မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

ရင်မောစရာ Valentine’s Day

on Friday, February 10, 2012


  
နိုင်ငံခြားအသံလွှင့်ဌာနတစ်ခုက ကျွန်တော့်ကို လှမ်းဆက်သွယ်ပြီး မေးမြန်းပါရစေလို့ ခွင့်တောင်းလာပါ တယ်။ မေးလိုတဲ့အကြောင်းအရာကတော့ Valentine’s Dayလို့ ခေါ်တဲ့ ချစ်သူများနေ့နဲ့ ပတ်သက်လို့ပါတဲ့။

ပြောချင်နေတာကြာပြီဖြစ်တာမို့ ပြောဖြစ်ခဲ့ပေမယ့် လက်တန်းပြောတာမို့ အချက်အလက်အပြည့်အစုံ ပါမ သွားဘူး။ အချိန်ကလည်းတိုတာကိုး။ ဒါနဲ့ကျွန်တော့်ရဲ့ မန္တလေးအက်(ဖ်)အယ်(မ်)က ရေဒီယိုအစီအစဉ်မှာ တင်ဆက်ဖို့ရည်ရွယ်ပြီး စာမူရေးဖြစ်ခဲ့ပါတယ်။ အဲဒီ့စာမူလေးကိုပဲ ရေဒီယိုနားမထောင်ဖြစ်သူ ဂျာနယ်ပ ရိသတ်များအတွက် အနည်းငယ်တည်းဖြတ် တင်ဆက်ပေးပါရစေလားခင်ဗျာ။

ပထမဆုံးက အဲဒီ့ Valentine
’s Day ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာ အရင်တင်ပြချင်ပါတယ်။ ခရစ်ယာန်အာဇာနည်တွေထဲမှာဆိုတဲ့ ဗှယ်လင်ထိုင်းနာမည်နဲ့ သူတွေ မရေမတွက်နိုင်အောင် များပြား လှတယ်။ အဲဒီ့ထဲကမှ ဒဏ္ဍာရီလာ ဗှယ်လင် ထိုင်းဘွဲ့ ခံသူတော်စင်တစ်ပါးကတော့ စစ်တပ်ကို ချဲ့ထွင်ချင် တာမို့ အရွယ်ရောက်သူ အမျိုးသားတွေကို အိမ်ထောင်ပြုခွင့် ပိတ်ပင်ထားတဲ့ ရောမ ဧကရာဇ် ဒုတိယမြောက် ခလောဒစ်ယပ်(စ်)ရဲ့အမိန့်ကို ဖီဆန်ပြီး လူငယ်လေးတွေကို လျို့ဝှက်လက်ထပ်ပေးခဲ့ဖူး တယ် လို့ အဆိုရှိပါ တယ်။ ဒါကို ဘုရင်ကြီးသိသွားတော့ သူ့ကိုဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချထား လိုက်ပါ တော့ တယ်။ ဒါကသိပ်မခိုင်လုံလှတဲ့ ပါးစပ်ရာဇ၀င်ပါ။သူ့ထက် နည်းနည်းလေးပိုခိုင်လုံတဲ့ ဒဏ္ဍာရီမှာကျတော့ ဘုရင် ခလောဒစ်ယပ်(စ်)က ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းကို ခရစ်ယာန်ဘာသာဝင်ဖြစ်လို့မို့ တရားစွဲဆိုပြီး ကိုယ် တော်တိုင် အမှုစစ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အမှုစစ်ရင်းက ဘုန်းတော်ကြီးကို ဘုရင်ကအထင်ကြီးသွားပြီး Paganism လို့ ခရစ် ယာန်ဘာသာဝင်တွေကခေါ်တဲ့ ဗာဟီရ၀ါဒကို ကူးပြောင်းမယ်ဆိုရင်ဖြင့် အသက်ကိုချမ်း သာပေးမယ်လို့ ကမ်းလှမ်းခဲ့ပါသတဲ့။ ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းက အဲလိုကမ်းလှမ်းတာကို ငြင်းပယ်ပြီး ဘုရင်ကိုသာ ခရစ်ယာန်ဘာသာပြောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲနောက် ဆုံးမှာသူ့ကိုဘုရင်က ကွပ်မျက် လိုက်ပါတယ်။ မကွယ်လွန်ခင်မှာ ဘုန်းတော်ကြီးဗှယ်လင်ထိုင်းဟာ ထောင်မှူးရဲ့သမီးလေး မျက်စိကွယ် နေ တာကို သူ့တန်ခိုးနဲ့စက္ခုနှစ်ကွင်း အလင်းရအောင် ကုသပေးခဲ့ပါသေးသတဲ့။
အဲဒါကိုပဲ သမိုင်းအခြေခံ တစ်စက်မှမပါတဲ့ စီးပွားရေးသမားများက ၀ါးဖြန့်လိုက်တဲ့အခါ ဇာတ်က နည်းနည်း ပိုနာသွားတယ်။ အဲဒီ့ ဘုန်းကြီး ဗှယ်လင်ထိုင်းကို မကွပ်မျက်ခင် ညဦးပိုင်းမှာသူက သူချစ်တဲ့ မိန်းကလေးလို့ လည်းဆိုရဲ့၊ တချို့ကလည်း သူနဲ့ခင်သွားပြီး သူကပဲ မျက်စိမြင်အောင်ကုပေးခဲ့တဲ့ ထောင်မှူး ရဲ့သမီးလေးလို့ လည်း ဆိုရဲ့၊ တချို့ကလည်း အဲဒီ့နှစ်ယောက်စလုံးပါလို့ ပြောကြရဲ့၊ အဲ... အဲဒီ့မိန်းကလေးတွေဆီ ကို ကမ္ဘာ့ ပထမဆုံး ဗှယ်လင်ထိုင်းကတ်ပြားလေးကို ဘုန်းတော်ကြီးက စရေးခဲ့တာဖြစ်သွားတယ်။ သေခါနီးမှာ တမ်းစာ လေးပေါ့ခင်ဗျာ။ စာရဲ့အဆုံးမှာတော့ မင့်ရဲ့ဗှယ်လင်ထိုင်းထံမှ၊ အင်္ဂလိပ်လိုတော့ From your Valentine ပေါ့၊ အဲလိုလေး ရေးထားပါသတဲ့။ ဘာသမိုင်းအထောက်အထားမှ မရှိဘဲ လိုရာတွေးကာ ချဲ့လိုက် ကြတာပါ။

၁၈ ရာစု ကုန်လုနီး သုံးနှစ်အလို ၁၇၉၇ ခုနှစ်မှာတော့ ဗြိတိသျှ ထုတ်ဝေသူတစ်ယောက်က ကိုယ်တိုင် အချစ် ကဗျာမရေးတတ်ကြသူ လူငယ်အမျိုးသားများအတွက် ခံစားချက်ကဗျာတွေ အပြည့်ပါတဲ့စာအုပ် တစ်အုပ်ကို ကိုလူပျိုရဲ့ Valentine
 စာရေးဆရာ (The Young Man’s Valentine Writer)ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ဝေခဲ့ပါ တယ်။ သည်မှာတင် တခြားထုတ်ဝေသူတွေကလည်း အချစ်ကဗျာတွေ၊ သရုပ်ဖော်ပုံတွေနဲ့ ကတ်ပြားတွေ ရိုက်နှိပ်ထုတ်ဝေကြပါတော့တယ်။
နှစ်ဆယ်ရာစုရဲ့ ဒုတိယတစ်ဝက်ကာလမှာတော့ ကတ်ပြားတွေ အပြန်အလှန် ပေးပို့ကြရာကနေ တခြား လက်ဆောင်တွေပါ ပေးပို့ကြတဲ့ အလေ့အထက အမေရိကန်နိုင်ငံမှာ တွင်ကျယ်လာပါတော့တယ်။ အဓိက ကတော့ နှင်းဆီပန်းတွေ၊ အသည်းပုံအနီရောင်ဖဲသားဘူးနဲ့ ထည့်ထားတဲ့ ချောကလက်တွေ ပို့ကြ၊ ပေးကြ တာပါ။ ဘယ်သူက ဘယ်လိုထွင်လိုက်တယ်ဆိုတာ အထူးပြောစရာတောင် လိုမယ်မထင်ပါဘူး။ ၁၉၈၀ ပြည့် လွန်နှစ်တွေမှာတော့ စိန်အရောင်း အ၀ယ်လုပ်ငန်းရှင်တွေကလည်း လာဘ်မြင်လာပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ချစ်သူတွေအချင်းချင်း စိန်ရွှေ ရတနာတွေပေးတဲ့ အလေ့အထလေးပါတွင် ကျယ်လာအောင် လုပ်ကြပါတော့တယ်။ ဈေးသည်ဆိုတာကတော့ သူပစ္စည်းတွေများများ အစွံထုတ်နိုင်ဖို့ နည်းလမ်းရှာရတာ ပေါ့ခင်ဗျာ။
 သည်လောက်ဆိုရင် ချစ်သူများနေ့လို့ အတော်လေး တွင်ကျယ်နေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် Valentine’s Day ရဲ့ ရာဇ၀င်အကျဉ်းကို မှန်းဆနိုင်ကြပြီ ထင်ပါတယ်ခင်ဗျာ။ အဲဒီ့နေ့ဟာ ခရစ်ယာန်တို့ရဲ့ ဘာသာရေး အထွတ်အမြတ် ပွဲတော်နေ့တစ်ခုမဟုတ်တာမို့ ရုံးပိတ်ရက်၊ အားရက်၊ နားရက်အဖြစ် ဘယ်ခရစ် ယာန် နိုင်ငံကမှ သတ်မှတ်ပေးမထားပါဘူး။ ခရစ်တော်ဖွားတဲ့ ခရစ္စမတ်လို၊ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း အထိမ်းအမှတ် အီစတာပွဲတော်လို မျိုးကျင်းပကြတာ မဟုတ်ဘဲ စီးပွားရေးသမားများရဲ့ ဈေးကွက်ချဲ့ထွင်လိုမှု ကြောင့် ပေါ်ပေါက်လာတဲ့ နေ့တစ်နေ့သာ ဖြစ်ပါတယ်။
စီးပွားရေးသမားတွေရဲ့ ကျေးဇူးကြောင့် အင်္ဂလန်နဲ့ အမေရိကန်မှာ စတင်ခဲ့တဲ့ အဲဒီ့အလေ့အထဟာ စင်ကာပူ နိုင်ငံသားတွေ၊ ဂျပန်တွေ၊ တရုတ်တွေ၊ တောင်ကိုးရီးယားလူမျိုးတွေကြားမှာလည်း ကျွန်တော်တို့ထက်တောင် စောပြီး တွင်ကျယ်ခဲ့ပါတယ်။ အဲဒီ့က လူငယ်လူရွယ်တွေဟာလည်း ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ လက်ဆောင်အတွက် ပိုက်ဆံတွေနင်းကန် အကုန်ခံကြပေတာပဲပေါ့။

ဆင်ခြင်တုံတရားလေးရှေ့ထားပြီးတခြားမွန်မြတ်တဲ့ နည်း တစ်နည်းနည်း၊ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ တစ်ဘ၀တာလက်တွဲကြရေးမှာ ပိုမိုတင့်တယ်သာယာစေမယ့် နည်းတစ်နည်းနည်းကို ကိုယ်ပိုင်ဥာဏ် ကလေးများနဲ့ ကြံဆဆင်နွှဲသွားမယ်ဆိုရင် ...

ကျွန်တော်တို့ဆီမှာတွင် ကျယ်လာတာကတော့ ဈေးကွက်စီးပွားရေး စတင်ခါစကာလက မြို့ပြတွေမှာ အပြိုင်းအရိုင်း ပေါ်ထွန်းလာတဲ့ ဟိုတယ်တွေနဲ့ ညဘက်ကပွဲ ခန်းမတွေက စလိုက်တာပဲလို့ ယူဆရပါတယ်။ ဟိုတယ်တွေကလည်း သူတို့ရဲ့ ချောကလက်တွေ ရောင်းကောင်းရေး၊ ညဘက်ကပွဲခန်းမတွေကလည်း သူတို့ခန်းမတွေမှာ လူစည်ရေးအတွက် သည်နေ့ကို မြန်မာတွေကြားမှာ မိတ်ဆက်လိုက်တဲ့အခါ ဇစ်မြစ်ကို ဂဃနဏ မသိသော်ငြား အများညီရင် ဤကို ကျွဲဖတ်ဖို့ ၀န်မလေးတဲ့ အထုံဝါသနာနဲ့ လူအများက အလွယ်တ ကူ နားယောင်သွားပြီးသည်နေ့ကို တခမ်းတနား လုပ်လာကြတော့တာပဲလို့ မြင်မိရပါတယ်။ မြန်မာရာဇ၀င်မှာ လည်း နတ်ရှင်နောင်နဲ့ ရာဇဓာတုကလျာ၊ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ၊ သုဓနုနဲ့ ဒွေးမယ်နော် အစရှိသဖြင့် အချစ်သူ ရဲ ကောင်းတွေ တစ်ပုံတစ်ပင်ရှိခဲ့ပေမယ့် အမှတ်အသားကောင်းတဲ့ အနောက်တိုင်း ရာဇ၀င်လိုနေ့စွဲ၊ ရက်စွဲနဲ့ အတိအကျ မဟုတ်လေတော့ကာ မြန်မာလူငယ်တို့အတွက် ရက်သတ်ဆင်နွှဲစရာ ချစ်သူများနေ့က မယ်မယ် ရရ မရှိဘူး။ ဒါကို အခွင့်ကောင်းယူတတ်တဲ့ စီးပွားရေးသမားတွေက ရောမဒဏ္ဍာရီထဲက ယုံတမ်းစကား ပလီ ပလာကို တင်သွင်းလာလိုက်တဲ့အခါမှာတော့ နားယောင်လွယ်သူများကြားမှာ ရေပန်းတွေ တအားစားကုန် တော့တာပါပဲ။
အဓိကကတော့ ဆင်ခြင်တုံတရားလို့ပဲ မြင်မိပါတယ်။ ဆင်ခြင်တုံတရားရှိမယ်ဆိုရင် သည်နေ့ဟာ ဘာနေ့လဲ၊ ဘယ်လိုကြောင့် ပေါ်လာရတာလဲဆိုတာ စူးစမ်းကြဖို့ သိပ်ကောင်းလှပါတယ်။ အနောက်တိုင်းကဟာမို့ပစ်ပယ် ရမယ်၊ အရှေ့တိုင်း ကသာ ပိုမြတ်တယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးအခေါ်မျိုးနဲ့ ပြောတာမျိုးမဟုတ်ပါ ဘူး။ ကမ္ဘာကြီးဟာ ရွာတစ်ရွာလို အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် လွယ်လင့်တကူ ကူးလူးဆက်ဆံလာ နိုင်တဲ့ ကနေ့လို ကာလမျိုးမှာ ယဉ်ကျေးမှုတွေ အပြန် အလှန် ကူးလူးယှက်နွယ်နေတဲ့ ရေစီးကိုလည်း ဘယ်သူ မှ တားဆီးလို့ မရစကောင်းပါဘူး။

ကတာ၊ ခုန်တာ၊ ဆိုတာ၊ တီးတာ၊ ၀တ်စားဆင်ယင်တာလို၊ စာပေ၊ အနုသုခုမသဘင်လိုယဉ်ကျေးမှုတွေ ကူးလူးယှက်နွယ်နေတာ အင်မတန်မှ ချစ်စရာ၊ နှစ်လိုစရာကောင်းပါတယ်။ လူသားတိုင်းရဲ့ မူလအခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ် လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကြောင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ တခြားဘာသာဝင် အသီးသီးရဲ့ ဘာသာရေးပွဲတော်တွေဟာလည်း ပျော်စရာ၊ ကြည်နူးစရာပွဲတော် များသာ ဖြစ်တာမို့ တရုတ်နှစ်သစ်ကူးဆိုလည်း တရုတ်နှစ်သစ်ကူး အလျောက်၊ ခရစ္စမတ်ဆိုလည်း ခရစ္စမတ် အလျောက်၊ အစ္စလာမ်တို့ရဲ့ အစ်ပွဲတော်ဆိုလည်း အစ်ပွဲတော်အလျောက် ကျွန်တော်တို့မြန်မာ တွေလည်း တစ်နည်းတစ်ဖုံ ပါဝင်ဆင်နွှဲ ပျော်ပွဲဆင်နေကြတာကို သဘောမတူစရာ အကြောင်းမရှိပါဘူး။

