မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

လွတ်မြောက်ခြင်းမှ ပန်းတိုင်ဆီသို့

on Sunday, January 15, 2012











































































































































လွတ်မြောက်ခြင်းမှ ပန်းတိုင်ဆီသို့
၂၀၁၂ ခု၊ ဇန်န၀ါရီလ ၁၃-ရက်၊ သောကြာနေ့တွင် နိုင်ငံတော်မှ အကျဉ်းကျနေသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့လေသည်။ လွတ်မြောက်လာသူများထဲတွင် 
အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ရေးတရားတော်များ ဟောကြာခဲ့သော မျိုးချစ်သာသနာ့အာဇာနည်ဆရာတော် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ-မစိုးရိမ်)နှင့် ဆရာတော် သံဃာတော်များ၊ ဒီမိုကရေစီအရေးကို ဘ၀ပေး အသက်ပေးလျက် စွန့်စားဆောင်ရွက်ခဲ့ကြသော နိုင်ငံရေး အကျဉ်းသားများနှင့် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်တို့ပါဝင်ခဲ့ကြသည်။ 

အိမ်ထောင်ဦးည
ထီပေါက်စနှင့်
ထောင်မှလွတ်ကင်း 
ပဉ္စင်းလူထွက်
နန်းတက်ဘုရင်
ပင်စင်ငြိမ်းစား
ယောက်ျားလူထူး
ဤခြောက်ဦးကား
အရူးအမူး လွန်ပျော်မြူး၏-ဟူသော 
စကားကို အမှတ်ရမိသည်။ သူတို့လဲ ပျော်နေကြလိမ့်မည်။ သူတို့ကို စောင့်မျှော်နေကြသူတွေလဲ ပျော်နေကြပေလိမ့်မည်။ ဒီနေ့သည် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အပျော်ဆုံးနေ့ဟုလည်း ပြောနိုင်သည်။ ပြည်သူများကလဲ သူတို့၏သူရဲကောင်းများကို အပြုံးများစွာဖြင့် မျှော်လင့်ချက်ကြီးမားစွာဖြင့် ပန်းကုံးများစွတ်လျက် လွမ်းတသသနဲ့ အားရပါးရ ကြိုဆိုခဲ့ကြသည်။ 
အကျဉ်းစံဘ၀က လွတ်မြောက်ပြီးတော့ လောကကောင်းကျိုး၊ နိုင်ငံကောင်းကျိုး၊ ဘာသာ သာသနာကောင်းကျိုးများကို ဆထက်တိုး၍ လွတ်လပ်စွာ ဆောင်ရွက်အားထုတ် နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။ 
                                                                                  မိုးဆောင်းနွေ (သန်လျင်)

