မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

Mother's Day Poems

on Sunday, January 8, 2012

Mothers Day

Mother's Day Poems
"I love you,"
said a great mother.
"I love you for what you are
knowing so well what you are.
And I love you more yet, child,
deeper yet than ever, child,
for what you are going to be,
knowing so well you are going far,
knowing your great works are ahead,
ahead and beyond,
yonder and far over yet."

~Carl Sandburg

The family
is like a garden
with joy
for all to share,
With tender, growing blossoms
that thrive on love
and care,
And when
the flowers are gathered
for a very special day,
They make
a bright and beautiful
happiness bouquet.

~Mary Loberg

I know a place that's paradise
For "gamesters" of all sorts~
For young and old competitors,
For in~and~outdoor sports.
The tournaments get under way
Each Saturday at dawn~
With board games on the carpet
And baseball on the lawn.
There's poker played for bottle caps
And football just for kicks,
Plus every other kind of thrill
From jacks to pick-up-sticks.
This living room Las Vegas,
This backyard Astrodome
Is always where the action is
And best of all~it's home!

~Mary Catherine Shannon


၁၃၇၃-ခု၊ ပြာသိုလ်လပြည့် အမေနေ့ကို ဦးညွတ်ဂုဏ်ပြုလျက်


ငါတို့ စား၊၀တ်၊နေရေးအတွက် ..
ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
နေလောင်လို့ အသားနက် ၊ လက် အသားမာ တက်ခဲ့တဲ့ အမေ။
ဆံပင်တွေ ဖြူမွဲ နေလဲ၊ အကြင်နာတွေ ထူထဲနေဆဲ အမေ
သွားကျိုးနေပေမဲ့ သားဆိုးတွေကို ချစ်တဲ့ အမေ
မျက်စိမှုန်နေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ
နားလေးနေပေမဲ့ တရားအေးတွေ ဟောတဲ့ အမေ
အမေ့ခါးတွေ ကိုင်းနေခဲ့ပေမဲ့ ထင်ရာစိုင်းတဲ့ သားသမီးတွေအတွက်
ထမင်းရည်ငှဲ့ရင်း မေတ္တာပို့နေတဲ့ အမေ၊
လက်ဦးဆရာ အမေက မီးဖိုချောင် ထရံပေါ်မှာ မီးသွေးခဲနဲ့ စာသင်ပေးခဲ့တဲ့
ကျေးဇူးကြောင့် အိုင်တီခေတ်ထဲမှာ သားသမီးတွေက အင်တာနက်ထဲ ရောက်ခဲ့ကြပါပြီ။

သားကြီးတွေက ဘီယာတစ်ကျိုက်နဲ့ ကြက်ကြော်ကိုက်နေချိန်မှာ
အမေက ဗူးသီးပြုတ်ကို ငပိဖုတ်နဲ့စားခဲ့တယ်
သားသမီးတွေက ဆယ်ထပ်တိုက်အသစ်ပေါ် တက်နေတဲ့အချိန်မှာ
အမေက တဲ့အိုပျက်မှာ အထီးကျန်နေခဲ့တယ်
သားသမိးတွေက မိတ်ကပ်လိုင်နာနဲ့ လှသွေးကြွယ်နေချိန်မှာ
အမေက သနပ်ခါးဘဲကြားနဲ့ အိမ်တွင်းပုန်းနေရတယ်
သားသမီးတွေက ဒီဂရီဘွဲ့တွေအောင်မြင်ခြင်းတောင်ထိပ်ပေါ်
တက်လှမ်းနေချိန်မှာ
အမေက ကင်ဆာ၊ မီးယပ်၊ သွေးချို ရောဂါပေါင်းစုံနဲ့ သေမင်းချိုင့်ထဲ လျှောက်လှမ်းနေရတယ်။

ဈေးဖိုးတွက်ရင်း လက်ကျန်ငွေကို လက်ပူတိုက်သုံးနေရတဲ့ အမေ
သွေးတိုးတက်ရင်း ရက်လွန်ဆေးတွေနဲ့ မျက်ဖြူဆိုက်နေတဲ့ အမေ။

သားသမီးတွေက ၀ဖြိုးပြီး အလှတိုးနေချိန်မှာ
အမေက ရောဂါတွေတိုးပြီး ဘ၀ဆိုးနေခဲ့တယ်။
သားသမီးတွေက ပို့ပေးသလောက်ငွေနဲ့ အဆင်ပြေသလို ကျေနပ်ပြီးနေတဲ့အမေ
သားသမီးသုံးယောက်ပေါင်းပြီး ပို့ပေးလိုက်တဲ့ ပါတိတ်ထမီတစ်ထည်ကို
အခါခါ မလဲတမ်းဝတ်ရင်း ကြည်နူးနေတတ်တဲ့ အမေ

သာရာမကူးတဲ့ အမေ၊ အဿပြာ မခူးတဲ့ အမေ
ဝေဒနာ မပူးတဲ့ အမေ၊ ၀ါသနာ မရူးတဲ့ အမေ
စေတနာ ထူးတဲ့ အမေ၊ အကြင်နာဦးတဲ့ အမေ။

ရယူဖို့ထက် ပေးဝေခြင်းကို မြတ်နိုးတဲ့သူ
အနိုင်ယူခြင်းထက် အနာခံခြင်းကို မက်မောတဲ့သူ

ကိုယ့်အကျိုးထက် သားသမီးအကျိုးကို မျှော်ကိုးတဲ့သူ
ခံယူခြင်းထက် သွန်သင်ခြင်းကို မက်မောတဲ့သူ။

စေတနာမှန်တဲ့ အမေ၊  သဒ္ဒါသန်တဲ့ အမေ
အပြစ်ရှာ ရန်စကားတွေထက်၊ အနစ်နာခံ စကားတွေမြွတ် ။

သားသမီးတွေက ကားစီးပြီးတိုက်ဆောက်၊
တို့အမေကတော့ ၀မ်းမီးတောက်၊ ဗိုက်မှောက်။

သားသမီးတွေက နိုင်ငံရပ်ခြားသွား၊
တို့အမေကတော့ တောခြုံမြက်ကြားနား။
အမေ့ဆီမှာ ဒေါ်လာမရှိတာ၊ အမေ့ကိုယ်အမေသာ အသိဆုံးပါ။
အိတ်ကပ်မှာ ခြူးတစ်ပြားမှ မ၀င်လဲ စိတ်ဓါတ်ဟာ ထူးမခြားနား အရင်လိုပါဘဲ