သည်ချစ်သူများနေ့ကတော့ဗျာ၊ ကျွန်တော့်စိတ်ထဲတယ်လည်း ဘ၀င်မကျမိဘူး။ မကြာသေးခင်ကမှ အလား တူတွင်ကျယ်လာတဲ့ အမေနေ့၊ အဖေနေ့ဆိုတာများလိုပဲ ခံစားရပါတယ်။ အမေ၊ အဖေကို တစ်နှစ်မှာ ၃၆၄ ရက်လုံးလုံး ဂရုမစိုက်၊ ပစ်ပယ်ထားပြီး အမေနေ့၊ အဖေနေ့ကျတော့မှ သတိတရနဲ့ သွားကန်တော့မယ်ဆိုရင် ဘယ်အမေ၊ ဘယ်အဖေက ကြည်နူးနိုင်ပါလိမ့် မလဲနော်လို့ ပြောရင် ကျွန်တော်က ခွကျတယ်ဖြစ်ဦးမယ်။
ဒါပေမယ့် သေချာစဉ်းစား ကြည့်တော်မူပါခင်ဗျာ။ အမေနေ့ကျမှ အမေ့ကိုကန်တော့၊ အဖေနေ့ကျမှ အဖေ့ကို ကန်တော့မယ့်အစား မိခင်၊ ဖခင်များ အသက်ရှင်နေခိုက်၊ သူတို့အတွက် လူ့လောကကြီးမှာ နေရမယ့်ရက် နည်းသထက်နည်းလာခိုက်မှာ နေ့တိုင်းမတတ်နိုင်ဘူး ဆိုရင်တောင် တစ်လတစ်ကြိမ်၊ နှစ်ကြိမ်၊သုံး၊လေး ကြိမ်သတိလေးထားပြီး သူတို့ကြိုက်တတ်တဲ့ စားစရာလေးနဲ့ဖြစ်ဖြစ်၊ စားစရာမတတ်နိုင်ရင်တောင် သူတို့နား မှာနေပြီး သူတို့ပြောတဲ့ စကားလေးတွေကို အဖန်ဖန်ကြားပြီးဖြစ်သည့်တိုင် စိတ်ရှည်လက်ရှည် နားထောင် ပေးတဲ့ နည်းလေးနဲ့ဖြစ်ဖြစ် အလုပ်အကျွေးပြုဖြစ်ကြတာက ပိုမကောင်းပေဘူးလား ခင်ဗျာ။
 ချစ်သူများနေ့ ဆိုတာလည်း အလားတူပါပဲ။ ချိန်တန်ရွယ်ရောက် လူလားမြောက်လာတဲ့အခါမှာ တခြားတစ်မိသားအပေါ် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးတဲ့ စိတ်ဆိုတာ ပေါ်ပေါက်လာစမြဲပါပဲ။ အဲဒီ့ကမှ အိမ်ရာထူထောင်ကြရမယ်၊ ဘ၀ကို အတူယှဉ်တွဲ ရုန်းကန်ဖြတ်ကျော်ကြရပါမယ်။
ဆင်ခြင်တုံတရားလေး ရှေ့ထားပြီး မောင်တို့မယ်တို့သာ ဥာဏ်ကလေးနဲ့ ချစ်ကြမယ်ဆိုရင် ချစ်သူများနေ့က အထူးလိုအပ်စရာ ဘာအကြောင်းမှမရှိပါဘူး။ သည်နေ့ကျတော့မှ ချစ်နေပြီး ကျန်တဲ့နေ့ တွေကျရင် တစ်ယောက်ကိုတစ်ယောက် မကြည့်ချင်။ မမြင်ချင် အောင်ဖြစ်နေကြမှာမှ မဟုတ်တာပဲလေ။
 အဲတော့ သည်နေ့ကို ဆင်နွှဲမယ်ဆိုလည်း လူငယ်လူရွယ်တို့ ဘာသာ ဘာဝအများနဲ့ညီမှ ခေတ်မီမယ်ဆိုတဲ့အတွေးနဲ့ ဆင်နွှဲတာကို မတားချင်ပါဘူး။ ဒါပေမယ့် ဆင် ခြင်တုံတရားလေး ရှေ့ထားပြီး တခြားမွန်မြတ်တဲ့ နည်းတစ် နည်းနည်း၊ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ တစ်ဘ၀တာ လက်တွဲကြရေးမှာ ပိုမိုတင့်တယ်သာယာစေမယ့် နည်းတစ် နည်းနည်းကို ကိုယ်ပိုင်ဥာဏ်ကလေးများနဲ့ ကြံဆဆင်နွှဲသွားမယ်ဆိုရင် စီးပွားရေးသမားတွေရဲ့ သားကောင် ဘ၀က လွတ်မြောက်သွားနိုင်မှာလည်း မလွဲပါဘူးခင်ဗျား။
အဲ... သည်ကြားထဲမှာ သည်နေ့အတွက် အင်မတန်ထူးခြားတဲ့ အချက်အလက်သစ်တစ်ခုကိုလည်း သည်နှစ် မှာမှ ကြားရမြင်လိုက်ရ ပြန်ပါသေးတယ်။ ကျွန်တော့်ကို မေးသွားတဲ့ နိုင်ငံခြား အသံလွှင့်ဌာနက မေးခွန်းထဲ မှာပါလာလို့ စတင်သတိထားမိခဲ့သလို အင်တာနက်ပေါ်က မြန်မာတို့ရဲ့ လူမှုရေးကွန်ရက်ပေါ်မှာလည်းပဲ သည်အချက်ကို ဖျတ်ခနဲတွေ့လိုက်မိပါတယ်။ အဲဒါကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မြို့ကြီးများပေါ်က တည်းခိုခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေမှာ နေရာမရလောက်အောင်တောင် ပြည့်နှက်နေတယ်ဆိုတဲ့ သတင်း မဟာပါပဲ။
 စီးပွားရေးသမားတွေရဲ့ လက်ချက်ကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ကွပ်မျက်ခံရတဲ့နေ့က နေ ချစ်သူများနေ့ရယ်လို့ ဖြစ်လာ၊ မြန်မာပြည်ကို ရောက်လာတော့ တချို့သော ယောက်ျားပျိုလေးများရဲ့ အသွင်ပြောင်းမှုကြောင့် ချစ်သူများနေ့ကနေ သွေးသားကိစ္စနေ့ အဖြစ် ပြောင်းသွားပါပေါ့လားလို့ ရင်မောစွာ တွေးလိုက်မိရပါတယ်။ အဲဒီ့နေ့မှာ အကာအကွယ်မဲ့ ချစ်တင်းနှောကြမယ့်သူက အများသားဆိုတာလည်း တွေးမိသွားရ ပြန်တာမို့ ချစ်သူများနေ့ဟာ သွေးသားကိစ္စနေ့မှသည် HIV ပိုး အပါအ၀င် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများ ပြန့်ပွားရေး နေ့တစ်နေ့အဖြစ် ပြောင်းလဲသွားနိုင်တာကို မြင်လာရင်း စိတ်မောသွား မိပါတယ်။
အချစ်ကို ကိုးကွယ်လိုကြတဲ့၊ နှာခေါင်းမပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ ခေတ်အဆက်ဆက် အပြော ခံခဲ့ကြရတဲ့ သမီးငယ်လေးများ သတိထားသင့်တဲ့နေ့လို့တောင်မှ သည်နေ့ကို ပြောင်းလဲ ခေါ်ဝေါ်သင့်ကြပြီ ထင်ပါတယ်။
 သည်လောက်ဆိုရင် ကျွန်တော်တို့ ကိုးကွယ်ရာ ဘာသာနဲ့ လည်း ဘယ်လိုမှမသက်ဆိုင်၊ ရိုးရာ ဓလေ့ထုံးတမ်းလည်း မဟုတ်သလို သက်ဆိုင်တဲ့ ခရစ်ယာန် ဘာသာဝင်တွေရဲ့ တကယ့်နေ့ထူး နေ့မြတ် အစစ်လည်း မဟုတ်ဘဲ စီးပွားရေးသမားများရဲ့ ထွင်လုံးကြောင့် ကမ္ဘာမှာ တွင်ကျယ်လာနေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့ဆိုတာရဲ့ သဘောသဘာဝ အစစ်အမှန်ကို မှန်းဆနိုင်ကြပြီလို့ မျှော်လင့်မိရပါတယ် ခင်ဗျား။  
                                            အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

Written by အတ္တကျော်   

(၀၂၀၂၁၂)စာညွှန်း
Encyclopedia Britannica, 2007http://en.wikipedia.org/wiki/Valentine's_Day

သူတောင်းစားသိက္ခာ

on Wednesday, February 1, 2012

 သူတောင်းစားသိက္ခာ


          " ဟူး.. ခက်ပါ့ကွာ ၊ ဒီလောကမှာ သူတောင်းစားတွေကို ရှောင်မလွတ်ပါလား။
          'မင်းကလဲ အရင်းအရှိ အဖျားမရှိ နဲ့ ဘာတွေ ဖြစ်နေတာလဲကွာ။ '
        ကျွန်တော်တို့ သူငယ်ချင်းတစ်စု ရေနွေးကြမ်းဝိုင်းဖွဲ့နေရာသို့ ကိုမိုးတစ်ယောက် ငြီးငြူပြီးဝင်လာသဖြင့် ကိုမော်ကြီးက မေးလိုက်ခြင်းဖြစ်ပါ၏။
         ငါ့အစ်ကို မြို့ထဲမှာ ခြံဝယ်ထားတာဟေ့ ၊ အဲဒါ ငါ လိုက်လုပ်ပေးနေရတာ အစ်ကိုက တရားသဖြင့် သူရထားတဲ့ ငွေကြေး နဲ့ ခြံကို တန်ရာတန်ကြေး ပေးဝယ်တယ်။ အဲဒါ တကယ်အရောင်းအဝယ်ဖြစ်တဲ့ ဈေးအ တိုင်း ဖေါ်ပြပြီးကျသင့်အခွန်ဆောင်ပါမယ်ပြောတာ ၊ မောင်မင်းကြီးသား အခွန်မှူးက သူ့ကို သိန်း ၂၀ ပေးရ မယ် ။ အားလုံး အပြီးအစီးလုပ်ပေးမယ်ပြောတယ် ။ အစ်ကိုက မဟုတ်ဘူး ။ သူ့အနေနဲ့ ကျသင့်သ လောက် အမှန်အကန်ပဲဆောင် ပါ့မယ် ၊ အမှန်အတိုင်းသာလုပ်ပေးပါလို့ ပြောတာကို အဲလိုပြောရပါ့မလား ဆိုပြီး ဟိန်း ဟောက် ပညာပြနေတာဟေ့......... နောက်ဆုံး ဘယ်လိုမှ မဖြစ်တော့ တာနဲ့ သူတောင်းတဲ့ သိန်း ၂၀ ပေး လိုက်မှ လိုအပ်တဲ့ စာရွက်စာတမ်းချက်ချင်းလုပ်ပေးလိုက်တာ။ ပြီးတော့ ကျုပ်တို့က ခင်ဗျားရဲ့ ငွေလောက်ကို ဂရုမစိုက်ဘူး အားလုံးအဆင်ပြေအောင် စေတနာနဲ့ ကြားကနေ တာဝန်ယူလုပ်ပေးတာ နားလည်လားဆိုပီး ပြောလိုက်သေးတယ် ။ တကယ့်သူတောင်းစားအကြီးစားတွေကွ ။ ငွေလည်းပေးရသေး ၊ စိတ်ဆင်းရဲရတယ် ။ အတော်ခံပြင်းဖို့ ကောင်းတယ် ။
     အေးမင်းပြောတာ မှန်သကွ ၊ ငါလည်းတလောက ကုန်ကား နဲ့ နယ်စပ်ဘက်သွားတာ ဂိတ်က ငနဲတွေက အထက်က ကျွန်တော်တို့ကို ကားတွေကို သေချာစေ့စေ့စပ်စပ် ရှာခိုင်းထားတယ်။ အဲဒီတော့ ကုန်အားလုံးချ ပီး ရှာမယ်၊ ကုန်အားလုံး ချအရှာခံချင်ရင် တစ်သိန်းပေးရမယ်ဆိုလို့ မနည်းတောင်းပန်ပီး ငါးသောင်း နဲ့ ညှိခဲ့ ရတယ်၊ ငါတို့ ဆယ်ဘီးကားတွေက ကုန်ကို တစချင်းစီချရှာရင် ကုန်တင်ကုန်ချခနဲ့တင် မွဲသွားမယ် ၊ ဒီကြား ထဲ ပုစွန် ၊ ဂဏန်းပို့တဲ့ကား  ကြက်သွန် ဖရဲသီး ပို့တဲ့ကားမျိုးဆို အချိန်ပုပ်တာနဲ့အမျှ ဟိုဘက်ရောက်ရင် အပုပ်တွေ အပျက်အစီးတွေ များပီး သိန်းချီရှုံးမှာ ဒီထက်ကံဆိုးရင် အားလုံးကိုလမ်းဘေး သွန်ပစ်ခဲ့ရပီး စီးပွားပျက်သွားနိုင်တယ် ။ဒီတော့ကိုယ့်ဖက်က တရားမဝင်ပစ္စည်း ဘာမှ မပါပေမယ့် အချိန်လုပီး စီးပွား ရှာရ တာမို့ သူတို့ညစ်သမျှ သိသိကြီးနဲ့ အောင့်သက်သက်ပေးပြီး ကို့လမ်းကြောင်းချောအောင် ကြံဖန်စီစဉ်ရ တော့တာ ။ ဒီကောင်တွေကမှ လူထုအားနည်းချက် အညှာကိုင်ပြီး အနိုင်ကျင့်ငွေညှစ်တဲ့ တကယ့်သူတောင်း စားကွ ။
     