အပေါင်းအသင်း မမှားစေဖို့

on Thursday, January 12, 2012



အပေါင်းအသင်း မမှားစေဖို့
ဗုဒ္ဓမြတ်စွာသည် သူ၏တပည့်သာဝကများကို အပေါင်းအသင်းမမှားစေဖို့ နေရာအတော်များများ၌ ဟောကြားခဲ့ပေသည်။ အပေါင်းအသင်းမှားလျှင် ဘ၀ပျက်စီးနိုင်သည်။ အပေါင်းအသင်းမှန်လျှင်ကား နိဗ္ဗာန်ရသည်တိုင်အောင် လောကီ၊လောကုတ္တရာ အကျိုးများစွာဖြစ်ထွန်းနိုင်ပေသည်။ ကလျာဏမိတ္တ-မိတ်ကောင်းဆွေကောင်းသည် အထူးအရေးကြီးကြောင်း သောတာပန်ဖြစ်ကြောင်းလေးပါးထဲမှာ သပ္ပုရိသူပနိဿယ-သူတော်ကောင်းကို မှီဝဲဆည်းကပ်ရမည်ဟု ထည့်သွင်းဟောကြားခဲ့၏။ သောတာပန်အရိယာပုဂ္ဂိုလ်မြတ်ပင် ဖြစ်နိုင်သည်ဆိုလျှင် ပစ္စုပ္ပန်ဘ၀မှာ ကြိုးပွါးချမ်းသာဖို့အတွက် ပြောစရာပင်မလိုလောက်အောင် အကြွင်းမဲ့ အားကိုးထိုက်၊ ဆည်းကပ်ထိုက်ကြောင်း ယုံကြည်ထိုက် ပေသည်။ လောကလူကြီးသူမများကလည်း အပေါင်းအသင်း မမှားစေဖို့ရန် အတန်တန် ဆိုဆုံးမခဲ့လေသည်။ မိမိတို့သည် ငယ်စဉ်တောင်ကျေး ကလေးဘ၀ကထဲက မင်္ဂလသုတ်တော်မှာလာရှိသည့် အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ-ဟူသော ပါဠိလေးကို လူတိုင်းပါစပ်ဖျားမှာ စွဲမြဲစွာ ရရှိခဲ့ဖူးလေသည်။ လူမိုက်ဆိုလျင် ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ-ဟုလည်းပဲ ငယ်ငယ်ကတည်းက ကြားဖူးနားဝ ရှိခဲ့ဖူးလေသည်။ ဒီလင်္ကာ လေးသည် အထက်မှာဖော်ပြခဲ့သည့် မင်္ဂလသုတ်ပါဠိတော်၏ အနက်အဓိပ္ပါယ်ပင်ဖြစ်လေသည်။ သိကား သိ၏ မကျင့်-ဆိုသကဲ့သို့ မိမိတို့ ဗုဒ္ဓဘာသာဝင် အများစုသည် ဗုဒ္ဓမြတ်စွာ၏တရားဓမ္မများကို အကြိမ်ကြိမ်နာကြား၊ အကြိမ်ကြိမ်ဖတ်ထား၍ ဘယ်လိုပင်သိသော်လည်း တရားတော်က ညွှန်ကြား သည့်အတိုင်း မကျင့်ဆောင်နိုင်ကြသဖြင့် အကျင့်ခေါင်၍ အမှောင်ကျကာ ဘ၀မှာ အောက်တန်းက ဖြစ်နေကြရလေသည်။ ဗုဒ္ဓမြတ်စွာသည် လောကီ လောကုတ် နှစ်ဖြာသောအကျိုး တိုးပွါးစေရန်သာ တရားတော်များကို ဟောကြားခဲ့လေသည်။ မိမိတို့က မကျင့်ဆောင်နိုင်ကြသဖြင့်သာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ် အောက်တန်းကျ ဆင်းရဲတွင်းက မထွက်နိုင်ကြခြင်းဖြစ်လေသည်။ ဗုဒ္ဓဘာသာကြောင့် မိမိတို့ ဗုဒ္ဓဘာသာ ရွှေမြန်မာနိုင်ငံတော်ကြီး မတိုးတက် မကြီးပွါးရခြင်းကား (လုံးဝ)လုံးဝ မဟုတ်ပါပေ။ ဌာနီလို့ခေါ်တဲ့ သက်ရှိလူသားတွေရဲ့  လုပ်ဆောင်ချက် ညံ့ဖျင်းမှု၊ တရားတော်က ညွှန်ပြသည့် လမ်းစဉ် အတိုင်း ယုံကြည်စွာ၊ လေးစားစွာ လိုက်နာဆောင်ရွက်မှု မရှိခြင်းကြောင့်သာ ယခုကဲ့သို့ ဆင်းရဲတွင်း နက်သထက်လျက် ကမ္ဘာ့အလယ်မှာ မျက်နှာငယ်လျက် မ၀င့်ထည်နိုင်ကြခြင်းဖြစ်လေသည်။ ဆိုလို သည်က ဌာနီမကောင်းလို့ ဌာနမကောင်းခြင်းဖြစ်သည်။ ဘာသာကောင်းသော်လည်း ဘာသာဝင်များ ၏ လေးစားလိုက်နာကျင့်ဆောင်မှု မကောင်းသော် ကောင်းကျိုးဆိုတာ ရရှိနိုင်မည်မဟုတ်ပေ။ တကယ်တော့ ဗုဒ္ဓမြတ်စွာသည် ကြီးပွါးချမ်းသာအောင် ဖန်ဆင်းပေးသော ဖန်ဆင်းရှင်မဟုတ်။ ကြီးပွါးချမ်းသာကြောင်း နည်းလမ်းကောင်းများကိုသာ လမ်းညွှန်ပြသ ဆိုဆုံးမသူဖြစ်ပေသည်။ လမ်းညွှန်ပြသ ဆိုဆုံးမဖို့ တာဝန်က ဘုရားအဆူဆူနှင့်တကွသော တပည့်သာဝက သံဃာတော် အရှင်သူမြတ်တို့၏ တာဝန်၊ ကျင့်ကြံကြိုးစား အားထုတ်ဖို့ကား ဗုဒ္ဓဘာသာဝင်သူတော်စင်အားလုံးတို့၏ တာဝန်သာဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့၏ ဘ၀အသီးသီး၌ လက်ရှိပစ္စုပ္ပန်မှာရော အနာဂတ်တမလွန်မှာပါ ကြီးပွါးချမ်းသာချင်တယ်၊ တိုးတက်ချင်တယ် အထက်တန်းကျကျနဲ့ မျက်နှာ ပန်းလှချင်တယ်ဆိုရင်ဖြင့် အပေါင်းအသင်းမမှားဖို့ အင်မတန်မှ အရေးကြီးလှပေသည်။ သူတပါး၏ ချို့ ယွင်းချက် ကိုယ့်တွက် ဆရာဖြစ်စရာ-ဟူသော အဆိုအရ သာဓကတစ်ခု ပုံပြုပါဆိုလျှင် အားလုံး သိပြီးသားဖြစ်သော ပထမသင်္ဂါယနာတင် ဘ၀ရှင်မင်းတရားကြီး အဇာတသတ်ကိုပင် မီးမောင်း ထိုးပြရပေမည်။ ရှင်ကြီးဒေ၀ဒတ်နဲ့ ပေါင်းသင်းမိလို့ အဖကိုသတ်တဲ့ ပိတုဃာတက ပဉ္စာနန္တရိယ ဂရုကံကြီးကို ကျူးလွန်မိရှာသော အဇာတသတ်မင်းသည် ဘုရားရှင်၏သာသနာနဲ့ ကြုံတွေ့လျက် ပစ္စည်းလေးပါးထောက်ပံ့ခွင့်၊ တရားနာခွင့်ရခဲ့သော်လည်း မိမိပြုမှားမိခဲ့သော ကုစားမရတဲ့ ဂရုကံအကု သိုလ်ကြောင့် လောဟကုမ္ဘီငရဲမှာ အနှစ်ခြောက်သောင်း ငရဲခံရရှာလေသည်။ အကယ်၍သာ ဖခင် ဗိမ္ဗိသာရမင်းကြီးကို မသတ်ဖြစ်ခဲ့သော် သူသည် ဤဘ၀မှာပင် သောတာပန်တည်လျက် အပါယ်တံခါး ပိတ်ခြင်းတည်းဟူသောအကျိုးကို ခံစားရမည်ဖြစ်သည်။ မိမိတို့ နေထိုင်ရာ လက်ရှိလူ့ပတ်ဝန်းကျင်မှာ လည်း အပေါင်းအသင်းမှားခြင်းကြောင့် ပျက်စီးနေကြသူတွေကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေကြရမည် သာဖြစ်သည်။ ယောက်ျားပျက်နဲ့ပေါင်းမိတော့ ကိုယ်လဲ ယောက်ျားပျက်ဖြစ်သွားနိုင်သည်။ ယောက်ျား မြတ်နှင့်ပေါင်းမှ ကိုယ်လဲ ယောက်ျားမြတ်ဖြစ်ပေမည်။ ထို့အတူပင် မိန်းမပျက်နဲ့ ပေါင်းမိတော့ ကိုယ်တိုင်မိန်းမပျက်ဖြစ်ရသလို မိန်းမမြတ်နဲ့ပေါင်းမှ ကိုယ်လဲ မိန်းမမြတ်ဖြစ်ပေမည်။
            ဗုဒ္ဓမြတ်စွာက အင်္ဂုတ္တရနိကာယ် တိကနိပါတ်ပါဠိတော်၌ (၁) အကျင့်သီလမရှိ၊ ယုတ်ယုတ် မာမာ ကျင့်ကြံနေထိုင်သူ (၂) အမျက်ဒေါသကြီးသူများကို မပေါင်းဖော်သင့်၊ စက်ဆုပ်သင့်၏။ (၃) သီလ သမာဓိ ပညာရှိ၍ စိတ်သဘောထား နူးညံ့သိမ်မွေ့သူကို ပေါင်းဖော်ဆည်းကပ်သင့်၏-ဟု အတိအလင်း ထုတ်ဖော်ဟောကြားခဲ့ပေသည်။ မိမိတို့ရော လက်ရှိလူ့ဘ၀ပတ်ဝန်းကျင်မှာ ပေါင်းဖော် သင့်သူတွေနဲ့ ပေါင်းသင်းနေသလား၊ မပေါင်းဖော်သင့်သူတွေနဲ့ ပေါင်းသင်းမှားယွင်းနေကြသလား ဆိုတာကို ပြန်လည်သုံးသပ်လျက် ပြုပြင်အပ်လှပေသည်။                 
နိဂုံးချုပ်အနေဖြင့် မိမိတို့တတွေ ရခဲလှသောလူ့ဘ၀ကို ကံကောင်းထောက်မ ရရှိလာခိုက်၊ ကြုံခဲလှသော ဘုရားသာသနာတော်နှင့်လည်း အကြောင်းစုံလို့ ကြုံတွေ့ခိုက်မှာ အပေါင်းအသင်းမမှားစေဖို့ အထူးကြိုးစားကြပါစို့ဟု တိုက်တွန်းရင်းဖြင့်..။ 
မိုးဆောင်းနွေ (သန်လျင်)