အမေတွေရဲ့ ဂုဏ်ပုဒ်ဟာ
ထုတ်ဖေါ်၍ မကုန်၊ ဖော်ကျူး၍ မလောက်

နှင်းတစ်ပေါက်မှ ဧ၀ရက်တောင်အထိ
မိုးထိလဲမြင့်၊ မြေနက်ထဲ လျှိုး
တန်ဖိုးရတနာ ထိုက်တန်လှပါရဲ့။
လူ့ဘ၀ခေတ်သမိုင်းတစ်လျှောက်မှာ
အမေဆိုတာ မပေါက်ဖွားလာခဲ့ရင်
ကမ္ဘာဟာ တစ်ခြမ်းပဲ့သွားလိမ့်မယ်ထင်။

အမိမဲ့သား ရေနည်းငါး
သားဆိုးအမေ တဝေေ၀
လင်ဆိုးမယား တဖားဖား

သားကိုသခင်၊ လင်ကို ဘုရား
မိသားစုတွေ လူလုံးလှစေဖို့ သူ့ဘ၀ကို နင်းပြားအဖြစ်ခံယူလို့
သားသမီးတွေအတွက် စတေးခဲ့တဲ့ အမေ့သွေးတွေ
သားသမီးတွေအတွက် ပုံအောခဲ့တဲ့ အမေ့ချွေးတွေ
သားသမီးတွေအတွက် ရင်းနှီးခဲ့တဲ့ အမေ့မျက်ရည်တွေ

အဲဒီ မေတ္တာရည်တွေ မြစ်ဖျားခံရာ ဒေသဟာ အမေ့ရဲ့နှလုံးသားထဲကပါ။
အမေ့သွေးရည်က ငါတို့ကို ရှင်သန်စေခဲ့တယ်။
အမေ့နို့ရည်က ငါတို့ကို ကြီးထွားစေခဲ့တယ်။
အမေ့ချွေးရည်က ငါတို့ကို တိုးပွားစေခဲ့တယ်။
အမေ့ရုပ်ရည်က ငါတို့ကို လိမ္မာစေခဲ့တယ်။
အမေ့အသံတွေက ငါတို့ကို သန်မာစေခဲ့တယ်။
အမေ့ဟန်တွေက ငါတို့ကို ခိုင်မာစေခဲ့တယ်။

ဆရာမပြ၊ နည်းမကျ တဲ့၊
အမေ ပြခဲ့လို့ ၊ စည်းဝါးနဲ့ ကခဲ့ကြတဲ့
ဘ၀ ဇတ်ခုံပေါ်က အမေ့သားသမီးတွေ။
ဆရာကို အာခံ၊ အာခေါင်လှံစူးတဲ့၊
အမေ့ကို မနာခံလို ပြာလူးတဲ့ သူလို
နောင်တနဲ့ အမေ့သားသမီးတွေ။
အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍
ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်
ကမ္ဘာ အဆုံးတိုင်၊ အမြေ့ပုံးနိုင်ပါစေ ။  ။
မင်းအောင်သက်လွင်

တခါတရံမှာသာ

on Thursday, January 5, 2012

''တခါတရံမှာသာ''

Source, Logic, Research
Theravāda, Mahāyāna
Pālinikāya Doctrine
Architecture, Psychotherapy
Subject တွေ အလီလီနဲ့
တက္ကသိုလ်ရဲ့ ပညာတွေကို
ဒို့တတွေ သင်ယူလိုက်တာ
၂၀၁၁- ပညာသင်နှစ်တောင်
ကုန်မှန်းမသိ ကုန်ခြဲ့ပီပေါ့။

အချိန်တန်ရင် အိမ်ပြန်ရသတဲ့
နာရီတွေကဘဲ မြန်တာလား
ရာသီတွေကဘဲ မမှန်တာလား မသိ
စာလီတွေကို လွမ်းချင်ပေမဲ့
ဇာနည်တွေကတော့-
မကြာခင်ကာလမှာ
စာမေးပွဲကြီးပြီးလို့
တက္ကသိုလ်ပညာသင်ကြားရာ
ဟောဒီ လင်္ကာမြေမြတ်ကို
အပြီးအပိုင် လက်ပြနှုတ်ဆက်
အမိမြေဆီ အိပ်တန်းတက်ရတော့မယ်
ကျန်ခဲ့သူတွေလဲ ရှိမှာပေါ့လေ။

ဒါပေမဲ့လေ
တွေ့ ကြုံ ဆုံ ကွဲ လောကဓမ္မတာထဲမှာ
အလွမ်း အဆွေးဆိုတာ
ဒို့ အတွက်မှ မဟုတ်ပဲ
ကိုယ့်လမ်း ကိုယ်ရှောက်
ကိုယ့်ပန်း ကိုယ်ကောက်
ဒူး မထောက်ကြေး လက်မမြောက်ကြေး
အပြုံးမပျက်ကြေး အမုန်းမဖက်ကြေး
သစ္စာမဖောက်ကြေး မေတ္တာမပျောက်ကြေးပေါ့။

အမိမြေကို ပြန်ရောက်ရင်သာ
ကိုယ့်မြေ ကိုယ့်ရွာ ရောက်ရာဒေသနယ်ပယ်မှာ
တက္ကသိုလ်က ပေးလိုက်တဲ့
အသိဉာဏ်လက်ဆင့်ကမ်း ဝေငှခွင့်တွေနဲ့
လိုအပ်တဲ့နေရာတွေမှာ
အသိဉာဏ် လမ်း တံတားတွေ
ပြင်ဆင် ခင်းကျင်းခွင့်တွေနဲ့

ကျရာတာဝန်တွေ ထမ်းဆောင်
လှပတဲ့ အိပ်မက်တွေကို
ကိုယ်တိုင် ထုဆစ် ဖော်ဆောင်လျက်
ဘ၀အမောတွေကို ကျော်ဖြတ်
မအားလပ်တဲ့ ကြားကနေ
တခါတရံမှာသာ ……
သတိရ နေတတ်ခဲ့ကြမယ်ဆိုရင် .....