        ကိုမော်ကြီး ပြောတာ မှန်သည်။ ကိုယ်က ဘယ်လိုပင်ဖြူစင်ရိုးသားစွာ လုပ်ကိုင်ဆောင်ရွက်သည့်တိုင် သည်လို ဂိတ်မျိုးမှ ဝန်ထမ်းဆိုး ဝန်ထမ်းညစ်များ တာဝန်ကျနေသည် နှင့် ကြုံပြီး အညှစ်ခံရလျှင် ဘာမျှ စော ဒက တက်မနေနိုင် ။ အထက်က အရေးယူမယူ မသေချာသော်လည်း မိမိတို့ ပါလာသည့် ကုန်စည်များ ရည် မှန်းရာသို့ အချိန်မှီမရောက်ဘဲ ဆုံးရှုံးသွားမည်ဆိုခြင်းမှာမူ အလွန်သေချာနေရကား ရွေးချယ်စရာ လမ်းမရှိ တော့ဘဲ ထိုဝန်ထမ်းဆိုးများ အလိုကျ တောင်းသမျှငွေကိုပေးပြီး ကိုယ့်ခရီး ကိုယ်ဆက်ကြရသည်မှာ ထုံးစံ သဖွယ်ဖြစ်နေလေပြီ။ ဤဖြစ်စဉ်မျိုးကြောင့် အတိုင်ခံရ၍ ပြုတ်သူ ပြုတ်။ ထောင်ကျသူကျ ဖြစ်ခဲ့ဖူးသည်မှာ လည်း ရေတွက်မရနိုင်တော့ ၊ သို့သော် သည်နေရာရောက်သည်နှင့် အတတ်နိုင်ဆုံး အပွကြံမည် ဆိုသည့် ရိုးသားမှူရောင်းစားသော ဝန်ထမ်းများအကြား ရေများရေနိုင်ဖြစ်သွား ဟန် ရှိသည် ။
    မော်ကြီးပြောတာလည်း ဟုတ်တာပဲ၊ အေးကွာ ကိုမိုးငြီးသလိုပဲ သွားလေရာ ဒီသူတောင်းစားတွေနဲ့ တွေ့နေရတယ်ဆိုတာလည်း မှန်တာပဲ ။ ငါလဲ ခံစားထားရတာရှိတယ် ။ ငါ့မိဘတွေ ဆွေစဉ်မျိုးဆက် ဒို့မြို့မှာ နေလာတာကြာပြီ နှစ်ပေါင်း ကိုးဆယ် ၊ တစ်ရာ အသာလေးရှိရော့မယ်၊ ငါ့ဆွေမျိုးမိဘတွေထဲမှာ အသား မည်း ၊ အသားဝါ ဘယ်လူမျိုးမှ သွေးမနှောဘူး ၊တိုင်းရင်းသားစစ်စစ်တွေ ၊ ဒါကို တမြို့လုံးတနယ်လုံးက သိတယ် ။ အဲဒါကွာ မနှစ်က ရေကြီးလို့ မှတ်ပုံတင်တွေ ပျောက်သူပျောက် ၊ ပျက်သူ ပျက်ဖြစ်တယ်။ ဒါ့အပြင် ၁၈ နှစ်ပြည့် ငါ့တူက ဆယ်တန်းအောင်ပြီး စစ်တက္ကသိုလ်လျောက်ချင်လို့ မှတ်ပုံတင်လုပ်တယ် ။ လိုအပ်တဲ့ ထောက်ခံချက် စာရွက်စာတမ်းတွေ အစုံပါတာတောင် အဲဒါကို အညှာကိုင်ပီးလုပ်မပေးဘူး ။ မှတ်ပုံတင်တစ်စောင်အတွက် ငါးသောင်းတောင်းတယ်။အဲဒါပေးမှလုပ်ပေးတယ်။ ဒီတော့ အထက်က ဘယ်လို ပြင်နေတယ်ပြောပြော အောက်ခြေမှာ အကျင့်မပြင်သမျှ လူထုက သူတို့ကို ဘယ်လိုမှ အမြင်မှာ ကြည်လာမှာမဟုတ်ဘူး ။ လူတိုင်းဟာ ဋ္ဌာနဆိုင်ရာနဲ့ ဆက်ဆံဖို့ ဝန်လေးနေကြတယ်။ တိုင်လဲ မထူးဘူးလို့ ထင်သွားကြတော့တာ။
    ကဲပါကွာ ဒီလောက်လဲ မခံစားပါနဲ့ ဒါခေတ်ရေစီးကွ မင်းတစ်ယောက်တည်း တားစီးလို့မရဘူး ။ အားလုံး ပျက်နေတဲ့ အထဲမှာ မိုးခါးရေမသောက်ရင် မင်းလည်းရူးမှာပဲ ။
     ဟာ ဒီလိုတော့ ဝါးလုံးရှည်နဲ့ မသိမ်းနဲ့လေ ။ တို့က အခွန်ထမ်းပြည်သူတွေ ဖြစ်တယ် ။ ဝန်ထမ်းဆိုတာ ပြည်သူရဲ့ အကျိုးသယ်ပိုးရမယ့်တာဝန်ရှိသူဖြစ်တယ်။ သူတို့ဟာငါတို့ တိုင်းပြည် အခွန်ကိုစားနေကြ သူတွေ ဖြစ်တယ်။ ဒီတော့ ဒီဝန်ထမ်းတွေ အကျင့်မှန်။ စရိုက်မှန်ဖို့ တို့တတွေကလည်း အတတ်နိုင်ဆုံး ပဲ့ပြင်သွန်သင် ပေးရမယ် ။ သူတို့တတွေ လမ်းကြောင်းမှန်ပေါ်ရောက်အောင်ကြိုးစားကြရမယ်။ လမ်းမှန်ပေါ်ရောက်ခြင်း မရောက်ခြင်း ဆိုတာကတော့ ကုသိုလ်ကံပေါ့ကွာ ။ ငါ့သဘောအရ သီလထိန်းဖို့ သန္နိဋ္ဌာန်ချထားပြီး သူအဖို့ မိုးခါးရေဆိုတာ ပုံပြင်ထဲမှာပဲ ရှိတယ်လို့ သဘောပိုက်ပြီး လစ်လျူရှူထားရမှာပဲ ။ ကိုယ်ကတော့ ကိုယ့် အမြင်အတိုင်း ကိုယ့်လမ်းကိုယ် မဖဲ့မစောင်း သွားနေရမှာပဲ ။
  အေးပါ ကိုမိုးရယ် မင်းရဲ့ မွန်မြတ်တဲ့ စိတ်ကို ငါ လေးစားပါတယ် ။ ငါက ဝန်းကျင်မှာ ဖြစ်နေတာကို ခြုံငုံ ပြောတဲ့သဘောပါ ။ တလောက ငါ့မိဘများနေတဲ့ ပါရမီဘက်က အိမ်မှာ မီးအားဆောင့်တက်တာ ဖြူ့စ် ( Fuse )က မပြတ်ပဲ မီးအားတိုက်ရိုက်ဝင်သွားလို့ မီတာ Box လောင်သွားတယ် ။ ငါလဲဖြစ်ဖြစ်ချင်း သက်ဆိုင် ရာဆီ သွားပြီး အကြောင်းအကျိုးပြောပြ သတင်းပို့တယ်။ အဲဒီကိစ္စ မီတာလဲဖို့လုပ်ရတာ သုံးသိန်းလောက် ကုန်သွားတယ် ။ အှန်တော့ သူတို့ တပ်ထား တဲ့ ( Fuse ) တွေက မီးအားတွေမြင့်တက်လာချိန်မှာ အလို အလျောက်မီးမဖြတ်ဘဲ အိမ်ထဲကို မီးအားတိုက်ရိုက်ဆောင့်ဝင်တော့ ပစ္စည်းလောင်တာတွေတို့ ပျက်စီးတာ တွေတို့ဖြစ်တာပေါ့။ အဲဒါကို အိမ်ရှင်ကြောင့် ပဲ ဖြစ်သလို သူတို့မှာ လုံးဝ တာဝန် မရှိသလို ပုံချတော့တာပဲ ။ ဒီကြားထဲ  ငါတို့ ရပ်ကွက်ထဲ မီတာပုံးတွေကို လာစစ်ပြီး မီတာခကျတော့ ခါတိုင်း နှစ်သောင်း ၊ သုံးသောင်း ကျရာကနေ ရှစ်ထောင် ၊ တစ်သောင်း ဖြစ်သွားလို့ ဆိုပီး ဒဏ်ရိုက်သေးတယ် ။ မီတာပုံးကို သူတို့ ဖာသာ ဖြုတ်  ၊ သူတို့ ရုံးကိုယူသွားပြီး စစ်ဆေးချက်အရ လက်ရာပျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒဏ်ငွေသိန်းချီ ဆောင်ရတယ် ၊ ဒဏ်ကြေးက သူတို့ ပါးစပ်ထဲမှာတင်ဖြစ်နေတာ ။
    ပြီးတော့ မီတာခဆိုတာ ကြမ်းခင်းဈေးသတ်မှတ်ထားလို့ရတဲ့ အရာအဟုတ်ဘူးလေ လျှပ်စစ်ဓါတ်အားကို တသမတ်ထဲ သုံးချင်မှ သုံးမှာပေါ့ နွေမှာလေအေးစက်သုံးတယ် ။ ပန်ကာသုံးတယ် ဆိုပေမယ့် ဆောင်းရာသီ မှာတော့ အဲဒီပစ္စည်းတွေမသုံးတော့ မီတာ အသုံးလျော့သွားတာကို မစဉ်းစားဘူး ။ ဒီကြားထဲ မီးက ပုံမှန်လာ တာမဟုတ်ဘူး ။ ခဏခဏဖြတ် ၊ ခဏခဏ ပျက်နဲ့ ဒါကို လည်းထည့်မတွက် ၊ မီတာခသက်သာသွားတာကို မီတာခိုးလို့ပဲဆိုပြီး ဝိုင်းကြီးချုပ်လုပ်တာ ၊ ရိုးသား ပြီါ် အပြစ်မဲ့သူတွေကို အတော်ထိခိုက်စေတယ် ၊ ပိုဆိုး တာက တနေ့ကပဲ လွန်ခဲ့တဲ့ ငါးနှစ်စာအတွက် မီတာခ ဆယ်နှစ်သိန်းကျော်ဆောင်ရမယ်ဆိုပြီး သတိပေးစာ လာပို့တယ် ။ အဲဒါနဲ့ ငါက ခင်ဗျားတို့ဟာ မဟုတ်သေးပါဘူး ။ မီတာခဆိုတာ လစဉ်ငွေရှင်းရတာ ၊ သတ်မှတ် ရက်အတွင်း မီတာမဆောင်ရင် ခင်ဗျားတို့ပဲ မီးဖြတ်ပစ်တာပဲ ။ ငါးနှစ်စာမီတာခမဆောင်ခဲ့ဘူးဆိုရင် ဘာလို့ ဒီအိမ်ကို အခုထိမီးဆက်ပေးတာလဲ ၊ ဘာဖြစ်လို့ ဒီကြားထဲမှာ သတိပေးလွှာ ၊ ငွေတောင်းခံလွှာ မပို့ပေးတာ တွေ မရှိခဲ့တာလဲဆိုပြီးပြောတော့ ဒါစီမံချက် ၊ မဆောင်ရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တယ် ၊ ဒါနဲ့ တအိမ်လုံး အဖေက မီတာခ ပြေစာစာရွက်တွေစနစ်တကျသိမ်းထားလို့ အားလုံးပြန်တွေ့တယ် ။ ဒါနဲ့ မီတာရုံးသွားပြီး ပြေစာတွေပြပီး မီတာခဆောင်ထား ပြီးကြောင်း ပြောတော့ တာဝန်ရှိသူက ဆောရီး ( Sorry) တဲ့ ။ ကျွန်တော်က ဒီကိစ္စကို မကျေနပ်ဘူး ။ အထက်ကိုတိုင်မယ်ပြောတော့ သူတို့ ဝန်ထမ်းတွေ ဒုက္ခရောက်သွားပါမယ် ဒီတစ်ကြိမ်တော့ သီးခံခွင့်လွှတ်ပေးပါဆိုပြီးပြောတယ် ။ ဒါဟာပြည်သူ့ဝန်ထမ်းတစ်ဦးရဲ့ လုပ်ရပ်မဟုတ်ဘူး ။ သူတို့ Black date နဲ့ ကောက်ခံတယ်ဆိုတဲ့ ဒီအခွန်အခ တွေဟာ နိုင်ငံတော်အိတ်ထဲ ရောက်မှာ မဟုတ်ဘူး ဒါသူတို့အတွက် တမင်အကွက်ဖန်ပြီး ဆောင်ရွက်နေ တာပဲဖြစ်မယ် လို့ ငါထင်တယ် ဟ ဗေဒါရ။ ဒီသူတောင်းစား ဇါတ်လမ်းက ဋ္ဌာနဆိုင်ရာ သာမကဘူး ကွ ပုဂ္ဂလိကလည်း ဒီအတိုင်းပဲ ။ တနေ့က ခရီးသွားရင်း ငါ့ကားဆီနည်းနေလို့ ပုဂ္ဂလိက ဆီဆိုင်မှာ ဝင်ဖြည့်တယ် ၊ အမလေးးး.....ဆိုင်းဘုတ်ကြီးတွေ ပြူးတူးပြဲတဲ နဲ့ ဓါတ်ဆီဈေး ဘယ်လောက်ဒီဇယ်ဈေး ဘယ်လောက် နဲ့ မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ပါသည်တဲ့။ ရေးထားလိုက်တာများ အားရစရာကွာ။ ဒါနဲ့ ငါက ဓါတ်ဆီ နှစ်ဂါလန်ထည့်ပေးဖို့ ပြောတော့ စမတ်ကတ်လားဆိုလား စာအုပ်ဆိုလား မပါလို့ ရောင်းမပေးဘူး တဲ့ ။ ကဲ အဲဒါ လွတ်လပ်စွာ ရောင်းချ ပေးတာတဲ့လား ။ အဲဒါ လူထုကို သက်သက်ကလိန်ကျထားတာကွ။ ဒီဆိုင်တွေက အပြင်ဈေးတက်ရင် သူတို့လည်းဈေးလိုက်တက်တယ် ။ လိုသလောက်ရောင်းမပေးဘူး ။ အရင်အစိုးရဝန်ထမ်းတွေလိုပဲ ဆိုင်ကငနဲတွေ က အပြင် ကိုဆီခိုးထုတ်တယ်။ ဒီကြားထဲ လွတ်လပ်စွာ ရောင်းပေးသလို စာကပ်ပြီး လူထုကို ဗြောင်လိမ်တယ်။ အပြင်ဈေးတက်တိုင်းဈေးတင်ရောင်းတာကတော့ လမ်းဘေးတွေ တသက်လုံးလုပ်လာတဲ့နည်း ၊ အဲဒီလို ကြိုက်သလို ဈေးကစားပီး ရောင်းဝယ်ဖို့ ဆိုတာမျိုးကို လုပ်ငန်းရှင်အမည်ခံထားသူတွေ မလုပ်အပ်ဘူး ။ လူထုကတော့ မျက်လှည့်ပြခံရပြီး ခံရမြဲအတိုင်း ခံနေရတာ ပဲ ၊ ဒီတော့ ဒီလို လူမျိုးတွေကိုလည်း ခေတ်သစ်သူတောင်းစားတွေလို့ ပြောရလိမ့်မယ်။ အရှိန်ရလာလို့ တဆက်တည်းပြောရဦးမယ်။ ဟိုမြို့ကြီးတစ်မြို့မှာ ဈေးအိမ်သာတွေ ကန်ထရိုက်ပေးထားတယ် ။ အိမ်သာတခါတက် ၁၀၀ ကျပ်ပေးရတယ်။ ငွေသာအငမ်းမရကောက်တာ အိမ်သာ က အညစ်အကြေးတွေ ပေနေတယ်။ တခါတခါရေမရှိဘူး စက္ကူချမပေးဘူး ဒီတော့ ဒါတွေဟာ လူထုကို အနိုင်ကျင့်နေကြတာပဲ မဟုတ်ဘူးလားကွာ ။ ကို့ အပိုင်းက ဖြည့်ဆည်းရမယ့်ဟာတွေ ဘာမှ မလုပ်ပေးဘဲ ကျသင့်ငွေထက်ပိုပြီး လူထုဆီက ငွေယူနေကြတယ် ။
