ပေမဲ့ 
အရက်သောက်ပြီး မှောက်နေတော့ 
တီကောင်တက်လာရင်တောင် မနိုင်တော့ဘူး။ ဒါဟာ အရက်က မကောင်းလို့ပေါ့။
ဒါ့ကြောင့် ဘုရားအရိယာတွေက-
ကောင်းကျိုးပေးမှ ကောင်းတယ်လို့ သတ်မှတ်ကြတယ်။ 
ဒါဟာ အရိယာတွေရဲ့ ဒဿနပါဘဲ။
အရိယာတွေဟာ ကိုယ်ကြိုက်ရင် ကောင်းတယ်လို့
ဆန္ဒာဂတိလိုက်ပြီး နံရံကပ်စာစောင်တွေ မရေးကြဘူး။
ကောင်းကျိုးဆိုတာက-
ဘုံအားဖြင့် - သုဂတိနဲ့ နိဗ္ဗာန်
ဘ၀အားဖြင့် - လူ နတ် ဗြဟ္မာနဲ့ အရိယာ
ရလာဒ်အားဖြင့် - သုခနဲ့ ငြိမ်းချမ်းမှု နိဗ္ဗာန်။

( ဓမ္မဒဿန မှတ်စုများ ကဏ္ဍ၌ မိမိအနေဖြင့် ဗုဒ္ဓနှင့် ဗုဒ္ဓ၏တပည့်သာဝကများ၊ ဆရာတော်များ၊ ဆရာသမားများ ဆုံးမဟောကြားခဲ့သော ဓမ္မနှင့်ပက်သက်သည့် အမြင်ဒဿန အဆိုအမိန့်များကို အလျဉ်း သင့်သလို ဖော်ပြပေးသွားမည်ဖြစ်သည်။ တကယ်တော့ ဓမ္မသည် အများပြောနေကြတဲ့ တက္က - အတွေး အခေါ် မဟုတ်ပေ။ အတက္ကာဝစရာ - ငါ ဘုရားရဲ့ တရားတောတွေဟာ ကြံစည်တွေးတောရုံနဲ့ သိမြင်နိုင်တဲ့ အရာမဟုတ်လို့ ဗုဒ္ဓကိုယ်တော်တိုင် ထုတ်ဖော်ဟောကြားတော်မူခဲ့ပေသည်။ ဒဿန-ဆိုတဲ့ အမှန်တရားကို သိမြင်နိုင်တဲ့ ဥာဏ်မျက်လုံးနဲ့သာ ထိုးထွင်းသိမြင်နိုင်ပေသည်။ သာမန်မျက်လုံးနဲ့ကား လုံးဝ မသိမြင်နိုင်ပေ။ ထို့ကြောင့် ဒဿန အရကိုလဲ ဥာဏ်အမြင် မျက်လုံးကိုသာ ကောက်ယူရမည်ဖြစ်ပေသည်။ စကားချပ် )