2011-ခုနှစ်၊ သီရိလင်္ကာနိုင်ငံ ကေလနိယတက္ကသိုလ်တွင် အတူတကွ ပညာသင်ယူခဲ့ကြသော M.A ကျောင်းသား ညီတော် နောင်တော်များသို့ ရည်ညွှန်းဖွဲ့ဆိုသည်။

မိုးဆောင်းနွေ (သံလျင်)

ဝေဒနာကို မကြေငြာချင်သော်လည်း

on Wednesday, January 4, 2012

*ဝေဒနာကို မကြေငြာချင်သော်လည်း*

မိမိသည် ၂၀၁၁-ခုနှစ်၏ နှစ်ဦးပိုင်းကာလ 1-လပိုင်း ၂၈-ရက်နေ့တွင် အမိမြန်မာပြည်မှ သီဟိုဠ်ခေါ် သီရိလင်္ကာနိုင်ငံသို့ တက္ကသိုလ်ပညာသင်ယူရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိခဲ့လေသည်။ မေးစရာရှိသည်က မြန်မာနိုင်ငံမှာကော သင်လို့မရဘူးလား။ သင်စရာပညာတွေ ကုန်သွားလို့လားဟု။ အမှန်တကယ်တော့ အမိမြန်မာနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာ ပိဋကတ်ပညာသင်ကြားနည်းစနစ်သည် အဆင့်မြင့်သည်။ အခြေခံခိုင်မာသည်။ နည်းစနစ်စုံလင်သည်။ အနုစိပ်သည်။ သို့ဖြစ်၍ ကောင်းမွန်သော ပညာသင်ကြားနည်းစနစ်ကို ပိုင်ဆိုင်ထားသည်မှာ ဘယ်သူမှ ငြင်း၍ မရနိုင်ပေ။ သို့သော် ပြောစရာရှိသည်က မော်ဒန်ခေတ်ကြီးထဲမှာ ခေတ်မီဖို့တော့ လိုအပ်သည်ဟု ထင်မြင်မိသည်။ ပထမပြန်စာမေးပွဲမှာ အင်္ဂလိပ်စာကို တစ်ဘာသာအဖြစ် တရားဝင်ပြဋ္ဌာန်းဖို့ကျပြန်တော့လဲ အခုအချိန်အထိ အကောင် အထည် မဖော်နိုင်သေးပေ။ တက္ကသိုလ်များစွာရှိသော်လည်း ထိုတက္ကသိုလ်များ၏ စည်းကမ်းချက်များက စာသင်သား များအတွက် အခက်အခဲ အဟန့်အတားတစ်ခု ဖြစ်နေပြန်သည်။ အသက်ကန့်သတ်ခြင်း၊ နှစ်ကာလကြာမြင့်ခြင်း စသည်ဖြင့်ပေါ့လေ။ ဒါကြောင့်ပဲ ခေတ်စနစ်အရ လိုအပ်နေသည့် ဗုဒ္ဓဘာသာနှင့်ပက်သက်သည့် အတွေးအခေါ် ပညာများ၊ ချဉ်းကပ်ပုံနည်းလမ်းများဖြင့် ခေတ်မီစွာ သင်ကြားပို့ချပေးသည့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုသို့  တက်ရောက်ပညာသင်ယူရန်၊ နှစ်အနည်းငယ်အတွင်းမှာ ပညာရေးခရီးပြီးဆုံးကာ လိုအပ်သည့် ပန်းတိုင် ရောက်ရန်၊ ယခုခေတ်မှာ အမှန်တကယ်တတ်မြောက်ဖို့ လိုအပ်လျက်ရှိသော အင်္ဂလိပ်စာအရည်အချင်း တိုးတက်ဖို့ရန်ဟူသော ရည်ရွယ်ချက် တို့ဖြင့် နိုင်ငံခြားသို့ ထွက်ဖြစ်ခဲ့သည်။ အခြားအခြားသော  နိုင်ငံခြားပညာတော်သင်ပုဂ္ဂိုလ်များလည်း မိမိနည်းတူ ရည်ရွယ်ချက် ကိုယ်စီ ရှိနေကြလိမ့် မည်ဟု ယုံကြည်မိသည်။
ထားပါတော့လေ။ မိမိ သီဟိုဠ်သို့ရောက်ပြီး မကြာခင်မှာပဲ သီဟိုဠ်၏ ဓလေ့ထုံးစံ၊ ဘာသာရေး၊ ပညာရေး၊ စီးပွါးရေးစသည်တို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရခဲ့သည်။ တကူးတက ပြည့်ပြည့်စုံစုံ လေ့လာခဲ့သည်တော့ မဟုတ်ပေ။ ထိုမျက်မြင်တွေ့ရှိချက်များနှင့် ပက်သက်၍ ရင်ထဲမှာ ခံစားရတာလေးတွေကို အနည်းငယ်မျှ တင်ပြလိုတဲ့ အတွက်ကြောင့် သည်ဆောင်းပါးလေးကို ရေးလိုက် ရခြင်းဖြစ်သည်။
နေရာတိုင်းမှာ အားသားချက် အားနည်းချက်တွေကတော့ ရှိမြဲဓမ္မတာပင်။ ဘယ်အရာမှတော့ အလုံးစုံ ပြီးပြည့်စုံနေမည်မဟုတ်ပေ။ မိမိအနေနဲ့ တင်ပြလိုတာက အမိမြေ၏ ပြုပြင်ရန်လိုအပ်နေသည့် အားနည်းချက် များကိုသာဖြစ်သည်။ ထို့ကြောင့်ပဲ မိမိဆောင်းပါးမှာ လင်္ကာမြေ၏ အားသာချက်အချို့ ကို အနည်းငယ်ဖော်ထုတ်လျက် အမိမြေ၏ ပြုပြင်သင့်သည်ထင်သည့် လိုအပ်ချက်အနည်းငယ်ကို တစေ့တစောင်း တင်ပြထားကြောင်း တွေ့မြင်ရမည် ဖြစ်သည်။ အားနည်းချက်များကို သိမှသာလျှင် ပြုပြင် နိုင်မည်မဟုတ်ပါလော။

သီဟိုဠ်ခေါ် သီရိလင်္ကာနိုင်ငံ
            သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာနှင့်ပက်သက်၍ ကြီးကျယ်ခန်းနားသော သမိုင်းဖြစ်ရပ်များ၊ အာသဝေါ ကုန်ခမ်း ရဟန္တာမထေရ်မြတ်ကြီးများ၊ ပိဋကတ်ကျမ်းတတ် သာသနာ့သူရဲကောင်းများ၊ ပိဋကတ်စာပေများ၊ ဘာသာ ယဉ်ကျေးမှုများ၊ ထွက်ပေါ်ထင်ရှား ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ကို မည်သူမှ မငြင်းဆိုနိုင်ပေ။ ဗုဒ္ဓ မြတ်စွာ ပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့သည့် အိန္ဒိယနိုင်ငံပြီးလျှင် ဒုတိယမြောက် အိမ်နီးချင်း ဗုဒ္ဓနိုင်ငံတော်ကြီးဖြစ်ခဲ့ ကြောင်းကို သမိုင်းအထောက်အထားများက မီးမောင်းထိုးပြလျက်ရှိပေသည်။ နိုင်ငံနယ်ပယ်အနေနဲ့ကြည့်လျှင် သေးငယ်သော ကျွန်းနိုင်ငံလေးမျှသာဖြစ်သည်။ မိမိတို့နိုင်ငံက ပဲခူးတိုင်း၏ အကျယ်ဧရိယာလောက်သာရှိသည် ဟုလည်း အချို့က ဆိုကြသည်။ သို့သော်လည်း အေးချမ်းသည်။ တည်ငြိမ်သည်။ သာယာသည်။ ယဉ်ကျေးသည်။ ပျူငှါသည်။ ခေတ်မီပြီး ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးအောင် အထူးကြိုးစားအားထုတ်နေသော ဒီမိုကရေစီနိုင်ငံ တော်အဖြစ် တွေ့မြင်ရသည်။
           