    မော်ကြီးက ကားသမားဆိုတော့ နယ်စုံအခြေအနေ ကိုသိတာပေါ့ ။ မင်းပြောတာတွေ ဟာ အမှန်တွေပါ ပဲဗျာ ။ ငါ့ဇာတိမြို့မှာ တို့မြို့ နဲ့ တဖက်ကမ်းကရွာ ကိုကူးတို့ နဲ့ကူးရတယ်။ မြစ်ဖျားဘက်ဆိုတော့ နွေဆို မြစ်က ခပ်ကျဉ်းကျဉ်းပါ ။ မိုးတွင်းမှာပဲ မြစ်ပြင်ကျယ်တာ ၊ရွာကလူထု က ဈေးရောင်းဈေးဝယ်ဆေးရုံဆေးခန်းပြတာ ၊ ပညာရေးအတွက် ကျောင်းတက်တာကအစ မြို့ကို ဥဒဟို လာနေရတော့ ည ၉နာရီ ၁၀နာရီ ထိ တနေ့လုံး အကူးအလူးမပြတ်စတမ်းရှိတယ်. အဲဒါကြောင့် ကူးတို့ခ ကို အစဉ်အဆက် လူထုအတွက် ဖြစ်သင့်တဲ့ နှုန်း ၊ လုထုတတ်နိုင်တဲ့ နှုန်းပဲသတ်မှတ်ပေးထားတာ ။ ဒါတောင်ကူးတို့ခက ငါးကျပ်ကနေ တက်လာတာ ငါးဆယ် ကျပ်အထိဖြစ်လာတယ် ...... ဟော မနှစ်က ကူးတို့လေလံပစ်တော့ လုပ်နေကျဒေသခံလူလက်ထဲကနေ တစိမ်းလူကို လေလံပေးလိုက်တယ် ၊ အဲဒီလူက လေလံ လည်းရရော ငါးဆယ်တန်ကူးတို့ ကူးခ ကနေ ငါးရာ ချက်ချင်း တိုးမြှင့်ကောက်တယ် ။ ပြီးတော့ ကျန်တဲ့လူတွေကို လှေသမ္ဗာန်တောင်ကူးခွင့်မပေးပဲ ကူးတို့နဲ့ မကူးရင် ဖမ်းတယ်။ လူထုက ခါးစည်းခံနေရတာပေါ့ ။ အဲဒါ နယ်ခံလွှတ်တော်ကိုယ်စားလှယ်က သက်ဆိုင်ရာ ဋ္ဌာနကိုပြောပြီး အတန်တဆငွေကောက်တာကိုအရေးယူပေးပါ ၊ တင်ဒါစည်းကမ်းအတိုင်းသာ ငွေကောက် ခိုင်းပါဆိုမှ ကူးတို့ ခ ကို နှစ်ရာကျပ်ဆိုတာတောင် တကယ်တော့ အတော်များသေးတယ် ။ တို့ဒေသ အခြေ အနေ မြစ်ကြောင်းရဲ့ အနေအထားအရ အလွန်ဆုံး တစ်ရာလောက်ပဲ သင့်တာ ဒီလူတွေ ဒီတော့စီးပွားရေး သမား ဆိုတဲ့ လုပ်ပုံ ဘယ်လောက်မိုက်ရိုင်းသလဲ ဒါကို ဒီလူက တို့ ဋ္ဌာန အတွက်အခွန်ပေးနေတာပဲ မတရား မှုမှန်းသိပါလျက်နဲ့ တာဝန်ရှိသူတွေက လက်ပိုက်ကြည့်မနေဖို့မသင့်ဘူး ။ ဒါဟာ လူထုကို အဓမ္မနည်းနဲ့ လှည့်ပတ်တောင်းစားနေတဲ့ ခပ်ယုတ်ယုတ် သူတောင်းစားလုပ်ရပ်ဖြစ်တယ် ။
     မင်းတို့ ပြောတာတွေ အားလုံးမှန်ပါတယ် ။ ဒါပေမယ့် တို့တတွေက ခလုတ်ထိမှ အမိတကြတာ ၊ ကိုယ်ခံ ရရင် ပြောမဆုံးဘူး ။ ကိုယ်လည်းကိုယ့်ခွင်ထဲရောက်ရင် မညှာမတာ အပြတ်အုပ်တာပဲ မဟုတ်လား ။ အဲဒီ အခါမှာ ငါ့လုပ်ရပ်ကြောင့် အပြစ်မဲ့ ပြည်သူတွေ တဖက်လူတွေ ဘယ်လို ခံစားနေရမယ်ဆိုတာ ဘယ်သူမှ မစဉ်းစားတော့ဘူး ။ သူများအဖြစ်ချည်းပဲ ပြောမနေဘဲ ကိုယ့်ကိုကိုယ် ဆင်ခြင်ပြုပြင်ဖို့ လည်းလိုတယ် ၊ အခု မင်းတို့ ပြောတဲ့ သူတောင်းစားစာရင်း ကိုချုပ်ကြည့်လိုက်တော့ ပြည်သူ့ ဝန်ထမ်းတွေသာမကဘူး ။ ပုဂ္ဂလိက ဝန်ထမ်း ၊ ကုမ္ပဏီဝန်ထမ်း ရိုးရိုးအရပ်သား အားလုံးထဲမှာ သူတောင်းစားတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှင်သန်နေ ကြတယ် ။ အဲဒါကို တာဝန်ရှိသူအားလုံးက တာဝန်သိသိ နဲ့ ဝိုင်းဝန်းဆန့်ကျင် နိမ်နှင်းဖို့ လိုသလို အခွန်ထမ်း ပြည်သူ အားလုံးကလည်း တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပူးပေါင်းဆေင်ရွက်ကြဖို့လိုအပ်နေပြီလို့ ပြောရ မှာပဲ.....။
       ဟေ့...ဟေ့..... ငါက မင်းတို့ ပြောသမျှ ဘေးကနားထောင်နေတာ ငါဘဝင်မကျတာတခုရှိသကွ ။ မင်းတို့က လူထုဆီက အမျိုးမျိုးညစ်ပါတ် အနိုင်ကျင့်ပြီး ငွေညှစ်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ ပုဂ္ဂလိက ဝန်ဆောင်မှု ပေးနေတဲ့သူတွေကို သူတောင်းစား သူတောင်းစားနဲ့ ရင့်ရင့်သီးသီး ပြောကြတာ ငါ မကြိုက်ဘူး သိက္ခာကျတယ်ကွ.....။
         ဟ..... သိက္ခာမကျချင်ရင် စည်းစနစ်နဲ့ ဂုဏ်သိက္ခာနဲ့ ညီအောင်နေကြပေါ့ကွ ... ဒါရင့်သီးတာ မဟုတ်ဘူး.....သဘောပေါက်အောင်ပြောနေတာ......
       ကျွန်တော်တို့ စကားဝိုင်းတွင် ဘေးမှထိုင်ပြီး ငြိမ်သက်စွာနားထောင်နေသော ဖိုးစိုးက ဆိုင်းမဆင့် ဗုံမဆင့် ဝင်ပြောလိုက်သဖြင့် ကိုမိုးက ဝင်ထောက်လိုက်ခြင်းဖြစ်သည်....။
          အော်မင်းတို့ကလဲ......ငါ့စကားဆုံးအောင်နားထောင်လေကွာ... ။ သီလမစောင့်ထိန်းသူအတွက် ကျစရာသိက္ခာနဂိုကတည်းကမှ မရှိတာ ၊ ငါတွေးမပူပါဘူး .....၊ သိက္ခာကျတာက သူတောင်းစား တွေဖက်က သိက္ခာကျတာ  ။ ဒီလို အနှိုင်းခံရခြင်းအတွက် သူတောင်းစားတွေ ဘက်က နစ်နာတယ်။ ဒီလိုမသုံးနှုန်းသင့်ဘူးလို့ သူတောင်းစားတွေကိုယ်စား ငါ ကန့်ကွက်ချင်တာ ၊
      မင်းကလဲ အရေးထဲ လာရှုပ်ပြန်ပြီ သူတောင်းစား ဘက်ကများ နာရတယ်ရှိသေး ။ ဘာတွေ နာနေတာလဲ မင်းအဘက သူတောင်းစားလား .........။
          ဟေ့..... ဘယ်သူ့ကို ဘာပြောပြော ဓမ္မဓိဋ္ဌာန်ကျဖို့လိုတယ် ။ တရားမျှတဖို့လိုတယ် ။ ဒီတော့ သူတောင်းစားဆိုပြီးတော့လဲ တမင်နှိမ်ချပြောစရာ မလိုဘူး ။ သူ့မှာ ကောင်းကွက်ကလေးတွေရှိတယ်။ ကဲသေသေချာချာစဥ်းစားကြည့်စမ်း ။ သူတောင်းစားဆိုတာ ငွေ တောင်းတဲ့အခါမှာ သနားကြပါခင်ဗျာ ထမင်းဖိုး လေးစွန့်ကြဲကြပါ ၊ ကျွန်တော်တို့မှာဆေးကုသဖို့ စရိတ်မရှိလို့ မစကြပါ ......၊ စသည်ဖြင့် လူ့အောက်အကျဆုံး လေသံ ။ အညှိုးနွမ်းဆုံး မျက်နှာပေး ၊ သနားစဖွယ်အမှူအရာ ၊ ကရုဏာသက်စရာ အပြုအမူလေးတွေနဲ့ မာန်လုံးဝမရှိဘဲ သူ့ကိုစွန့်ကြဲ့ပေးဖို့ တောင်းပန်တိုးလျှိုးပြီး တောင်းခံကြတာမဟုတ်လား ...။ ဒီတော့ ငွေထည့်တဲ့ လူတွေကလည်း ကိုယ်တတ်နိုင်သလောက် ပေးကြ ကမ်းကြတာပေါ့....။ မပေးချင်လို့ ငေါက်ရင် ။ ဟောက်ရင် လည်းသူတို့ခဗျာ ဘာမှမပြောပဲ ဘေးကနေ ကုပ်ကုပ်ကလေး ထွက်သွားကြတယ်.. ဘာစောဒကမှ မတက်ဘူး ။ပေးတဲ့ငွေနည်းတယ် များတယ်လို့လည်းချေးမများဘူး ။ ရသမျှနဲ့ ကျေနပ်တဲ့အပြင် တချို့ဆို ကျန်းမာပါစေဆိုပြီး ဆုတောင်းပေးသွားကြသေးတယ်။ ကဲစဉ်းစားစမ်း............... သူတောင်းစားကို ငွေထည့်ပေးလိုက်ရလို့ မကျေမနပ်တောက်တ ခေါက်ခေါက် ဖြစ်တဲ့ လူကိုတွေ့ဖူးလား ...။.သူတောင်းစား ရဲ့ ငွေတောင်းတာခံရလို့ ငွေပေးလိုက်ရတာကို မကျေမနပ် ဖြစ်ပြီး ဒီသူတောင်းစား အနိုင်ကျင့်ငွေတောင်းနေပါတယ်ရယ်လို့ သက်ဆိုင်ရာ မြို့တော်ဝန်တို့ ။ ဝန်ကြီးးဋ္ဌာန တို့ သမ္မတကြီးတို့ ဆီ တိုင်စာပို့တဲ့ လူကြားဖူးလား ........... ။ အေး တို့ အခု ပြောနေတဲ့ ကိုယ်ကျင့်တရား ပျက်ပြားပြီး အဂတိ လိုက်စားတဲ့ ဝန်ထမ်း ၊ လုပ်ပိုင်ခွင့် အလွဲသုံးတဲ့ ဝန်ထမ်း တွေ လူထုဆီက ငွေတောင်းပုံ က သဒ္ဒါကြေးတောင်းတာ မဟုတ်ဘူး ။ အထက်စီးနဲ့ အနိုင်ကျင့်တာ ညစ်တာ ။ ကျစ်တာ ။ အဲဒီတော့ လူထုက သူတို့ကို မတတ်သာလို့ ငွေပေးရသည့်တိုင် ဘယ်သူကမှ စိတ်ကြည်ဖြူစွာပေးတယ်ရယ်လို့ မရှိဘူး။ ခွေတွေကို အဆိပ်လူးတဲ့ အမဲလုံး ပစ်ကျွေးသလို စားစရာအစာမှန်သမျှ အဆိပ်တွေထည့်ပြီးကျွေး လိုက်တာ ကွ။ စေတနာ မေတ္တာ နဲ့ ကျွေးတာမဟုတ်ဘူး ။ နေနှင့်ဦးပေါ့ကွာ။ ကြုံရင်တော့ တိုင်မယ်ဆိုတဲ့ ဆူးချွန်တွေနဲ့ ကျွေးတာ။ ဒါကြောင့် သက်ဆိုင်ရာ ဋ္ဌာနတွေကို ဒီကိစ္စတွေ တိုင်ကြ ၊ တောကြ ၊ ပြုတ်ကြ ၊ ထောင်ကျ ကြ နဲ့ ဘယ်သူ မပြု မိမိမှူ ဖြစ်ကုန်ကျတာ ၊ ဒါကြောင့် ငွေတောင်းယူတာ ခြင်းတူပေမယ့် သူတောင်းစားက အရှက်မရှိ နှိပ်ချတောင်းခံပြီးရလာတဲ့ ငွေ က အဆိပ်ကင်းတဲ့ ငွေဖြူ ကွ .....။ ဝန်ထမ်းဆိုး ၊ ဝန်ထမ်းညစ် တွေ အနိုင်ကျင့်တောင်းယူတဲ့ ငွေက ငွေမည်းကွ ထိလိုက်တာနဲ့ သံသရာနဲ့ချီပြီး အမည်းတွေ စွန်းကပ်ငြိသွား တာ ဘယ်ချွတ်ဆေးနဲ့ မှ ချွတ်မရတဲ့ ငွေမည်းဖြစ်တယ် . ......။ သူတို့က လူထုကို ဓါးပြတိုက်ယူတာ ၊ လုယူတာ ၊ ခိုးဝှက်ယူတာ ။ ဒါကြောင့်ဒီလူတွေကို သူတောင်းစားလို့ ပြောရင် သူတောင်းစားသိက္ခာကျတယ် ၊ သူတောင်းစားက ငွေဖြူကိုင်တယ် ။ ဒီလူတွေက ရာဇဝတ်မကင်း တဲ့ ငွေမည်းကိုင်တဲ့ သူတောင်းစား ယောင် ဆောင်သော ဓါးပြသူခိုး သူခိုးတွေဖြစ်တယ်လို့ ငါပြောချင်တယ်.....။
            မောင်ကြီး ၏ စကားသံက ရင့်သီးသည်ထင်ရသော်လည်း ကျွန်တော်တို့ မငြင်းနိုင်ပါ ။ ငြင်းနိုင်ရန် အချက်အလက်နှင့်ခွန်အားလည်း မရှိပါ ။ မော်ကြီး ပြောသကဲ့သို့ အနှိုင်းခံရတာ သိက္ခာကျသည်ဟု သူတောင်းစား ကပင်ပြန်လည်ကန့်ကွက် ပြောဆိုမှူမျိုးမကြုံကြစေရန်အတွက်ကျွန်တော်တို့ က လည်းအစဉ်သဖြင့် ကိုယ့်ကိုကိုယ် ဆန်းစစ်ဝေဖန် ၍ ငွေမည်းကိုင်သူ ယုတ်ညံ့သော သူခိုးဓါးပြ မဖြစ်စေရး ပြုပြင်ဆင်ခြင်နေထိုင်သွားကြရန် လိုအပ်မည်ဖြစ်ပါသည် ..... ။       ။
                                                                                                        ထက်ခေါင်