တမ်းတမပြေ မွေးအမေ

on Sunday, January 8, 2012

တမ်းတမပြေ မွေးအမေ

နှင်းငွေ့နှင်းငွေ့ ၊ တဝေ့ဝေ့လျင်
တမြေ့မြေ့အေး ၊ တရေးရေးနှင့်
ဆောင်းတေးသံစဉ် ၊ ရာသီခွင်သည်
လွမ်းစဉ်မဆုံး နိုင်တော့ပြီ...။

ချမ်းမြမြဆောင်း ၊ နှင်းရည်လောင်းသော်
ပန်းပေါင်းသဇင် ၊ ပွင့်ဝတ်လွင်လျက်
ညင်ညင် တေးသံ ၊ ငြိုးငြိုးညံသည်
လွမ်းသံစိမ့် စိမ့် ရင်သိမ့်သိမ့်...။

ဆောင်းရက်မြောက်လေ ၊ တေးသံဝေသော်
ရစ်ခွေသံယောစဉ် ၊ အမေ့ရင်ခွင်ကို
ပြေးဝင်တမ်းတ ၊ သတိရသည်
(ဟိုဝေးမြေမှ)
လွမ်းတ မပြေ မွေးအမေ....။

ပြာသိုလပြည့်  မိဘနေ့အတွက် မိဘများအား ဤကဗျာဖြင့် ဦးညွတ်ပါသည်။
                          ၁၃၇၃ ခု၊ ပြာသိုလဆန်း(၁၃)ရက်။

                                     ကဗျာရေးတဲ့
                                    အရှင်ဇောတိက ၊ ပုသိမ်