ဘာသာရေး
            လင်္ကာဒီပသားတို့၏ နှလုံးသားသည် မြတ်ဗုဒ္ဓ၏ ဓမ္မရေအေးကို ကာလကြာမြင့်စွာ သောက်သုံး မှီဝဲခွင့် ရခဲ့၍လားမသိ။ များသောအားဖြင့် ကိုယ်နှုတ်နှလုံး နူးညံ့သိမ်မွေ့ကြသည်။ တစ်ဦးနှင့်တစ်ဦး သိသည်ဖြစ်စေ မသိ သည်ဖြစ်စေ ဒေါသမျက်လုံးဖြင့်မကြည့်ကြ။ မေတ္တာအပြုံးတို့ဖြင့် ဆီးကြိုနှုတ်ဆက် ပျူငှါကြသည်။ ကြမ်းတမ်းစွာ ဆဲရေးတိုင်းထွာခြင်းများ မရှိသလောက်ပင် ဒေါသတရား နည်းပါးကြသည်။ လိုင်းကားပေါ်မှာ၊ လမ်းပေါ်မှာ၊ ဈေးထဲမှာ၊ နေရာအတော်များများ၌ အေးချမ်းစွာ၊ တည်ငြိမ်စွာ ကိုယ့်အလုပ်ကိုယ်လုပ်နေသည်ကိုသာ များသောအားဖြင့် တွေ့မြင်ရသည်။ မိမိတို့သည် ကျောင်းဖွင့်ရက်များ၌ လိုင်းကားစီးလျက် ကေလနိယတက္ကသိုလ်သို့ ကျောင်းတက် ရသည်။ ကားပေါ်မှာ တစ်ဦးနှင့်တဦး ဖေးမကူညီလျက် နေရာပေးသင့်သူများကို နေရာပေးကြသည်။ သက်ကြီးရွယ် အိုများ၊ သားသည် မိခင်များ၊ ကိုယ်ဝန်သည်များကို အထူးဦးစားပေးကြသည်။ ရဟန်းသံဃာတော်များ ကားပေါ်တက် လာပြီဆိုလျှင်ဖြင့် ချက်ချင်း နေရာမှထပေးကြသည်။ မိမိတို့ကပင် အားနာမိသေးသည်။ တစ်ဦးတစ်ယောက်ကမျှ ၀င်ပြောစရာမလို။ ပင်ကိုယ်အသိ ရင်ထဲမှာရှိနှင့်နေကြသည်။ စပယ်ယာက ၀င်ပြောစရာ မလိုသလို ဒရိုင်ဘာကလဲ ၀င်ငေါက်စရာမလိုပေ။ တစ်ခါတရံ ကားများ အပြိုင်အဆိုင်မောင်းတတ်ကြသော်လည်း တစ်ဦးကိုတစ်ဦး အော်ဟစ် ဆဲရေးခြင်း၊ ကြိမ်းမောင်းခြင်းများမပြုကြ။ ဒီလိုမျိုး မြင်ကွင်းတွေကို မြင်ရဖန်များလာတော့ ရင်ထဲမှာ ဝေဒနာက အလိုလိုကပ်ငြိ ခံစားလာမိတော့သည်။ အမိမြေကို ပြန်လည်မြင်ယောင်မိတော့သည်။ စပယ်ယာက ငေါက်လိုက်။ ဒရိုင်ဘာက ဆဲလိုက်။ ခရီးသည်တွေက ဆူလိုက်နဲ့။ ဒီကြားထဲ ကားပေါ်မှာ အချောင်သမား မသမာသူတွေကလဲ ပါသေးသည်။ ရဟန်းသံဃာတော်များ ကားပေါ်တက်လာလျှင် မသိချင်ဟန် ဆောင်သူကဆောင်နဲ့။ သံဃာတော် သီးသန့်ခုံတောင် ဖယ်မပေးချင်ကြပေ။ သံဃာတော်များ လူတွေကြားထဲ တိုးစီးနေကြရတာကို အကြိမ်ကြိမ် တွေ့မြင်ရသည်။ သီဟိုဠ်မှာတော့ ဒါမျိုး မြင်ကွင်းတွေနဲ့ မတွေ့ကြုံရပေ။ ကွာပါ့ကွာပါ့ဟု စိတ်ထဲမှာ အကြိမ်ကြိမ် ရေရွတ်မိသည်။ မျက် မှောက်ကမ္ဘာမှာ ထေရ၀ါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးဟု ပြောရလောက်သည့် အမိမြေမှ ရွှေမြန်မာတို့၏ ကံအမူအရာများကား ဒီထက်ပိုမိုယဉ်ကျေးအောင် ပြုပြင်ဖို့ လိုအပ်နေသေးသည်။ ပြုပြင်စရာတွေ များစွာရှိနေသေး သည်ဟု ခံစားသိမြင်ခဲ့ရသည်။ လင်္ကာဒီပသားတို့နှင့် နှိုင်းယှဉ်ကြည့်တော့ အားမလို အားမရနဲ့ ရင်ထဲမှာ နာကျင်စွာ ခံစားမိသည်။ ဒါက နမူနာမျှသာဖြစ်လေသည်။
            လင်္ကာဒီပသားတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာကို အထူးလေးစား ယုံကြည်ကြသည်။ အုတ်ရောရော ကျောက်ရောရော မရှိသလောက်ပင်။ သူတို့မှာ ကိုးကွယ်စရာ ရတနာသုံးပါးသာရှိသည်။ အခြား ကိုးကွယ်စရာ နတ်မရှိ၊ ဓာတ်မရှိ၊ ဘိုးတော် ၀ိဇ္ဇာဆိုတာမရှိ။ ဗေဒင်နက္ခတ်ဆိုတာ မရှိ။ ယုတ်စွအဆုံး ပုတီးစိပ်ခြင်းအမှုကိုပင် ပြုလုပ်သည်ကို မတွေ့ရပေ။ အမှန်တကယ်တော့ ပုတီးတစ်ကုံးနဲ့ သံသရာခရီး ပြီးဆုံးနိုင်သည်မှ မဟုတ်ပဲလေ။ ပြီးတော့ လူကြီးလူငယ် အရွယ်မရွေး ဘာသာရေးကို အထူးလိုက်စားကြသည်။ မိဘများက ကလေးများကို အထူးဦး စားပေး လိုက်စားစေသည်။ ဥပုသ်စောင့်စေသည်။ တရားနာစေသည်။ ဘာသာယဉ်ကျေးမှုစာပေများ ဖတ်စေသည်။ ကျောင်းပိတ်ရက် တနင်္ဂနွေနေ့တိုင်းမှာ ဆန်းဒေးစကူးလ်ခေါ် ဓမ္မကျောင်းများဖွင့်ရာ နီးစပ်ရာဘုန်းတော်ကြီးကျောင်း များသို့ မိမိတို့၏ရင်သွေးငယ်များကို ပို့ဆောင်လျက် ယဉ်ကျေးမှုစာပေများ၊ အင်္ဂလိပ်စာများ သင်ကြားစေသည်။ ဒါကြောင့်ပင် လင်္ကာဒီပသားတို့၏နှလုံးသားမှာ ငယ်စဉ်ကတည်းက ဘာသာယဉ်ကျေးမှုများ ကိန်းဝပ်တည်ရှိနေ ခဲ့သည်။ အခြေခံဖောင်ဒေးရှင်းကောင်း၍ ခိုင်မြဲခဲ့သည်။ ကိုလိုနီနယ်ချဲ့လက်အောက်ကျွန်အဖြစ် ကြာမြင့်စွာ ကျရောက်ခဲ့သော်လည်း ဘာသာယဉ်ကျေးမှုများ မပျောက်မပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ထားနိုင်ခဲ့သည်။
            နေ့စဉ် ညနေတိုင်းမှာလဲ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လျက် ကျောင်းရှိ သံဃာတော် များနှင့်အတူ ဗောဓိပူဇာနှင့် ဘုရားဝတ်တက်၊ ၀တ်ကပ်မှုများ ပြုလုပ်လေ့ရှိကြသည်။ ပရိတ်ပဋ္ဌာန်း ၀တ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်ကြသည်။ ကလေးကအစ ပရိတ်ဝတ်ရွတ်စဉ်တွေကို သံဃာတော်များနည်းတူ အာဂုံနှုတ်တက် ရရှိကြသည်မှာ အထူးအံ့သြစရာပင်ဖြစ်သည်။ တစ်ခါတရံ ဘုန်းကြီးများ မေ့နေသည့်အရာကိုပင် အောက်ကနေ ထောက်ပေးနိုင်ကြသည်။ ဤသို့ဤပုံ ဘာသာရေးစိတ်ဓာတ်များ ကိန်းဝပ်တည်ရှိနေသော လင်္ကာဒီပသားတို့၏ နှလုံးသားသည် အဘယ်မှာလျင် မယဉ်ကျေးဘဲ ရှိမည်နည်း။ မိမိတို့ဆီမှာဆို ဘုရားရှိခိုးကိုပင် အမြီးအမောက်တည့် အောင် မရချင်ကြ။ ပရိတ်ပဋ္ဌာန်းဆို ဝေးစွ။ ကြည့်ရွတ်လျှင်တောင် မှန်ကန်အောင် မရွတ်ဆိုနိုင်ကြ။ တချို့က ရဟန်း သံဃာများဆို ကြောက်တတ်ရွံ့တတ်ကြသေးသည်။ အသက်ကကြီးနေပြီ၊ ဘုန်းကြီးနဲ့ စကားမပြောတတ်တဲ့သူက အများ။ တချို့ဆို ဘုန်းကြီးကိုကြောက်လို့ ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ ဘုန်းကြီး ကျောင်းမရောက်သူတွေလဲ ဒုနဲ့ဒေးပင်။ ကောင်းသောလက္ခဏာများ ဟုတ်/မဟုတ် စဉ်းစား ပြုပြင်ဖို့ အမှန်တကယ် လိုအပ်သည်ဟု ထင်မြင်မိ သည်။