( 11.1.2012 )ရက်နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာပါ ဆောင်းပါးကို facebook မှ ကူးယူလျှက် ထပ်ဆင့်မျှဝေပါသည်။                                                  မိုးဆောင်းနွေ

အထိနာခဲ့သလား ကဉ္စနာ

on Saturday, January 28, 2012

အထိနာခဲ့သလား ကဉ္စနာ


ဆောင်းရာသီ၏ ညနေစောင်းစ အချိန်တစ်ခုတွင် ကျွန်တော်ဆူးလေမှ ပြန်လာသည်။ ကျွန်တော့် စိတ်ထဲမှာ တစ်စုံတစ်ခုဖြင့် လှုပ်ရှားတက်ကြွနေသည်။ တစ်နေကုန် မြို့ထဲမှာ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ခဲ့ ရသော်လည်း ခန္ဓာကိုယ်က မပင်ပန်းသေးသလို လန်းဆန်းနေသည်။ သည်နေ့အဖို့ ဒုက္ခ လောကဓံက ငြိမ်သက်နေသေးသည်။ ကျွန်တော့်ကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံသေးပေ။
ကျွန်တော်ဆင်းရမည့် မှတ်တိုင်သို့ ရောက်သောအခါ ခတ်သွက်သွက်ကလေး ပြေးဆင်းလာခဲ့သည်။ ပုံမှန်ထက် နည်းနည်း အမြန်နှုန်းတင်ပြီး လမ်းလျှောက်လာခဲ့သည်။ အဆောင်သို့ ရောက်ရန် အတွက် မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ရမည်။ အဆောင်သို့ ရောက်လျှင် ရေချိုးမည်။ အစားတစ်ခုခု စားမည်။ ပြီးလျှင် အိပ်ရာပေါ်မှာ စောင်ခြုံကွေးရင်း စိတ်ကို ဇိမ်တွေ့စေမည့် စာအုပ်ကလေးတစ်အုပ်အုပ်ကို ဖတ် မည်။ ခန္ဓာကိုယ် အနည်းငယ်နွေးထွေးသွားလျှင် စာတစ်ပိုဒ်တစ်လေရေးမည်။ ကျွန်တော့် ဇာတ်ကောင်တွေ အ ကြောင်း စဉ်းစားမည်။
ကျွန်တော်သည် ခြေလှမ်းကို ခပ်သွက်သွက်ကလေး ပိုလှမ်းရင်း ရှေ့မှ အမျိုးသမီးနှစ်ယောက်ကို ကျော်တက် လိုက်သည်။ ပြီးတော့ ကျွန်တော်ရေးချင်သည့် စာကို စဉ်းစားသည်။ သည်နေ့ ကျွန်တော် ရေးမည့် စာတွင် လေနုအေးလေး တိုက်ခတ်နေရမည်။ လေစိမ်းများ မဖြစ်စေရ။ နေရောင်က ၀င်းဝင်း ဖန့်ဖန့် ဖြစ်နေရမည်။ သစ်ပင်ပေါ်မှာ ငှက်လေးများ တီတီတာတာ အော်နေရမည်။ ငြိမ်းချမ်းသော မနက်ခင်း သို့မဟုတ် ညနေခင်း လေးတစ်ခုဖြစ်ရမည်။ ကမ္ဘာပေါ်မှာ မြောက်များလှစွာသော စစ်ပွဲများရှိ သည်။ တစ်ယောက်ကို တစ်ယောက် ညှင်းပန်းနှိပ်စက်မှုများရှိသည်။ တစ်ယောက်ကို တစ်ယောက် မလိုလားမုန်းတီးမှု၊ ခိုးယူလုယက်တိုက်ခိုက်မှု၊ ကိုယ်ကျင့်သီလ ခေါင်းပါးမှုတွေ များစွာရှိသည်။ အဲသည်အကြောင်းအရာများကို ကျွန်တော်မရေးချင်။ ပြီးတော့ ဆက်ဒန်ဟူစိန်, ဘင်လာဒင်စသော လူမိုက်များ အကြောင်းလည်း မရေးချင်။ ဒီကမ္ဘာမှာ ဟစ်တလာ ရှိသလို မာသာထရီဇာလည်း ရှိခဲ့သည်။ ဆိုးဝါးယုတ်မာသည့် အဖြစ်အပျက်များရှိသလို ကောင်းမွန်မြင့်မြတ် သည့် လုပ်ရပ်တွေရှိသည်။ စိတ်ကူးထဲမှာ လှပသည့် အကြောင်းအရာများက နေရာယူနေသည်။ လှပသည့် စိတ်ကူးများကို တွေးနေသည့် ကျွန်တော့်နောက်ကို အသက်အရွယ် အိုမင်းရင့်ရော်နေပြီဖြစ်သည့် အဘွားအို တစ်ယောက် ကပ်လိုက်လာသည်။ ထိုအဘွားအိုက ကျွန်တော့်အား
“ ငါ့တူ ”ဟု အာလုပ်ပြုသည်။ ရုတ်တရက် ဆိုတော့ ဘာမှန်းမသိ ကျွန်တော်ကြောင်နေမိသည်။ အဘွားအိုက ကျွန်တော့်ကို ခေါ်နေမှန်းသိသောအခါ လမ်းဘေးသို့ဆင်းကာ ခြေလှမ်းများကို ရပ်လိုက်သည်။ အဘွားအိုအား မျက်နှာခြင်းဆိုင်လိုက်သည်။ အဘွားအိုသည် သူ့လက်ထဲမှ ခေါက်ထီးရိုးကို အတွင်းသို့ ထိုးထည့် သည်။ ပြီးတော့ ကျွန်တော့်မျက်နှာကို တစ်ချက်ကြည့်ပြီး စကားဆိုသည်။ ““ ငါ့တူရယ်၊ အဘွား ဒုက္ခရောက်နေလို့ပါ ၊ အဘွားယောက်ျားက ကြည့်မြင်တိုင်မှာ ကားတိုက်မှုဖြစ်လို့ အဘွား ဥက္ကံက လာခဲ့တာပါ၊ စေစောက ဆေးရုံကြီးမှာ အဘွား ယောက်ျား ကို သွားကြည့်ခဲ့ပြီးပြီ၊ အခုထိ သတိမရသေးဘူး၊ အဘွားမှာ ဥက္ကံပြန်စရာ လမ်းစရိတ်မရှိတော့လို့၊ အဲဒါ ငါ့တူ အဘွားကို ကူညီမ,စပါဦး၊ အဘွား ဒီအသက် အရွယ်ရောက်ပါပြီ၊ သူတစ်ပါးကို မလိမ်တတ်၊ မညာတတ်ပါဘူး၊ တကယ်ပါ ””
အဘွားအိုသည် ပြောပြောဆိုဆိုဖြင့် ဆေးမှတ်တမ်းစာအုပ်တစ်အုပ်ကို ကျွန်တော့်အား ထုတ်ပြသည်။ ဆေးစာအုပ်က အဘွားအို၏ မျက်နှာလိုပင် အိုမင်းဟောင်းနွမ်းနေပြီ။ သည်ရက်ပိုင်းအတွင်းမှာ ကားတိုက်မှုဖြစ်တာ လုံးဝမဖြစ်နိုင်။ ဆရာဝန်ရေးထားသည့် ရက်စွဲများကို ကြည့်တော့လည်း လွန်ခဲ့သည့် လေးငါးလလောက်က ရက်စွဲများဖြစ်နေသည်။ သည်တွင်မှ ကျွန်တော့်ကို လိမ်နေပြီဆိုတာ သဘောပေါက်လိုက်မိသည်။
တကယ်ဆိုလျှင် ကိုယ့်ကိုယုတ်္တိရှိအောင် လိမ်ညာနေတာကို သိပါက သရော်လိုသည့် အပြုံးလေးတစ်ခု ကျွန်တော့် မျက်နှာပေါ်မှာ ပေါ်လာရမည်။ ပြီးတော့ သရော်သည့်အခါ ရယ်တတ်သည့် ထုံးစံအတိုင်း ဟက်ခနဲ တစ်ချက်ရယ်ရမည်။ ပြီးတော့ ကန်တော့ဆွမ်းပါ အဘွားရယ်ဆိုပြီး ဦးညွတ်ပေးလိုက်ရမည်။ အဘွားအိုသည် ရှက်စနိုးသည့်မျက်နှာဖြင့် ကျွန်တော့်ရှေ့မှ ထွက်သွားရမည်။ အဲသည်လို ဖြစ်ရမည် မဟုတ်လား။
ကျွန်တော်သည် တစ်လမ်းလုံး ကိုယ့်စိတ်ကူးလေးနှင့်ကိုယ် ပျော်လာခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏ သရော်သော မျက်နှာပေးဖြင့် အဘွားအိုကို ၀မ်းမနည်းစေချင်ပါ။ ကျွန်တော့်မျက်နှာကို ၀မ်းနည်းချင် ယောင်ဆောင်လိုက်မိသည်။
အဘွားအို၏ မျက်နှာကို စေ့စေ့ကြည့်ရင်း ကရုဏာလှိုင်းတစ်ခုက ကျွန်တော့်ရင်ထဲ ရောက်လာသည်။ အကယ်၍ ငါ့အမေ ဒုက္ခရောက်ပြီး သည်လို လူငယ်လေးတစ်ယောက်ကို ဦးညွတ်တော့မည့်ဟန်ဖြင့် အကူအညီတောင်းခံနေရလျှင် ဘယ်လိုလုပ်မည်နည်း။ ထိုလူငယ်က သရော်မည်။ ပြီးတော့ အော်ဟစ် ငေါက်ငန်းမည်။ ထိုအခါ အမေ၀မ်းနည်းမည်။ ကျွန်တော် သည်လိုမဖြစ်စေချင်ပါ။ ကျွန်တော်စိတ်တွက် တွက်ကြည့်သည်။ သည်နေရာမှ မြေနီကုန်း၊ မြေနီကုန်းမှ ဥက္ကံဆိုလျှင် တစ်ထောင်လောက်တော့ ကုန် မည်။
“ ဥကံ္ကကားခက ဘယ်လောက်လဲ အဘွား ” 
“ ထောင့်ငါးရာလောက်ပေါ့ ငါ့တူရယ် ” 
အဘွားအိုက ပိုပိုသာသာလေးဆိုသည်။ ကျွန်တော် စာအိတ်တစ်အိတ်တစ်အိတ်ကို ဖောက်လိုက်သည်။ ဒီနေ့ ကျွန်တော်အလုပ်မှ ရခဲ့သည့် ငွေထဲမှ အဘွားအို ဆိုသလောက်ကို ကျွန်တော် ထုတ်ပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ငါ့တူရယ်၊ ငါ့တူ ကျေးဇူးကို အဘွားမမေ့ပါဘူး၊ ရော့ ဒီမယ် လက်ဖက်ခြောက် ထုတ်က လေး၊ အဘွားမှာလည်း အဲဒါပဲ ပါတယ်၊ ငါ့တူ ယူသွားပေးပါ၊ အိမ်ပြန်ရောက်ရင် ဒီလက်ဖက်ခြောက်နဲ့ ရေနွေး ကြမ်းသောက် ပေါ့ ” အဘွားအိုက ပလတ်စတစ်အိတ်ဖြင့် ထုတ်ထား သည့် လက်ဖက်ခြောက်ထုတ် သေးသေးလေးတစ်ထုတ် ကျွန်တော့်ကို ထုတ်ပေးသည်။ ကျွန်တော် အတန်တန် ငြင်းနေသည့်ကြားမှ လွယ်အိတ်ထဲ ထိုးထည့်ပေးလိုက်သည်။ ကျွန်တော် ပိုပြီးသနားမိသွား သည်။
““ အဘွားရယ်၊ ရပါတယ်ဗျာ၊ နေပါစေ၊ အဆင်ပြေရင် ကျွန်တော့်ဆီ ဖုန်းဆက်ပါဦး၊ ရော့ . .ဒါက ကျွန်တော့် လိပ်စာကဒ် ””  
““ သာဓုပါကွယ်၊ ငါတူလေး ကျန်းမာချမ်းသာပါစေ ””                                                              အဘွားအိုသည် ခပ်သုတ်သုတ်ပင် ကျွန်တော့်ရှေ့မှ ထွက်ခွါသွားသည်။ ကျွန်တော်လည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာခဲ့သည်။
ရုတ်တရက် မထင်မှတ်မှုတစ်ခုနှင့် ရင်ဆိုင်လိုက်ရသဖြင့် ကျွန်တော့်စိတ်ကူးလေးများပင် ဘယ်ရောက် သွားလို့ ရောက်သွားမှန်းမသိ။ အဘွားအိုအကြောင်း ဆက်တွေးရမလား။ ကျွန်တော့်စိတ်ကူးများကို ထပ်တွေးရမလား။ ဝေခွဲမရတော့။ ငြိမ်းချမ်းသော မနက်ခင်းလေးလည်း ဘယ်ရောက်သွားသည်မသိ။
အဘွားအို ထွက်ခွါသွားသည့် လမ်းဘက်ကို ကျွန်တော်လှည့်ကြည့်လိုက်သေးသည်။ မမြင်ရတော့။ အဘွားအိုသည် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားပေပြီ။ လွန်ခဲ့သည့် အတိတ်ဆီက အဖြစ်အပျက် တစ်ခုကခေါင်းထဲတိုးဝင်လာပြန်သည်။
++++++
ကျွန်တော် မှော်ဘီမှာ နေစဉ်တုန်းက သည်လို ညနေစောင်း အချိန်တစ်ခုမှာပဲ ဖြစ်သည်။ စိုက်ပျိုးရေး မြို့တော်ဟု သတ်မှတ်ထားသည့် မှော်ဘီမှာ သစ်ပင် ၀ါးပင်များ၏ အရိပ်ကြောင့် အအေးဓာတ်က စောစော စီးစီး ၀င်ရောက်လာသည်။ မှောင်ရိပ်ပျိုးချိန် ဖြစ်သောကြောင့် အခန်းထဲအောင်းကာ စာဖတ် နေ၍ မကောင်း တော့။ အခန်းထဲသို့ ခြင်များအုပ်စုလိုက် ၀င်ရောက်လာကြပြီ။ ကျွန်တော်ဟာ အုပ်စုလိုက် ၀ိုင်းတိုက်ခိုက် သည့်ခြင်များ၏ဒဏ်ကို မခံနိုင်တော့သောကြောင့် အခန်း ပြင်ဘက် ထွက်လာခဲ့သည်။
ကျွန်တော် ဖတ်ခဲ့သည့် စာအုပ်ထဲမှ အကြောင်းအရာများကို စဉ်းစာရင်း လမ်းလျှောက်ထွက်လာသည်။ နာမည် ကျော် ပြဇာတ်ဆရာကြီး ရှိတ်စပီးယား၏ စာသားလေးတစ်ကြောင်းက ကျွန်တော့်ခေါင်းထဲ ကပ်ညိပါလာသည်။
ၽႊ့ေအဒ် ငည ညောန၊
ႊ့ေအ တငခ့ တန ခေူူ ေ မသ်နယ
ႀပ ေညပ သအ့နမ ညောန
ၽႊသကူိ ်ာေူူ ေ် ်တနနအ. ဟူသော စာသားကလေး။ ဒီစာသားကလေးကို What the Buddha taught (မြတ်ဗုဒ်္ဓဒေသနာ)စာအုပ်ကိုရေးသူ ဒေါက်တာဝါပိုလာရာဟုလာက သူ့စာအုပ်ထဲမှာ ကိုးကားသုံးထားသည်။ စာသား၏ ဆိုလိုရင်း အဓိပ်္ပါယ်မှာ နှင်းဆီပန်းကို အခြားမည်သို့ပင် အမည် ပေးစေကာမူ နှင်းဆီ၏ မွှေးမြသောရနံ့က ပြောင်းလဲမသွားဟု ဆိုလိုရင်းဖြစ်သည်။ အနှစ်သာရပြည့် ၀ပြီး အနက်အဓိပ်္ပါယ် ပြည့်စုံ သည့် အရာတစ်ခုကို အခြားနာမည်တံဆိပ် မည်သို့ပင် ပေးစေကာမူ ယင်းအရာ၏ အနှစ်သာရ ပြောင်းလဲမ သွားဟု ဆိုလိုခြင်းဖြစ်သည်။ ဗုဒ်္ဓဘာသာကို အခြားနာမည်၊ တံဆိပ် မည်သို့ပင် ပေးစေကာမူ ဗုဒ်္ဓဘာသာ၏ လေးနက်သော အနှစ်သာရ၊ ငြိမ်းချမ်းသော တရားဓမ္မ ၏ အသွင်းသဏ္ဍာန်သည် နာမည်ကြောင့် ပြောင်းလဲမ သွားဟု ဒေါက်တာဝါပိုလာရာဟုလာကဆိုသည်။
ငြိမ်းချမ်းသော တရားဓမ်္မဟု ဆိုသောကြောင့် ကျွန်တော်သည် မြတ်ဗုဒ်္ဓအကြောင်းကို စဉ်းစားမိသည်။ တစ်သက်တာလုံး ငြိမ်းချမ်းရေးကို ကြိုးပမ်းအားထုတ်တော်မူသွားသည့် အဖြစ်အပျက်များကို သတိရ လာသည်။ ငြိမ်းချမ်းရေးဟူသော အသုံးအနှုံးနှင့် ဗုဒ်္ဓဟူသော အသုံးအနှုံးက ခွဲခြားလို့ မရနိုင်အောင်ပင် ထပ်တူကျသည်။
ငြိမ်းချမ်းရေးဟူသည်မှာ တစ်ယောက်ကို တစ်ယောက် အကျိုးလိုလားမှု၊ သနားကြင်နာမှုများဖြင့် တည် ဆောက်ရသည့် အရာဖြစ်သည်။ နားလည်နိုင်မှု၊ သည်းခံနိုင်မှု၊ ခွင့်လွှတ်နိုင်မှုများက ငြိမ်းချမ်းရေး၏ အင်္ဂါ ရပ်များဖြစ်သည်။ နားမလည်နိုင်မှု၊ သည်းမခံနိုင်မှု ခွင့်မလွှတ်နိုင်မှုများကတော့ မငြိမ်းချမ်းမှု၏ အကြောင်း တရားများဖြစ်သည်။ ဗုဒ်္ဓမြတ်စွာသည် ငြိမ်းချမ်းရေး၏ အမှတ်သင်္ကေတ၊ ဘယ်သော အခါမှ မပျောက် ကွယ်မည့် အမှတ်ရစရာလည်း ဖြစ်သည်။
ကျွန်တော်ကား ငြိမ်းချမ်းရေးနှင့် အခြားအကြောင်းအရာများကို စဉ်းစားရင်း လမ်းလျှောက်လာခဲ့သည်။ အဆောင်မှ ထွက်လာခဲ့တာ အချိန်အတော်ကြာသွားသည်။ စိုက်ပျိုးရေးတက်္ကသိုလ်ဝင်းထဲမှထွက်ကာ မှော်ဘီပြည်လမ်းမှ ပြန်လှည့်လာခဲ့သည်။ နာရီကိုကြည့်တော့ ခြောက်နာရီခွဲသွားပြီ။ အဆောင်မှာ စာ သင်ပေးဖို့ ကိစ္စနောက်ကျမည် စိုးသောကြောင့် ဆိုက္ကားတစ်စီးကို ငှားပြီး ပြန်လာခဲ့သည်။ အအေး ဓာတ်က ပိုမိုပြီး လွမ်းခြုံရစ်ပတ်လာလေပြီ။ စီးလာသည့် ဆိုက်္ကားက တော်တော်နှေးနေသည်။ အဆောင်သို့ အမြန် ရောက်လိုဇောဖြင့် မြန်မြန်နင်းပေးပါဗျာ ဟု ဆိုက်္ကားသမားကို လောဆော်လိုက်သည်။ နှေးကွေးနေတာကို စိတ်မရှည်နိုင်တော့။ ဆိုက်္ကားသမားကို ကြည့်ရသည်မှာ လည်းပင်ပန်းနွမ်းနေပုံရသည်။
“ ဟေ့လူ . . ဘာဖြစ်နေတာလဲဗျ၊ ဆိုက်္ကားက ဒီထက်ပိုမြန်လို့ မရတော့ဘူးလား ””
““ ကျွန်တော် ပင်ပန်းနေလို့ပါဗျာ၊ မနေ့ညကလည်း ကျွန်တော်မအိပ်ရဘူး၊ မနေ့က ကျွန်တော့်မိန်းမ ဆုံးတယ်ဗျ၊ တီဘီရောဂါနဲ့ပဲ၊ သူကတော့ ဗမာဆေးလေးဘာလေးသောက်ရင် ပျောက်မယ် ထင်နေတယ်၊ ဒါပေမယ့် မရပါဘူး၊ ရောဂါက အခြေအနေတော်တော်ဆိုးနေပြီ၊ အိမ်မှာကလည်း ကလေးသုံး ယောက်က ရှိနေတော့ ဆေးခန်းပုံမှန် သွားဖို့ နေနေသာသာ အလုပ်တောင် မနားရပါဘူး၊ ဒီလိုရက်မျိုးမှာ ကျွန်တော် လည်း ဘယ်ဆိုက်္ကားနင်းချင်ပါ့မလဲဗျာ၊ ဒါပေမယ့် အိမ်မှာ ကလေးတွေက ကျွန်တော်မှ ဆိုက်္ကားမနင်းရင် စားစရာရှိမှာ မဟုတ်ဘူး ””
ဆိုက်္ကားဆရာက မျက်နှာကိုငုံ့ကာ အားစိုက်ပြီးနင်းရင်း ပြောသည်။ ကျွန်တော် ဘာပြောလို့ ပြောရမှန်း ပင် မသိတော့။
တစ်လမ်းလျှောက်လုံး ကျွန်တော်သည် စာအုပ်များအကြောင်း စဉ်းစားလာခဲ့သည်။ ရှိတ်စပီးယား၏ ကဗျာ လေးကို ခံစားလာခဲ့သည်။ ဘ၀၏ အနှစ်သာရကို တွေးတောခဲ့သည်။ ငြိမ်းချမ်းရေးအကြောင်းကို စိတ်ကူးခဲ့ သည်။ ယင်းအရာများသည် ဆိုက်္ကားဆရာ၏ စကားလုံးများအောက်မှာ ပျောက်ကွယ်ကုန်သည်။
ကျွန်တော့်မျက်လုံးထဲမှာ အမေ့အလောင်းကို ရှေ့မှာထားပြီး ဆာလောင်မွတ်သိပ်နေကြမည့် ကလေး များကို မြင်ယောင်မိလာသည်။
ကျွန်တော်မှာက ငြိမ်းချမ်းရေးကို ရှိတ်စပီးယား၏ နှင်းဆီနှင့်နှိုင်းပြီး တွေးတောနိုင်သေးသည်။ ဆိုက်္ကား ဆရာ၏ ကလေးများကတော့ အိမ်ထဲမှာ သူတို့ဝမ်းမီးငြိမ်းရေးကို မည်သို့ စဉ်းစားနိုင်ကြမည်နည်း။
အဆောင်သို့ ရောက်သောအခါ နှစ်ရာပေးစီးနေကျ ဆိုက်္ကားခကို ငါးရာပေးလိုက်ရုံမှအပ ဆိုက်္ကားဆရာ ကို ကူညီဖို့ ကျွန်တော် ဘာမှမတတ်နိုင်ခဲ့။ စကားလုံးလှလှများ စိတ်ကူးလှလှများထဲမှာ နစ်မြုပ်နေ တတ်သည့် ကိုယ့်ကိုယ်ကို ရှက်စနိုးဖြစ်မိရသေးသည်။ အချက်အလက်များကို ကိုးကားပြီး စကားပြော ချင်လှသော ကျွန်တော့်ကို မြင်ယောင်လာသော ကလေးများပုံရိပ်က ပြောင် လှောင်နေသလိုပင်။
++++++