ပညာရေး
            သီရိလင်္ကာနိုင်ငံသည် ပညာရေးကို အထူးဦးစားပေးသော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ အခြေခံမှ တက္ကသိုလ် အထိ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးသည်။ အရင်ကတော့ ပညာသင်စရိတ်နှင့် ကျောင်းသားဝတ်စုံကို နိုင်ငံ တကာက ထောက်ပံ့ခဲ့သည်။ ယခုတော့ အစိုးရက ထောက်ပံ့သည်ဟု ကြားရသည်။ ဆင်းရဲ ချမ်းသာ လူတန်းစားမရွေး ပညာရေးကို ဆုံးခန်းတိုင်ရောက် သင်ကြားနိုင်ကြသည်။ သင်တန်းအသီးသီးမှာ တက်ရောက်ပညာသင်ကြားနေကြ သူတွေလည်း အများပင်။ အားကျစရာကောင်းလှသည်။ ပညာရှာချိန်အရွယ်မှာ ပညာကို ကြိုးကြိုးစားစား သင်ကြားနေ ကြသည်ကို အားကျစဖွယ် တွေ့မြင်ရသည်။ ပညာသည် လူတို့၏ မျက်လုံးသဖွယ်ဖြစ်သည်ဆိုလျှင် ပညာမတတ်သော သူများသည် အကန်းနှင့် အတူတူပင်ဖြစ်သည်။ သို့ဆိုလျှင် ပညာဖြင့် ဘ၀ကို တည်ဆောက်နေသူများ၊ နိုင်ငံတော်ကို တည်ဆောက်နေသူများသာ အောင်မြင်တိုးတက်မှုကို ရရှိနိုင်မည်။ ချမ်းသာကြွယ်ဝမှုကို ရရှိနိုင်မည်ဖြစ်သည်။ ပညာမတတ်ဘဲ ဘ၀ကိုတည်ဆောက်နေသူများ၊ နိုင်ငံတော်ကို တည်ဆောက်နေသူများကား အောင်မြင်မှု၊ ချမ်းသာ မှုတွေနဲ့ အလှမ်းဝေးနေအုံးမည်သာဖြစ်သည်။ ဆင်ကန်း တောတိုးသလို လိုရာပန်းတိုင်သို့ ချောမောစွာ မရောက်နိုင်ဘဲ လမ်းခုလတ်မှာတင် ဘ၀ကို အရှုံးပေးသွားကြရမည်ဖြစ်သည်။ လူသားတစ်ယောက်၏ ဘ၀အရင်းအမြစ်ထဲမှာ ပညာ တတ်မြောက်မှုသည် ထိပ်ဆုံးက ပါဝင်လျက်ရှိသည်။ သို့ဆိုလျှင် လူတိုင်းလူတိုင်း ပညာကို ကြိုးစားသင်ယူသင့်သလို၊ မိဘ ဆရာသမား လူကြီးများကလဲ ပညာရေးကို အထူးအလေးထား အားပေးရမည်ဖြစ်သည်။ လူတန်းစား မရွေး ပညာသင်ကြားနိုင်ဖို့ သက်ဆိုင်ရာအစိုးရက အထူးထောက်ပံ့မှုပေးဖို့ လိုအပ်သလို၊ ပညာဒါနအဖွဲ့ အစည်းများ များစွာပေါ်ပေါက်ဖို့လဲ အထူးလိုအပ်လျက်ရှိပေသည်။ ပရဟိတစိတ်ဓာတ် နည်းပါးလျက်ရှိသော အမိမြေမှ သား ကောင်းများသည် ဒီကိစ္စကို ယခုအချိန်မှာ အထူးစဉ်းစားဖို့ လိုအပ်နေချေပြီ။ ဘုရားကျောင်းကန် စေတီ တန်ဆောင်းတို့ကို သိန်းပေါင်း ရာထောင်ချီအကုန်အကျခံလျက် လှူဒါန်းနေ ကြသော်လည်း ပညာဒါန ပရဟိတ အဖွဲ့အစည်းတွေမှာ ထောက်ပံ့ကူညီဖို့ကျတော့ အားနည်းချက်တွေ များစွာရှိနေသည်ဟု ထင်မြင်မိသည်။
            မိမိတို့နိုင်ငံမှာ အာဟာရချို့တဲ့နေကြသူများ တစတစ တိုးပွါးလျက် များစွာပင်ရှိနေကြသည်။  ပညာအာဟာရ ချို့တဲ့နေကြသူများ။ အသိဉာဏ် ဗဟုသုတ အာဟာရ ချို့တဲ့နေကြသူများ။ အစား အစာအာဟာရ ချို့တဲ့နေကြသူများ။ ကိုယ်ကျင့်စာရိတ္တ အာဟာရ ချို့တဲ့နေကြသူများ။ ဓမ္မအာဟာရ ချို့တဲ့နေကြသူများ။ စသည်ဖြင့် များစွာပင် ရှိနေကြသည်ကို လူတိုင်းအသိပင်ဖြစ်သည်။ ဒီချို့တဲ့မှု တွေကို ဖြည့်စွမ်းဖို့အတွက် ပရဟိတစိတ်ဓာတ်ပြည့်ဝသော၊ ကာယအား၊ ဉာဏအား၊ ဓနအား၊ သဒ္ဓါအား များစွာရှိသော စေတနာရှင်၊  မေတ္တာရှင်၊ ကရုဏာရှင်၊ ပညာရှင်များ များစွာလိုအပ်လျက်ရှိသည်။ မိမိတို့ဆိုလျင် ငယ်စဉ်က ကျောင်းမတက်ခဲ့ရ။ ရှစ်လေးလုံးနှင့် ကြုံနေ၍ ဘုန်းကြီး ကျောင်းသို့ ပြေးခဲ့ရသည်။ ဘ၀ကို သင်ပုန်းကြီးဖြင့် တည်ဆောက်ခဲ့ရသည်။  မိမိနည်းတူ၊ မိမိလို ဘ၀ကို သင်ပုန်းကြီးနဲ့တောင် တည်ဆောက်ခွင့် မရကြတဲ့ ဘ၀တွေ ဘယ်လောက်များ ရှိနေလိမ့်မလဲလို့ စဉ်းစားမိသည်။ ဒီအဖြစ်တွေကို စဉ်းစားကြည့်တော ရင်နာစရာ။ ခေတ်ကိုလား စနစ်ကိုလား လူကိုလား မူကိုလား ဘယ်သူ့ကို အပြစ်တင်ရမှန်းတောင် မသိတော့ပေ။ ကိုယ့်ကံပဲပေါ့ဆိုပြီး ကံကိုရိုးမယ်ဖွဲ့လျက် ဖြေသိမ့်ခဲ့ရသည်။  အတိတ် ကို ပြန် ပြောင်းသတိရမိတော့ မကျက်တကျက်ဒဏ်ရာတွေနဲ့ ရင်နာစရာတွေက အပြည့်။ ပစ္စုပ္ပန်ကို ကြည့်ပြန်တော့လဲ အား ရကျေနပ်စရာက မရှိ။ အနာဂတ်ကို မျှော်မှန်း ကြည့်တော့လဲ မှုန်ဝါးဝါးနဲ့ဆိုတော့။ ဆိုတော့လေ။ ကယ်သူမဲ့နေတဲ့ ဘ၀များစွာအတွက် ကယ်တင်ရှင် သူရဲကောင်းတွေ များများ ပေါ်ထွက်ပါစေလို့ပဲ ရင်ထဲမှာ အံကြိတ် ဆုတောင်းနေရသည်။ ဆုတောင်း တိုင်းသာ ပြည့်မယ်ဆိုရင်ပေါ့လေ…။

ကျန်းမာရေး
            “အာရောဂျံ ပရမံ လာဘံ” ဒီစကားလေးကတော့ လူတိုင်းရဲ့နှုတ်ဖျားမှာ ရေးပန်းစားအပြောများ လျက်ရှိ သည်။ ကျန်းမာခြင်းသည် ဘယ်အရာနှင့်မျှ မလဲနိုင်လောက်အောင် ရခဲတဲ့ လာဘ်တစ်ပါး ဖြစ်သည်ဟု ဆိုလိုသည်။ လူ့ဘ၀မှာ ကြီးပွါးချမ်းသာချင်တယ်ဆိုရင် ကျန်းမာရေးကောင်းဖို့သည် ပထမဆုံး လိုအပ်ချက်ဖြစ်သည်။ မိမိ၏ ကျန်းမာရေးအတွက် ကာကွယ်ဖို့ မိမိကိုယ်တိုင် ကျန်းမာရေးဆိုင်ရာ သတိနဲ့ အသိဉာဏ်ဗဟုသုတတွေ ရှိဖို့လို အပ်သည်။ ဖြစ်လာလျှင်လဲ ကုသဖို့ ငွေကြေးပြည့်စုံရန် လိုအပ်ပြန်သည်။ မိမိတို့ နိုင်ငံမှာ ငွေကြေးမပြည့်စုံလို့၊ အသိဉာဏ်ဗဟုသုတမရှိလို့ အသက်ကို စတေးလိုက်ရတဲ့ ဘ၀များစွာကို မကြာခဏဆိုသလို ကြားမြင်သိရှိရသည်မှာ ရင့်နင့်စရာ။ ၀မ်းနည်းစရာ။ စိတ်မကောင်းစရာပင်။ လင်္ကာမြေကိုရောက်တဲ့ အခါကျတော့ လင်္ကာဒီပသားတို့၏ ကျန်းမာရေးဆိုင်ရာများကို သိရှိခွင့်ရခဲ့သည်။ လင်္ကာမြေမှာ ပြည်သူပြည်သားအားလုံးအတွက် အစိုးရက အခမဲ့ ဆေးရုံ ဆေးခန်းများဖွင့်ကာ ကုသပေးလျက်ရှိသည်။ လူနာစောင့်ပင် ထားစရာမလိုလောက်အောင် ပြုစုစောင့်ရှောက် ကြသည်။ လူတန်းစားမရွေး၊ ဘာသာမရွေး အခမဲ့ ဆေးကုသခွင့်ရရှိကြသော လင်္ကာဒီပသားတို့ကို အားကျမိသည်။ အခမဲ့ဆေးကုသခွင့် ရရှိကြသည့် အလျောက် ကျန်းမာရေးကို အထူးလိုက်စား သတိထားကြောင်းလဲ သိရှိရသည်။ တစ်ခုသောနေ့မှာ မိမိသည် အဖော်တယောက်နှင့်အတူ လင်္ကာဒီပ အထွေထွေဆေးရုံကြီးသို့ ရောက်ရှိခဲ့လေတော့သည်။ ဆေးရုံကြီးရောက်တော့ များလိုက်တဲ့ လူတွေ လူတွေ။ ဝေဒနာ အကြီးအကျယ် ခံစားနေရသူများမဟုတ်ပါဘဲလျက် ဆေးရုံကြီးမှာ စည်းကား လျက်ရှိသည်ကို မြင်ခဲ့ရသည်။ သူတို့နိုင်ငံသားတွေရဲ့ ကျန်းမာရေးလိုက်စားမှုက အတုယူစရာပင်။ အခမဲ့ စမ်းသပ်ကုသပေးခြင်းဖြစ်သောကြောင့်လဲ ဒီလောက်လူတွေ များနေခြင်းဖြစ်မည်ထင်သည်။ ငွေကြေးနဲ့ဆိုရင်တော့ တတ်နိုင်သူတွေလောက်ပဲ လာနိုင်ကြမှာပေါ့လေ။  ပြည်သူ့ခေါင်းဆောင်တို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် သူတို့၏ ရင်ထဲမှာ ကျန်းမာရေး သတိ၊ အသိတွေက အမြဲလိုလို နိုးကြားတည်ရှိနေသည် ကို တွေ့ခဲ့ရသည်။ ဒါကြောင့်လဲ ပြည်သူတွေက သူတို့၏နိုင်ငံခေါင်းဆောင် သမတမဟိန္ဒကို ချစ်မြတ်နိုးတာ ဖြစ်ပေလိမ့် မည်။ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို ရင်ဝယ်ပေါက်ဖွား သာသမီးများအလား အခမဲ့ ဖြည့် ဆည်း စောင့်ရှောက်ပေးနေလေတော့ ဘယ်ပြည်သူက မချစ်ပဲ၊ အားမကိုးဘဲ ရှိမည်နည်း။ မိဘသဖွယ် ချစ်သည်။ အားကိုးသည်။ ယုံကြည်သည်။ ချစ်ထိုက်၊ အားကိုးထိုက်၊ ယုံကြည်ထိုက်လို့ ချစ်ခြင်း၊ အားကိုးခြင်း၊ ယုံကြည်ခြင်းမဟုတ်ပါလော။