ကျွန်တော်သည် အတိတ်က အဖြစ်အပျက်လေးကို သတိရရင်း အဆောင်သို့ ပြန်ရောက်လာခဲ့သည်။ ထုံးစံအတိုင်းပင် ရေချိုးသည်။ တစ်ခုခုစားသည်။ စာအုပ်တစ်အုပ်ကို ဖတ်ဖို့ စာအုပ်စဉ်ကို လှန်လှောတော့ စာရွက်ကလေးတစ်ရွက် ထွက်ကျလာသည်။ ခေါက်ရိုး ကျိုးနေပြီဖြစ်သည့် စာရွက်ကလေး တစ်ရွက်။ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးခဲ့သည့် ကဗျာစာရွက်လေးတစ်ရွက်။

“ အထိနာခဲ့သလား ကဉ္စနာ ”

အထိနာခဲ့ပြီလား ကဉ္စနာ
အဲယားကွန်းခန်းထဲမှာပဲ
မင်းချစ်တဲ့ မျက်ခင်းစိမ်းတွေကြားမှာပဲ
မင်းနားထောင်ချင်ခဲ့တဲ့ ရယ်သံတွေကြားမှာပဲ
အထိနာခဲ့ပြီလား . . ။
“ အဝေးကြီး အဝေးဆုံး ” လို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့ ကဉ္စနာ
ဒီကမ္ဘာမှာ
ငှက်ဖျားရောဂါရှိသလို
နံနက်ခင်း မေတ္တာပို့တေးတွေရှိတယ်။
ဒီကမ္ဘာမှာ
ဟစ်တလာရှိသလို မာသာထရီဇာလည်းရှိတယ်
လှပအေးသက်တဲ့ ရှုကွက်ဆိုတာ
မျက်လုံးနဲ့ တိုက်ရိုက်ပတ်သက်တယ်
ကဉ္စနာရေ . .
မင်းထိုင်နေတဲ့
အုတ်ခုံတန်းဘေးက သစ်ပင်ပေါ်မှာ
ငှက်ကလေးတွေက တစ်စီစီကြည်လို့
ချစ်သူစုံတွဲတွေက
သတ္တလောကကို တေးဆိုလို့
ကဉ္စနာ
တကယ်တော့
လောကကြီးဟာ သိပ်လှပါတယ်။

ကျွန်တော်ဟာ ဒီကဗျာလေးအတိုင်း သံယောင်လိုက်ကာ တွေးနေမိပါသည်။ ကမ္ဘာလောကကြီးက သိပ်ကို လှပပါ သတဲ့လား။
စကားလုံးတွေနဲ့ပဲ လှပနေတာလား ကဉ္စနာ။ ဘယ်လိုများ လှပနေတာလဲ ကဉ္စနာ။
တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ စကားလုံးများနဲ့ တည်ဆောက်ရုံနဲ့ မရနိုင်တာတော့ သေချာလှပါသည် ကဉ္စနာ။


သားအေးည

ဘ၀မှာ ကျော်ဖြတ်ရမည့် အဟန့်အတားများ (အပိုင်း- ၁)

on Saturday, January 21, 2012


ဘ၀မှာ ကျော်ဖြတ်ရမည့် အဟန့်အတားများ (အပိုင်း- ၁)

      ဘ၀-ဟူသည် ပြေပြစ်ချောမွေ့မှု မဟုတ်။ ခက်ခဲပင်ပန်းမှု၊ ကြိုးစားရုန်းကန်မှု၊ နိုးကြား၊ ရိုးသား၊ သင်ကြား မှုပင်ဖြစ်သည်။ ဘ၀ဆိုတာ ၀ဋ်ကြွေးဟုလည်း ဆိုကြသည်။ ၀ဋ်မှာ အမြဲ ငရဲမှာ အပ-ဟု အဆိုရှိ သည့်အတိုင်း ၀ဋ်ကြွေးမှန်က ပြန်လည် ပေးဆပ်ရစမြဲဖြစ်သည်။ မိမိတို့သည် ခက်ခဲကြမ်းတမ်းမှု များကြားကနေ ကြိုးစား ရုန်းကန်မှုများဖြင့် ဘ၀ကို တည်ဆောက်ကြသည်။ သံသရာအဆက်ဆက်က တင်ကျန်ရစ်ခဲ့သည့် ၀ဋ်ကြွေး များကို ပေးဆပ်ရင်းဖြင့်လည်း ဘ၀ကို တည်ဆောက်ကြသည်။ သို့ပေ မယ့်လည်း တစ်ဦးနှင့်တစ်ဦး အကျိုး ပေးကား ကွာခြားမြဲပင်ဖြစ်သည်။ တချို့က အောင်မြင်သည်။ တိုးတက်သည်။ တချို့ကျတော့ ဆုံးရှုံးသည်။ ဆုတ်ယုတ်သည်။ ရုန်းရင်းနဲ့ နစ်နေကြသည်။ မိမိတို့ ဗုဒ္ဓဘာသာဝင် အများစုသည် တခါတလေ ကံကိုပုံချ ဆူးပုံကို ခွထိုင်ထားတတ်သည်။ ကံဟူရာ၌ အများက အတိတ်ကံကိုသာ လက်ညှိုးထိုး ညွှန်ပြတတ်သည်။ ပစ္စုပ္ပန်ဘ၀မှာ မိမိတို့တတွေ နေ့စဉ်နှင့် အမျှ ပြုမူ၊ ပြောဆို၊ ကြံစည်နေသည်များကိုတော့ ကံဟု အမှတ်မရ မေ့ထားတတ်ကြလေသည်။ အရေးကြီးသည်က မိမိတို့နေ့စဉ်နှင့်အမျှ ပြုမူပြောဆို ကြံစည်နေမှုများကကော ကုသိုလ် အကုသိုလ် ကံနှစ်မျိုးမှာ ဘယ်သင်းက အဖြစ်များနေသနည်းဟု ကိုယ့်ကိုယ်ကို ထာဝစဉ် သုံးသပ်နေ ရမည်ဖြစ်သည်။
            အတိတ်ကုသိုလ်ကံ၊ ရှိပါပြန်လည်း၊ အမှန်ပစ္စုပ်၊ အားမထုတ်သော်၊ အဟုတ်အကျိုး၊ မရနိုးရှင့်- ဟူသော ဆုံးမလင်္ကာလေးသည် မိမိတို့အတွက် သတိချပ်စရာပင်ဖြစ်သည်။ အတိတ်ကုသိုလ်ကံတွေ ဘယ်လောက်ပင်ရှိစေကာမူ ယခုလက်ရှိပစ္စုပ္ပန်ဘ၀မှာ ကြိုးစားအားထုတ်မှုမရှိခဲ့သော် အတိတ်မှာပြု လုပ်ဆည်းပူးခဲ့သော ကုသိုလ်ကံများက အကျိုးပေးခွင့်မသာဘဲ ဖြစ်နေတတ်သည်။ ထို့ကြောင့် အတိတ်ကုသိုလ်ကံကိုချည်း အားကိုးနေ၍လည်း မဖြစ်ပေ။ ထို့အတူပင် ပစ္စုပ္ပန်မှာ ဘယ်လောက်ပင် ကြိုးစားအားထုတ်စေကာမူ အတိတ်ကုသိုလ်ကံ နည်းပါးမှုကြောင့် ကြိုးစားသလောက် အရာမရောက် သည်များလည်း ရှိတတ်သည်။ တစ်ဖက်က ဖြစ်ထွန်းနေပေမဲ့ တဖက်က ချို့ ယွင်းဖြစ်နေတတ်သည်။ စီးပွါးရေက အဆင်ပြေသော်လည်း ကျမ်းမာရေးက ချူချာနေတတ်ပြန်သည်။ ပညာတွေ တတ်ပေမဲ့ လည်း စီးပွါးရေးက အဆင်မပြေ။ ဒီလိုနဲ့ ဘက်စုံပြည့်စုံမှု၊ အဆင်ပြေမှုတွေနဲ့ လွဲနေတတ်ပြန်သည်။
            မိမိတို့တတွေသည် ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ပင်ပြုလုပ်ငြားသော်လည်း ကုသိုလ်တွေ ပြုရင်းနဲ့ အကုသိုလ်တွေကိုပါ စုစည်းမိလျက်သား ဖြစ်နေမိတတ်သည်။ အဖြူ အမည်းရောသော ကုသိုလ်ကံဟု ဆိုနိုင်သည်။ ထိုအဖြူအမည်းရောသော မသန့်ရှင်းသော ကုသိုလ်ကံကြောင့်ပင် အကျိုး ပေးပြန်တော့လည်း ကောင်းကျိုးသက်သက်မဟုတ်ပဲ ဆိုကျိုးများပါ ကပ်တွယ်လျက် ပါလာတတ်ကြ သည်။ အမှန်တော့ မိမိတို့တတွေသည် အဖြူသက်သက်ဖြစ်သော ကုသိုလ်ကံကို မဆည်းပူးတတ်ခြင်း ကြောင့်သာ ယခုကဲ့သို့ အကောင်းအဆိုး ဒွန်တွဲနေသော အကျိုးတရားများကို ခံစားနေရခြင်းဖြစ်သည်။ လူ့ပြည်မှာ လူဖြစ်ပြန်သော်လည်း တချို့က ဆင်းရဲသည်။ တချို့ က အဆင်းမလှ။ တချို့ ကျတော့ ပညာ မတတ်။ ချာချာလည်ပတ်နေသော သံသရာရဟတ်ထဲမှာ မပြည့်မစုံ စုန်လိုက် ဆန်လိုက် နိမ့်လိုက် မြင့် လိုက်ဖြင့် ဘ၀မျိုးစုံ အလွှားမျိုးစုံ ကျင်လည်နေကြရပေသည်။ သင်္ခန်းစာယူတတ်မယ်ဆိုလျှင် ယူစရာ သင်္ခန်းစာတွေက သံသရာနှင့်အမျှ မိမိတို့မှာ ရှိပြီးသာဖြစ်သည်။ သို့သော် မိမိကိုယ်ကို ပြန်လည်သုံး သပ်မှု အားနည်းခြင်းကြောင့်သာ သင်္ခန်းစာဆိုတာ စာအုပ်ထဲမှာပဲ ရှိပြီး ဘ၀ထဲမှာရှိတာကို မသိခြင်း ဖြစ်ပေသည်။ သံဝေဂဆိုသည်ကား ဘာမှန်းပင် မသိကြတော့ပေ။ မှန်ပေသည်။ မိမိတို့သည် အဆင်မ ပြေမှုများနှင့် ကြုဆုံလာတိုင်း သူများကိုသာ လက်ညှိုးတွင်တွင် ထိုးတတ်သောအကျင့်သည် အရိုးစွဲ၍ နေချေပြီ။
            အမှန်တော့ ဘ၀သည် မတည်မြဲပါ။ ဒါပေမဲ့ ခဏမျှ တည်ဆဲဖြစ်သော ပစ္စုပ္ပန်ဘ၀လေးမှာတော့ လူတိုင်းလူတိုင်း စီးပွါးရေး၊ ကျန်းမာရေး၊ ရုပ်ဆင်းရူပကာယ၊ ပညာအရည်အချင်း စသည်စသည်…. ရှိသင့်ရှိထိုက်သော ဂုဏ်အရည်အချင်းများနှင့် ပြည့်စုံချင်ကြသည်။ ချမ်းသာချင်သည်။ ကျန်းမာချင် သည်။ ရုပ်ချောချင်သည်။ ပညာတတ်ချင်သည်။ ချင်ရုံနဲ့တော့ မရ၊ ကြိုးစားမှသာ ရနိုင်လိမ့်မည်ဖြစ် သည်။ မိမိတို့ ကိုးကွယ်ဆည်းကပ် အားထားရာ ဗုဒ္ဓမြတ်စွာသည်ပင် ဘုရားဖြစ်ချင်ရုံ ဘုရားဆုကို ပန် ရွယ်ရုံဖြင့် ဘုရားအဖြစ်ကို ရလာခဲ့ခြင်းမဟုတ်ပေ။ ဘုရားဖြစ်ချင်သည့်ဆန္ဒတော်ကြောင့် ဘုရားဆုကို ပန်ရွယ်ပြီးနောက် လေးအသင်္ချေနှင့် ကမ္ဘာပေါင်းတစ်သိန်းကာလပတ်လုံး ကိုယ်တော်၏ အသက် ခန္ဓာ စည်းစိမ် ရာထူး သွေး ချွေး အထူးထူးတို့ကို စွန့်လွှတ်ပေးဆပ်တော်မူပြီးမှသာ ဘုရားအဖြစ်သို့ ရောက်ရှိ ခဲ့ခြင်းဖြစ်ပေသည်။ ဤလောက၌ အလုံးစုံပြည့်စုံသောပုဂ္ဂိုလ်ကို ညွှန်ပြပါဆိုလျှင် ဘုရားရှင်ကိုသာ ဦးတင်ညွှန်ပြရလိမ့် မည်ဖြစ်ပေသည်။ ဘုရားမှတပါး အခြားပုဂ္ဂိုလ်ကို ညွှန်ပြဖို့ရာ လုံးဝမဖြစ်နိုင်ပေ။ ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် အလုံးစုံပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်သကဲ့သို့ သူ၏ တပည့်သာဝကများကိုလည်း ပြည့်စုံစေ ချင်သည်။ ချမ်းသာစေချင်သည်။ ကျန်းမာစေချင်သည်။ ပညာတတ်စေချင်သည်။ ရုပ်ချောစေချင်သည်။ ထို့ကြောင့်လည်း ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ဖလသမာပတ်ဝင်စား လျက် နိဗ္ဗာန်ချမ်းသာကို အေးငြိမ်းသက်သာ ခံစားတော်မမူအားရှာပဲ (၄၅)၀ါကာလပတ်လုံး တရားမျက်လုံးများ သူ၏တပည့်များအား ဟောကြားတပ်ဆင်ပေးတော်မူခဲ့ပေသည်။

(၁) ပျင်းရိခြင်းသည် စီးပွါးရေးကို ဖျက်ဆီးသည်။
            မိမိတို့တတွေ မကြီးပွါး မတိုးတက်ခြင်း၏ အဓိကတရားခံသည် ပျင်းရိခြင်းပင်ဖြစ်သည်။ အလုပ် လုပ်ရမှာ ပျင်းသည်။ ပညာရှာရမှာ ပျင်းသည်။ စာဖတ်ရမှာ ပျင်းသည်။ တရားအားထုတ်ရမှာ ပျင်း သည်။ ပျင်းရိခြင်းသည် ကြိုးစားအားထုတ်မှု ၀ီရိယ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ပျင်းရိမှုတွေနဲ့ပဲ အချိန် တွေ ကုန်ဆုံးသွားသည်။ အချိန်းတွေဖြုန်းရင်းနဲ့ အချိန်တွေ ပြုန်းတီးသွားသည်။ လဘက်ရည်ဆိုင်ထိုင်၊ ကွမ်းစား၊ ဆေးသောက်၊ မူးယစ်သောက်စား၊ သူငယ်ချင်းများနဲ့ အလည်အပတ်များလျက် ကာမဂုဏ် အာရုံနောက် ကောက်ကောက်ပါအောင် လိုက်စား မိုက်မှားလျက် တန်ဖိုးရှိသော အချိန်များစွာကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ရပေသည်။ မိမိတို့တတွေ စီးပွါးရေးမှာ ဘာကြောင့်မတိုးတက်ကြသလဲ ပြန်စဉ်း စားပါက ပျင်းရိခြင်းဆိုတဲ့ တရားခံကိုသာ လက်ရဖမ်းမိပေလိမ့်မည်။ နိုင်ငံမှာ အလုပ်လက်မဲ့တွေ များ လေ နိုင်ငံဆင်းရဲလေဖြစ်သည်။ ထို့အတူ မိသားစုတစုမှာ အလုပ်လက်မဲ့များလေ အဲဒီမိသားစု စီးပွါး ရေး အဆင်မပြေလေပင်ဖြစ်သည်။ လူတိုင်းလူတိုင်းသည် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရမည်။ ကိုယ့်အ ခွင့်အရေးကို ကိုယ်တိုင်ရှာဖွေရမည်ဖြစ်သည်။ ပေါ်လာနိုးနိုးနဲ့ မျှော်ကိုးစောင့်ဆိုင်းနေရင်တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပေ။
Deligence is a great teacher - လုံ့လ၀ီရိယရှိခြင်း၊ မပျင်းရိခြင်းသည် မြင့်မြတ်သော၊ ကြီးကျယ် သော၊ ခမ်းနားသော ဆရာကြီးတစ်ဆူပင်ဖြစ်သည်။ ကြိုးစားက ဘုရားပင်ဖြစ်နိုင်သည်-ဟု အဆိုရှိ သည်။ ထို့ကြောင့် မပျင်းမရိ ကြိုးစားခြင်းသည် ကြီးပွါးချမ်းသာလိုသော မိမိတို့၏ တာဝန်သာ ဖြစ်ပေ သည်။

(၂) တန်ဆာမဆင်ခြင်းသည် လှပမှုကို ဖျက်ဆီးသည်။
      ရုပ်ပိုင်းဆိုင်ရာ လှပမှုကို လိုချင်သောသူသည် မိမိတို့၏ရုပ်ခန္ဓာကိုယ်ကြီးကို နံ့သာပန်းမာလ်စသည်တို့ ဖြင့် အမျိုးမျိုးလိမ်းချယ်လျက် တန်ဆာဆင်ကြရမည်။ ထို့ပြင် လည်ဆွဲ၊ လက်ကောက်၊ နားဋောင်း၊ လက်စွပ် စသော ရတနာအမျိုးမျိုးတို့ဖြင့်လည်း တန်ဆာဆင်ကြရသည်။ ထို့အတူ နာမ်ပိုင်းဆိုင်ရာ လှပ မှုကို လိုချင်သောသူသည်လည်း မိမိတို့၏နာမ်ခန္ဓာကြီးကို တနည်းအားဖြင့် မိမိတို့၏စိတ်ကို တန်ဆာ ဆင်ကြရ မည်ဖြစ်သည်။ ယောနိသောမနသိကာရ- အရာရာကို အကောင်းဘက်က ရှုမြင်သုံးသပ်ခြင်းသည် ကုသိုလ် ဖြစ်ခြင်း၏ အကြောင်းရင်းဖြစ်သည်။ ထိုယောနိသောမနသိကာရထားရှိသော ပုဂ္ဂိုလ်၏ ဒါနကုသိုလ် သီလ ကုသိုလ် သမထ ၀ိပဿနာ ဘာဝနာကုသိုလ်စိတ်တို့ဖြင့် ထုံမွှမ်းလျက်နေခြင်းသည် စိတ်ကို တန်ဆာ ဆင်ခြင်းပင်ဖြစ်ပေသည်။ ဤကဲ့သို့ ရုပ်ကိုရော စိတ်ကိုပါ တန်ဆာဆင်မှုမရှိခြင်းသည် ကိုယ်တိုင်ပင် မိမိ၏ ရုပ်နှင့်စိတ် လှပမှုကို ဖျက်ဆီးသည်မည်ပေသည်။

(၃) မသင့်သော အစားအသောက် အပြုအမူသည် အနာရောဂါကင်းမှုကို ဖျက်ဆီးသည်။
            လူတစ်ယောက်၏ဘ၀မှာ ကျန်းမာရေး ကောင်းမွန်ခြင်းသည် ရခဲသောအမြတ်ဆုံး ဆုလာဒ် တစ်ခုပင်ဖြစ်ပေသည်။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဗုဒ္ဓမြတ်စွာကတော့ အစားအသောက် ဆင်ခြင် ရမည်။ သင့်တင့်စွာ စားသောက်ရမည်။ သင့်လျော်တော်တည့်ရာကို စားသောက်ရမည်။ နောက်တစ်ခုက တော့ အပြုအမူပင်ဖြစ်သည်။ သင့်လျော်လျောက်ပတ် ကောင်းမြတ်သော အပြုအမူ များသာ ပြုမူကျင့်ကြံနေ ထိုင်ရမည်ဟု ဆိုလိုပေသည်။ ကာယကံ ၀စီကံ မနောကံ-ဟူသော အပြုအမူ သုံးမျိုးလုံး၌ အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်နေရမည်။ ကိုယ်ဖြင့်လည်း အကုသိုလ်တွေကို မလုပ်မိ အောင်၊ နှုတ်အားဖြင့်လည်း အကုသိုလ်ဖြစ်စရာတွေကို မပြောဆိုမိအောင်၊ စိတ်ဖြင့်လည်း အကုသိုလ် အာရုံတွေကို မကြံစည်မိအောင် စောင့်ထိန်းရမည်။ ကံသုံးပါးလုံး၌ ဒုစရိုက်ကင်းလျက် ကုသိုလ်ဖြစ် အောင်သာ ပြုမူပြောဆိုကျင့်ကြံ နေထိုင်ရမည်ဟု ဗုဒ္ဓက ဟောတော်မူခဲ့ပေသည်။ ဒုစရိုက်ဆယ်ပါး၊ သုစရိုက်ဆယ်ပါးတို့ကိုဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး သိရှိပြီးဖြစ်ပါလိမ့်မည်။ ဤကဲ့သို့ အစား အသောက်လဲ ဆင်ခြင်မယ်၊ ကံသုံးပါးလုံးမှာလဲ အကုသိုလ်မဖြစ်စေပဲ ကုသိုလ်တွေနဲ့ သန့်ရှင်းစင်ကြယ်အောင် နေမယ်ဆိုရင်ဖြင့် ထိုပုဂ္ဂိုလ်သည် ဧကန်မုချ သက်ရှည်ကျန်းမာလိမ့်မည်ဖြစ်သည်။ ဒါနဖက်တော့ အထက်ဝေသည်။ သီလဖက်တော့ အသက်ရှည်သည်။ ဘာဝနာဖက်တော့ အမြတ်ပြေသည်-ဆိုသော စကားကိုလည်း အားလုံး သိရှိပြီးဖြစ်ပေလိမ့်မည်။ 
(ဆက်လက်ဖော်ပြပါမည်)။
မိုးဆောင်းနွေ (သန်လျင်)

““ စိတ်နဲ့နမ်းမိတဲ့ လမင်း ””

on Friday, January 20, 2012

““ စိတ်နဲ့နမ်းမိတဲ့ လမင်း ””
(၁)
ကျွန်ုပ်တို့ အဆောင်ရှေ့တွင် အရပ်အမောင်း မြင့်မားခြင်းမရှိသည့် ၀ါးပင်လေးများရှိသည်။ သုံးရာသီ လုံးတွင် အရွက်ခပ်စိပ်စိပ် ရှိနေတတ်သည့် သရက်ပင်လေး တစ် ပင်လည်းရှိသည်။ တကယ်တော့ သရက်ပင်တွေ အများကြီးရှိခဲ့သည်။ သို့ဖြစ်သည့်တိုင် ဤသရက်ပင်ကလေးမှာ သူ့ကိုယ်လုံးကိုယ်ပေါက်နှင့် သူတည်နေဟန် စသည့် ပသာဒဖြစ်ဖွယ် မြင်ကွင်းကြောင့် တသီးတသန့် စိတ်မှအသိအမှတ်ပြုရခြင်းဖြစ်သည်။ သစ်ပင်များကို ချစ်တတ်ပြီး ဂရုတစိုက်ကြည့်မိသူတိုင်းသည် ဤသရက်ပင်လေးအား လှသည်ဟု ပြောကြမည်သာဖြစ်သည်။ ထိုသရက်ပင်ပျိုကလေးအောက်တွင် ကျွန်ုပ်တို့ဆရာက အုတ်ခုံလေးပြုလုပ်ပေးထား သည်။ သရက်ပင်လေး ၏ ရှေ့ဘက်မျက်နှာစာတွင် ရေကန်တစ်ကန်ရှိသည်။ နောက်ဘက်မျက်နှာစာမှာ ဒန်းလေးတစ်စီးရှိသည်။ ယာဘက်တွင်တော့ မိမိတို့ ပင်ကိုယ်သဘာဝအရ အရပ်မျက်နှာတစ်ခုခုမှ တစ်စုံတစ်ရာကို ဦးညွတ် နေဟန်ဖြင့် တည်နေသော ၀ါးပင်လေးများရှိသည်။ ပတ်ဝန်းကျင်ကောင်း ရေမြေကောင်းကို ကျွန်ုပ်တို့ သက်ရှိသတ်္တ၀ါများအတွက်သာ မဟုတ်ဘဲ သက်မဲ့များ အတွက်လည်း လိုအပ်ကြောင်းကို ပထမဆုံး အကြိမ်အဖြစ် တွေးမိ၏။ သရက်ပင်ကလေး၊ ပြီးတော့ သူ့ ပတ်ဝန်းကျင်။ သူ့အနားမှာ ရှိနေသည့် အုတ်ရေကန်လေးက သူ့ပင်မသွေးကြောများ ရှင်သန်ဖို့ရန် မိတ်ဆွေ ကောင်းပမာဖြစ်သည့် ပတ်ဝန်းကျင်ဖြစ်သည်။ ဒန်းလေးတစ်စီးကတော့ သူ့အနီးအနားတွင် အမြဲတစ်စေ သန့်ရှင်းလတ်ဆတ် နေစေဖို့ ဖြစ်ခဲ့သည်။ သို့ဆိုပါလျင် သူ့လောက်မလှပသည့် သူ့ဘေးနားက သစ်ပင်တွေကတော့ရော.။ သူ့အလှကို ပိုမိုတောက်ပစေမည့် ပတ်ဝန်းကျင်ပင် ဖြစ်လေလိမ့်မလား။ ကျွန်ုပ်သည် ဤသရက်ပင်ပျို လေးအောက်က ဒန်းပေါ်တွင် ထိုင်ရင်း အတွေးပေါင်းမြောက်များစွာကို တွေးတောခဲ့ဖူးသည်။ ကောင်းကင် ပေါင်းမျိုးစုံကိုကိုလည်း မြင်ခဲ့ရဖူးသည်။ တိမ်များဖြင့် ထူထပ်နေသော ကောင်းကင်, အပြာရောင်ကောင်းကင်, တိမ်များကင်းစင်နေသည့် ကြည်လင်တောက်ပသော ကောင်းကင်, မိုးအုံ့နေသည့်ကောင်းကင်, နေသာသည့် ကောင်းကင် စသည်ဖြင့် ကောင်းကင်၏ ကကြိုး ကကွက်များကို ကြည့်ခဲ့ဖူးသည်။ ဒန်းကလေးသည် ကျွန်ုပ်အတွက် စိတ်ရောကိုယ်ပါ ထိုင်ခဲ့သည့် နေရာလေးတစ်နေရာဖြစ်သည်။ ဤနေရာတွင် နှင်းစက်တို့ဖြင့် အေးမြနေသောညများ ဖြစ်ထွန်းခဲ့ဖူးသည်။ ခြင်တို့သည် ဆာလောင် မွတ်သိပ်စွာဖြင့် ပျံဝဲနေခဲ့ကြဖူးသည်။
ကောင်းကင်ကို ကြည်လင်ထွန်းလက်စေသည့် လပြည့်ညများ၊ မှောင်ရိပ်တို့ ကွန်းခိုနေသည့် လကွယ်ညများ, ကြယ်စင်များကို ဖွက်သိမ်းထားသည့် ညများ . . .စသည်ဖြင့် ညပေါင်းများစွာကို ဤဒန်းကလေးပေါ်မှ ကြည့်နေခဲ့ဖူးသည်။ တစ်ခါတစ်ရံတော့ မိမိဘ၀တွင် အရေးပါ နေရာယူခဲ့သည့် သူငယ်ချင်း တစ်ချို့တစ်လေ နှင့် အတူထိုင်ခဲ့ သည်။ လူ့ဘ၀၏ သောက ဒုက်္ခနှင့် အတွေးသက်သက်များကိုသာ အဖော်ပြုပြီး ထိုင်နေ ခဲ့သည့် နေ့စွဲများလည်း ရှိခဲ့သည်။ အချက်အလက်ကင်းမဲ့ကာ ဆုံးဖြတ်ချက်တစ်ခုခုအတွက် ဦးတည်မနေ သည့် တွေးတောမှုများဖြင့် ကုန်ဆုံးခဲ့သည့် အချိန်များလည်းရှိပါသည်။ မည်သို့ပင်ဖြစ်စေ ဤဒန်းကလေးနှင့် ဤသရက်ပင်ကလေးကို ကျေးဇူးတင်သည်။ အရောင်မျိုးစုံပြောင်း လဲတတ်သည့်ညများ ကကြိုးစုံသည့် ကောင်းကင်များကိုလည်း ကျေးဇူးတင်ပါသည်။ ကျွန်ုပ်အတွက် စိတ်ရောကိုယ်ပါ သက်သောင့်သက်သာ ဖြစ်မှုကို အကြိမ်ပေါင်းများစွာ ပေးနိုင်လေသောကြောင့်ဖြစ်သည်။