စီးပွါးရေး
စီးပွါးရေးအကြောင်းကိုတော့ မိမိလဲ ကောင်းကောင်းနားမလည်။ အစတုံးက ပြောခဲ့သလို သီရိလင်္ကာ နိုင်ငံသည် သေးငယ်သော ကျွန်းနိုင်ငံလေးတစ်နိုင်ငံသာဖြစ်သည်။ သယံဇာတ ပေါကြွယ်ဝသည်ဟုလဲ မကြားရ။ လုပ်ငန်းလုပ်စရာ နယ်ပယ်ဒေသလဲ ကျယ်ကျယ်ဝန်းဝန်းမရှိ။ သို့ပေမဲ့ နိုင်ငံ တော်အနေနဲ့ တံခါးဖွင့်ဝါဒကိုကျင့်သုံး သော ဒီမိုကရေစီနိုင်ငံဖြစ်လေတော့ စီးပွါးရေးလဲ ပြေလည်သည်ဟုပြောနိုင်သည်။ အခုနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီ တွေရဲ့ ရင်နှီးမြှုပ်နှံမှုတွေ များစွာဝင်ရောက်လာသည်ကို တွေ့ရသည်။ ပြည်ပသို့ထွက်ပြီး လွပ်လပ်စွာ စီးပွါးရေး လုပ်ပိုင် ခွင့်လဲရှိသည်။ ပညာရေး၊ ကျန်းမာရေးတွေက အခမဲ့ဖြစ်တာကြောင့်လဲ ရှာဖွေရသမျှ ငွေကြေးက မိသားစုတစ်စု အတွက် ဖူလုံရုံမျှ မက၊ ပိုလျှံကြသည်။ လွပ်လွတ်စွာ လုပ်ပိုင်ခွင့်ပေးထားခြင်းကြောင့်လဲ ဖြစ်နိုင်သည်။ ရှာဖွေ စုဆောင်း သူဌေးလောင်းဟု မြန်မာစကားပုံရှိသည်။ လင်္ကာဒီပသားတို့သည် စားဝတ်နေရေးတွေမှာလဲ ခြိုးခြံကြ သည်ကို တွေ့မြင်ရသည်။ ၀တ်ကောင်းစားလှတွေကို ခုံမင်တပ်မက်မှု နည်းသည်။ ရိုးရိုးစင်းစင်းပဲ ဘ၀ကို အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနေကြသည်ကို တွေ့မြင်ရသည်။ ပြည်သူတွေရဲ့ အခြေခံလိုအပ် ချက်တွေဖြစ်တဲ့ ရေ၊ မီး၊ လမ်း၊ ဖုန်း၊ အင်တာနက်ကအစ ပြည့်စုံအောင် စီမံဆောင်ရွက်ပေးထားလေတော့လဲ လိုအပ်ချက်က မရှိသလောက် ဖြစ်သည်။ တောနှင့်မြို့ အခွင့်အရေးမျှတူ ခံစားနိုင်အောင် စီမံပေးထားလေတော့ ကွာဟချက်က ကျဉ်းမြောင်းလှသည်။ ပြီးတော့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ စင်္ကာပူလို ချမ်းသာသောနိုင်ငံဖြစ်အောင်၊ စင်္ကာပူကို အမှီလိုက်နိုင်အောင် ကြိုးစားမည်ဆိုတဲ့ ရည်ရွယ်ချက်တွေ ဆုံးဖြတ်ချက်တွေ ထားရှိသည်ဟုလဲ ပြောသည်။ မြင့်မားတဲ့ ရည်ရွယ်ချက်က တော့ ကြားရ သူတွေအတွက် ကြက်သီးထဖွယ်ပင်။ တကယ်ဖြစ်လာနိုင်ခြေရှိသည်ဟုလဲ ထင်မြင်မိသည်။
            ပျော့စိပျော့ညံ့ လုံ့လ၀ီရိယနဲ့တော့ ဘယ်သူမှ၊ ဘယ်နိုင်ငံမှ အထွတ်အထိပ်ရောက်နိုင်မှာ မဟုတ်ဘူးလေ။ ရည်ရွယ်ချက်၊ ပန်းတိုင်၊ စီမံကိန်းတွေလဲရှိမယ်။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်လဲ ခိုင်မာမယ်။ ရည်ရွယ်ချက်နဲ့ လိုက်ဖက်တဲ့ ကြိုးစားအားထုတ်မှုလဲ ရှိမယ်ဆိုရင်တော့ ပန်းတိုင်ဆိုတာ လက်တစ်ကမ်းမှာ စောင့်ကြိုနေမှာ မလွဲပါဘူး။
            ပြီးတော့ ပြည်တွင်းမှာ နေတုံးကဆို မိမိတို့လို သူများအဖို့ ဖုန်းကိုင်နိုင်ဖို့၊ ကွန်ပျူတာ ကိုင်နိုင်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲကြ။ သိန်းနဲ့ချီတဲ့ ပိုက်ဆံတွေကို အကုန်အကျခံနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ခဲ့ဘူးလေ။ ဖုန်းဆိုတာ နေ့စဉ် သိန်းပေါင်း ရာထောင်ချီဝင်နေတဲ့ စီးပွါးသမားတွေအတွက်ပဲဆိုပြီးတော့ ရသေ့စိတ်ဖြေနေခဲ့ရတယ်။ သီဟိုဠ်မှာတော့ ရူပီးတစ်ရာ (မြန်မာငွေ တစ်ထောင်)ဆိုလျှင် ဖုန်းကဒ်တစ်ကဒ်ရနိုင်တယ်။ ဟန်းဆက်ရှိလျှင် ဖုန်းကိုင်လို့ရပြီ။ ဒါကြောင့်လဲ လင်္ကာဒီပသားတွေဟာ အမှိုက်ကျုံးသမားရော၊ စည်ပင်သာယာဝန်ထမ်းရော၊ ကျောင်း သားရော၊ ဘုန်းကြီးရော လူတိုင်းနီးပါး ဖုန်းကိုင်နိုင်ကြတယ်။ မိမိတို့တတွေလဲ သီဟိုဠ်ရောက်မှ ဖုန်းကိုင်ရ၊ ကွန်ပျူတာကိုင်ရနဲ့ အခုမှ လူဖြစ်ရလေတော့တယ်။ ပြန်စဉ်းစားကြည့်တော ဒါကလဲ တခဏပါလားဆိုပြီးတော့ အားငယ် ၀မ်းနည်းရပြန်တယ်။ ဟုတ်သည်ပဲလေ။ မိမိတို့တတွေဟာ ပညာသင်နှစ်တစ်နှစ်ကုန်ရင် အမိမြေကို ပြန်လည်ခြေချကြရမှာမဟုတ်လား။ အဲဒီအခါကျရင် ဒီခံစားမှုတွေက အိပ်မက်အဖြစ်နဲ့ အငွေ့ပြယ် ပျောက်ကွယ် ကျန်ရစ်ခဲ့တော့မှာလေ။ အင်း….မေ့နိုင်အောင်တော့ ကြိုးစားကြရမှာပေါ့။ ရောမကိုရောက်ရင် ရောမလိုကျင့်ရမယ် ဆိုတာ ဆိုရိုးစကားရှိထားပြီးသည်ပဲလေ။

နိုင်ငံရေး
မိမိသည် စီးပွါးရေးအကြောင်းကို နားမလည်သလို၊ နိုင်ငံရေးအကြောင်းကိုလဲ နားမလည်ပေ။ နားလည်အောင် လေ့လာပြီးတော့မှ ဒီဆောင်းပါးကို ရေးခဲ့သည်လဲမဟုတ်ပေ။ သီရိလင်္ကာနိုင်ငံသည် ပြီးခဲ့သည့် နှစ်ပေါင်းများစွာလောက်က တမီးလ်သူပုန်ဘေးကြောင့် ပြည်တွင်းစစ်ဖြစ်ပြီး မငြိမ်မသက် ဖြစ်ခဲ့သည်ဟု ဆိုသည်။ ယခုအချိန်မှာတော့ သမတ မဟိန္ဒ၏ ကြိုးပမ်းမှုကြောင့် သူပုန်ဘေးကနေ အပြီးအပိုင်လွတ်မြောက်လျက် ငြိမ်းချမ်း သော နိုင်ငံတော်သစ်ကို တည်ထောင်လျက်ရှိသည်ကို တွေ့မြင်ရသည်။ ဒါကြောင့် ပြည်သူတွေ အေးချမ်းစွာ၊ လွတ်လပ်စွာ၊ အပူအပင်ကင်းမဲ့စွာနဲ့ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး။ နိုင်ငံ့အရေးတွေကို လုပ်ဆောင်နိုင်ကြသည်။ အေးချမ်းနေသော နိုင်ငံတစ်ခုအနေနဲ့ ရွှေရောင်တောက်ပတဲ့ အနာဂတ် မျှော်လင့်ချက် တွေကို ပုံဖော်ထုဆစ်နိုင်မှာ မြေကြီးလက်ခတ်မလွဲပေ။
           
            မိမိတို့လဲ ပညာသင်နှစ်တစ်နှစ်ကုန်လို့ အိမ်ပြန်ရောက်တဲ့အခါကျရင် ရွှေရောင်တောက်ပတဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ရင်ဝယ်ပိုက်ခွင့်၊ ပုံဖော်ထုဆစ်ခွင့် ရခဲ့မယ်ဆိုရင်တော့---
            ခံစားနေရတဲ့ ဝေဒနာတွေဟာလဲ ကြေငြာစရာမလိုပဲ အလိုလိုပြေပျောက် ကုသမှုမြောက်သွား လိမ့်မယ်လို့ မျှော်လင့်ရင်းဖြင့် ………….။
မိုးဆောင်းနွေ (သန်လျင်)