(၂)

တကယ်တော့ ဒန်းစီးရခြင်းသည် လူ့ဘ၀ကို ရောက်ရှိရခြင်းနှင့် ခပ်ဆင်ဆင် တူလှပါသည်။ ဒန်းပေါ်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် ဒန်းသည် အနည်းနှင့်အများတော့ လှုပ်ခတ်သွားရသည်သာဖြစ်သည်။ ဒန်းဆိုတာ လူတွေကို ယိမ်းထိုးလှုပ်ခတ်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေရသည့် တစ်စုံတစ်ရာဖြစ်သည်။ ဘ၀ဆိုတာ လောကဓံရှစ်ဖော်တို့ဖြင့် ယိမ်းထိုးလှုပ်ခတ်ရာ အရပ်ဒေသတစ်ခုလိုပင် ထင်မြင်မိရသေးသည်။
တစ်ခါတစ်ရံတွင် မိမိလိုအပ်သော အနေအထားကို ရရှိဖို့ ကိုယ်တိုင်လှုပ်ခတ်ပေးရသည်များလည်း ရှိသည်။ ဒန်းတစ်စီးတွင် ရှေ့သို့တိုးခြင်းသည် နောက်သို့ဆုတ်ရန်အတွက်ဖြစ်ပြီး နောက်သို့ဆုတ်ခြင်းသည် လည်း ရှေ့သို့ တက်ရန်ဖြစ်ခဲ့သည်။ လူ့ဘ၀တွင် ရှေ့သို့တက်သည်ဟု ထင်ရသော်လည်း နောက်သို့ဆုတ်ရန် အကြောင်းဖြစ်ချင် ဖြစ်နေတတ်သည်။ဤသို့ ရှေ့တိုးနောက်ဆုတ်ဖြင့် ယိမ်းယိုင်လှုပ်ခတ်နေရခြင်းသည်ပင် လူ့ဘ၀၏ အသက်ရှင်ရခြင်းပေ လောဟု တွေးမိရသေးသည်။ ပြောင်းလဲခြင်းပေါင်းမြောက်များစွာဖြင့် ကျွန်ုပ် တို့သည် မည်မျှ ယိမ်းထိုးခဲ့ကြ ပြီနည်း။ မည်မျှ လှုပ်ခတ်ခဲ့ကြပြီနည်း။ လောကဓံကြိုးများအောက်တွင် ကျွန်ုပ် တို့သည် မည်မျှ ရုပ်သေးကခဲ့ ကြရပါသနည်း။ သံသရာ၏ နက်မှောင်ပြိုးပြက်သော ဆံနွယ်များကို တပ်မက် စွာ နမ်းရှိုက်ခဲ့သည့် ဘ၀ပေါင်းများစွာကို ကျွန်ုပ်တို့ မမြင်နိုင်ခဲ့ကြပေ။ လောက၏ ဆေးဆိုးပန်းရိုက်မျက်နှာကို ကျွန်ုပ်တို့သည် မျက်မှန်စိမ်းတပ်ပြီး ကြည့်ခဲ့ကြသည်။
ယင်းသို့ဖြစ်သည့်တိုင် ကျွန်ုပ်ကတော့ဖြင့် လောက၏ အလှတရားကို ကြည့်မြင်ချင်သေးသူသာဖြစ်သည်။ သာယာဖွယ်ကို တွေ့ရှိသေးလိုသူသာဖြစ်သည်။ အဖြူအမည်း မသဲကွဲချင်သည့် စိတ်မျက်စိဖြင့် လောက၏ အလှကို ရှာဖွေမိနေလေ့ရှိသည်။
““ ရှာလျှင် တွေ့သည် ”” ဆိုသော အဆိုစကားသည်ချွင်းချက်မဲ့မှန်ကန်သည့် အဆိုစကား မဟုတ်ခဲ့သော်လည်း ကျွန်ုပ်နှင့် ဒန်းကလေးသည် အလှတစ်ချို့ကိုတော့ဖြင့် မြင်တွေ့ခဲ့ရသည်။

(၃)

လပြည့်ည . . .။
ထိုညသည် လပြည့်ညဖြစ်ခဲ့သည်။ လပြည့်ညဟူသော အသိကို စောစီးစွာ ရရှိခဲ့ဖို့ ကောင်းသော်လည်း ဂျူး၏
““ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ ””က လပြည့်ကို အသိအမှတ်ပြုဖို့ နောက်ကျနေစေခဲ့သည်။ အမေ့ထံမှ ““ သား ကောင်းကင်ထဲကိုကြည့်ပါ လ,ဟာပြည့်နေတယ်၊ အမေနဲ့သားနဲ့ လ,ကို အတူကြည့်မယ်၊ ပြီးတော့ သားနဲ့အမေ လ,ထဲမှာဆုံမယ်၊ လ,ထဲမှာ အမေ သားကိုတွေ့မယ်”” ဟူသော ကဗျာဆန်ဆန် မက်ဆေ့ခ်ျ ရောက်လာမှသာ ဒန်းပေါ်သို့သွားပြီး လပြည့်ညကို ကြည့်မိတော့သည်။
ဒန်းကလေးပေါ်မှ လပြည့်ညသည် တောက်ပမှုလိုအပ်နေသယောင် ခံစားနေမိသည်။ ဤလပြည့်သည် သရက်ရွက်များကြားမှ မြင်ရသော လ,မို့များလားဟု တွေးမိသေးသည်။ မဟုတ်နိုင်ပါ။ ၀ါဆိုလပြည့်နေည၏ လပြည့်သည် ဘာကြောင့်များ တန်ဆောင်မုန်းလပြည့်ညက လရောင်လောက် တောက်ပမှု မရှိရတာလဲ။ ဘာကြောင့် တိမ်တိုက်များကိုပါ လင်းမသွားစေနိုင်ရတာလဲ။ လပြည့်ညဟူသော အမည်နာမခြင်း တူညီပါ လျှက် နှင့် အဘယ့်ကြောင့် အလင်းခြင်း မတူညီရတာလဲ။ အလင်းများကို နှိုင်းယှဉ်မိခြင်းက ကျွန်ုပ်အား လှပသော ရသကို ခံစားဖို့ နောက်ကျနေစေခဲ့သည်။ လပြည့်ညများသည် မည်သည့်လပြည့်ညမှာဖြစ်စေ တစ်ပြေးညီတည်းလင်းရမည်ဟု သတ်မှတ်ထားမှု မရှိပါ။ အလင်းသည် လင်းချင်သလို လင်းမည်သာ ဖြစ် သည်။ အနည်းငယ် အားပျော့ကောင်း အားပျော့ နိုင်သည်။ တိုးထွက်စူးရှကောင်း စူးရှနေမည်ဖြစ်သည်။ ၀ါဆိုလပြည့်ညသည် တန်ဆောင်မုန်းလပြည့်ညလောက် မလင်းသောကြောင့် မချစ်ဘူးဆိုလျှင်လည် ၀ါဆိုလ ပြည့်ညသည် ကျွန်ုပ်အား ဂရုထားနေမည်မဟုတ်ဘဲ ကမ်္ဘာလောကကို လှည့်ပတ်သွားမည်သာဖြစ်သည်။ ဒီလိုတော့ဖြင့် မဖြစ်သေးပေ။
ဓမ်္မစကြာဟောတော်မူခဲ့သောနေ့က သာလင်းခဲ့သော အရှင်ကောဏ္ဍည၏ လမင်းသည် သာမညဖလ ဟော တော်မူသောနေ့က အဇာတသတ်မင်း၏ လမင်းလောက် မလှပါဘူးဟု တစ်စုံတစ်ယောက်က ငြင်းဆိုချင် သေးလျှင်လည်း ကျွန်ုပ်က မိဂဒါဝုန်တောမှာ သာသည့်လကိုသာ ရွေးချယ်မိမည်ဖြစ်သည်။ ဟုတ်သည်။ ကျွန်ုပ်က မည်သည့်လမင်းကိုမဆို ချစ်တတ်သူပေပဲ။ မည်သည့် ညခင်းကိုမဆို ချစ်တတ်သူပေပဲ။ တစ်ခြမ်းပဲ လမင်းမှာတောင်ပဲ သူ့အလှနှင့်သူတော့ ရှိနေခဲ့သည်ပဲလေ။

(၄)
““ စင်စစ်အားဖြင့် လမင်းသည် ကမ်္ဘာလောကကြီးကို ချစ်ခြင်မြတ်နိုးဘွယ်ရာအဖြစ် အမှတ်ရစေသူပင် ဖြစ်၏။ ဘ၀၏ အဆုတ်, အတက်, အတိုး, အလျော့, အနိမ့်, အမြင့်တို့ကို ပြသနေသူလည်းဖြစ်၏။ ထို့ပြင် အမှောင် နောက်တွင် လိုက်ပါလာသောအလင်း၊ သေခြင်းတရား၏ နောက်တွင်ကပ်ပါလာသော ပြန်လည် ရှင်သန်ခြင်း ၏ သံသရာလည်တတ်ခြင်းတို့ကိုလည်း သတိရစေသူဖြစ်သည်။”” ““ လမင်းသည် အစဉ်ပြောင်းလဲနေ၏။ သို့တိုင် တသမတ်တည်း ဖြတ်သန်းနေသူလည်းဖြစ်၏။ ထိုလမင်း၏ အပြောင်းအလဲ အဆင့်ဆင့်ကို ကျွန်ုပ် မပြတ်စောင့်ကြည့်နေမိ၏။ ချုပ်ညရီတွင် ရှည်လျှားသော အရိပ်များအောက်ရှိ စိတ်လှုပ်ရှားခံစားဖွယ်ရာည များ, ညလယ်တွင် လမင်း၏ နက်ရှိုင်းငြိမ်သက်စွာ ဖြန့်ကျက် နေခြင်းများ, လမင်း၏ အသက်ရှုရင်ခုန်သံများ, မလွဲမသွေ ရောက်ရှိလာတော့မည့် နေ့သစ်ကို သယ်ဆောင် လာသည့် တီးတိုးစကားများ အားလုံးကိုပင် စောင့်ကြည့်မိသည်။”” ““ နေ့များ လများကို ရေတွက်ရာ၌ လမင်းသည် မည်မျှအထောက်အကူပြုခဲ့ပါသနည်း။ လမင်းကို မြင်တွေ့နေရသော အချိန်များ၌ လစဉ်အချိန်ပိုင်းများရှိ နေ့ရက်များ၏ အတိုင်းအဆကို မည်မျှတိကျ မျှတစွာ တိုင်းတာပေးနိုင်ခဲ့ပြီနည်း။ လမင်းသည် လူတို့အတွက် အလွယ်ကူ အရှင်းလင်းဆုံးသော ပြက်္ခဒိန်တစ် ချပ်ပင် ဖြစ်လေသည်””  ဟု ဆိုသော ဂျဝါဟလာနေရူး၏ စကားများကို သတိရမိတော့ ကျွန်ုပ် လမင်းများ အားလုံးကို ပြည့်ဝစွာ လက်ခံပြီး ချစ်တတ်သွားပါသည်။ ငြိမ်ဆိတ်စွာ စဉ်းစားတွေးတောမိနေသော ကျွန်ုပ်ထံ သို့ သွေးဆာနေသည့် ခြင်အုပ်စုက ၀င်ရောက်ဖွဲ့ အုံလာတော့မှ ဒန်းကလေးကို လွှဲဘို့ သတိရမိသည်။ ဒန်းကလေးကို လွှဲစီးလိုက်တော့ သွေးစုပ်ဖို့ စုဝေး ရောက်ရှိလာသည့် ခြင်များမှာ ဒန်းကလေးဆီမှ တိုးထွက် လာသော လေအဟုန်ကို ကြောက်ရွံ့ထိတ်လန့်ဟန်ဖြင့် ပြန်လည်ထွက်ခွါ သွားကြတော့သည်။ ဒန်းကလေးသည် ကျွန်ုပ်အတွက် အနံ့အသက်မထွက်ဘဲ ခြင်များကို ကာကွယ်ပေးနိုင်သည့် ယပ်တောင် တစ်ချောင်းလည်း ဖြစ်ပြန်ပါသေးသည်။ ကောင်းကင်ကို ပြည်လည်မော့ကြည့်သောအခါ လမင်းသည် တိမ်တိုက်တစ်ခုကို ကျော်ဖြတ်ဖို့ အားယူ နေတာကို မြင်တွေ့ရသည်။ ငြိမ်သက်စွာ လှည့်ပတ်နေသည့် လမင်းသည် မည်မျှ လှပလိုက်ပါသနည်း။ မည်ကဲ့သို့သော မငြိမ်သက်သည့် တိမ်တိုက်ကမျှ ဤလမင်းကို ဆွဲငဲယူဆောင်ထားနိုင်မည်မဟုတ်။ ကမ်္ဘာကို ပတ်နေသည့် သူ့ခြေလှမ်းများကို မည်သည့်တန်ခိုးရှင်ကမျှ တားဆီးနိုင်မည်မဟုတ်ချေ။
ဤသို့ဖြင့် ဒန်းကလေးနှင့် ကျွန်ုပ်သည် လောကထဲက လမင်း သဘာဝထဲက လမင်းကို မြင်တွေ့ခဲ့ရသည်။ လောကထဲက အလင်း သဘာဝထဲက အလင်းသည် ဖျော့တော့သည်ဟု ထင်မှတ်မိနိုင်သည့်တိုင် ချစ်နိုင် သည့် စိတ်ထားရှိခဲ့လျှင် ပါးလျသော လမင်းဖြင့်ပင် လင်းနိုင်ပါသည်။ ဆေးစက်တွေ ကွာကျကာ ရာသီဥတု ဒဏ်ကို မလွှဲသာ မရှောင်သာ ခံယူနေရသော်လည်း ကျွန်ုပ်၏ ဒန်းကလေးကတော့ဖြင့် သရက်ပင်ပုလေး အောက်တွင် ခိုင်မာတည့်မတ်စွာ ရပ်တည်နေနိုင်ဆဲပင်ဖြစ်သည်။ ၀ါးပင်များက လေယူရာယိမ်းပြီး သူ့ထံသို့ ဦးညွတ်သည့် အမူအရာကို ပြသောအခါ ဒန်းကလေးက ပျော်ရွှင်စွာ ရယ်မောကာ လရောင်၏အနမ်းကိုခံယူပါလိမ့်မည်။

သားအေးည