မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

ကြယ်ကလေးမို့ ညကိုရွေးတယ်

on Wednesday, January 18, 2012

ကြယ်ကလေးမို့ ညကိုရွေးတယ်
  ကျွန်တော့်မျက်နှာကို
မှန်ထဲပြန်ကြည့်လိုက်တဲ့အခါ
ထွက်သစ်စ ၀က်ခြံတွေ
အရွယ်ရောက်ပြီး ၀က်ခြံတွေက
သူတို့ရဲ့ အမိမြေလို
တရင်းတနှီး လက်ပွန်းတတီးဖြစ်နေတာ
မြင်ရတယ်။

        သည်နေ့ကို လပြည့်နေ့ဟု အထူးပြုသတ်မှတ်ကာ လူအများပျော်ရွှင်ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် လူတွေ ပျော်အောင်နေကြသည်။ ၀မ်းနည်းစရာများရှိနေသည့်တိုင် လူတွေ ပျော်ကြသည်။ သည်နေ့သည် ရုံးပိတ်ရက်လည်းဖြစ်ပါသည်။ တစ်နေကုန် ကျွန်တော့်အဖို့ သွားစရာနေရာ မရှိပါ။ မည်သူ့ထံသို့မျှလည်း သွားချင်စိတ်မရှိ။ တစ်စုံတစ်ယောက်ထံ ဖုန်းဆက်ဖို့ကို လည်း ကျွန်တော် မေ့ချင်ယောင်ဆောင်နေလိုက်သည်။
        သည်လိုနေသောအခါ ကျွန်တော့်အဖို့ အထီးကျန်မှုသည် အလိုလိုပင် ၀င်ရောက်လာပါသည်။ သက်ပြင်းများချကာ တစ်ယောက်တည်း ၀မ်းနည်းနေမိသည်။ မနက်ခုနစ်နာရီထိုးမှ ကျွန်တော် အိပ်ယာက နိုးလာသည်။ တစ်ယောက်တည်းဟူသော အသိစိတ်က နည်းနည်းတော့ တုန်လှုပ်စေ သည်။ သို့ပေမဲ့ လွတ် လွတ်လပ်လပ် ဖြစ်နေခြင်းကြောင့် စိတ်သက်သာရာတော့ ရသေးသည်။
ကျွန်တော့်မှာ သားသမီးလည်းမရှိ၊ ဇနီးမယားလည်းမရှိပါ။ ထို့အတူ တစ်ယောက်ယောက်ကို အထူးပြုနေဘို့ လည်း မရှိပါ။ ကျွန်တော့်မှာ ကျွန်တော်သာရှိပါသည်။ တစ်ယောက်တည်း စာအုပ်တစ်အုပ်ကို ချိုင်းကြားညှပ် ကာ လဖက်ရည်ဆိုင်သို့သွားသည်။ ပုံမှန်တစ်ခွက်သောက်သည်။တစ်ချက်တစ်ချက် လမ်းမဘက်သို့ ငေးမော ကြည့်မိသည်။ စာအုပ်ထဲမှ ကဗျာတွေဖတ်ကြည့်သည်။ တစ်ကြောင်းနှစ်ကြောင်းဖတ်ပြီး ဟိုလှန်သည်လှန် လုပ်နေမိသည်။
လဖက်ရည်သောက်ပြီးသောအခါ အဆောင်သို့ပြန်လာသည်။ တစ်ခုခုတော့ လုပ်မှဖြစ်မည်။ ကျွန်တော့် အထီးကျန်မှုကို ကုစားရန်အတွက် အလုပ်ကို မိတ်ဆွေဖွဲ့ရတော့မည်။ ပြဌာန်းစာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကြည့်သည်။ စာအုပ်က ကျွန်တော် နှင့် နည်းနည်းစိမ်းနေသလိုပင်။
“ မာရီလင်း မွန်ရိုး ”၊ “ နိုဝင်ဘာမိုး ” . .စသည့် ကျွန်တော် စိတ်ဝင်စားနိုင်မည့် စာအုပ်တွေအပေါ် မျက်စိ ကစားမိသည်။ စိတ်မ၀င်စား။ ဘာလုပ်ရမှန်းမသိသောကြောင့် ကိုယ့်မျက်ခုံးမွှေးကို ဖိကုတ် နေမိသည်။ သည်လိုနေလို့ မဖြစ်သေးပါ။ ကွန်ပျူတာကို ဖွင့်ကြည့်သည်။ စာနည်းနည်းရေးရရင် ကောင်းမလား။ မရေးချင်သေးပါ။ သည်လိုနှင့် ဂိမ်းဆော့နေလိုက်သည်။ ကျွန်တော် မနိုင်သည့် ဂိမ်းကို ရွေးဆော့သည်။ ခဏခဏရှုံးနေလည်း ထပ်ဆော့မိပါသည်။ကျွန်တော်က တစ်ခါတစ်ရံ နိုင်ရတာထက် ရှုံးရတာကိုပိုပြီး စိတ် ၀င်တစားရှိသည်။ အနိုင်ရချင်သူတွေ များလှသည့်နေရာတွင် အရှုံးကို ဆုလာဘ်တစ်ခု လို ဖက်တွယ်ထား ချင်မိပြန်သည်။
“ ရှုံးစမ်း . .ရှုံးစမ်း . . . ဘာမှမကျန်တော့လောက်အောင် ရှုံးစမ်း ”။ ကျွန်တော့် အရှုံးမာနက ရုန်းကြွနေ သည်။ အနိုင်ကို သယ်ပိုထားရတာထက် အရှုံးကို ဖက်ထားချင်သည်။ မျက်စိကို တင်းတင်းမှိတ် အံစေ့စေ့ ကြိတ်ပြီး အရှုံးကို တစ်ဖန် ပြန်စမိသည်။
တစ်နာရီ . . .နှစ်နာရီ . . .။
တစ်ဘ၀ . . .နှစ်ဘ၀ . . .။
8 8 8
ကျောက်ခဲယောင်ဆောင်နေတဲ့
ထမင်းတစ်ဆုပ်စာအတွက်
မနားတမ်း လမ်းလျှောက်နေရသူ ငါ့အတွက်
နှလုံးသားရပ်ဝန်းမှာ မိုးသည်းပါစေ ဆုတောင်းဘို့
အိပ်မက်တွေကို ဘယ်မှာ လိုက်ရှာရမလဲ . .။

          ကျွန်တော် စာအုပ်ဖတ်လိုက် ဂိမ်းဆော့လိုက်ဖြင့် အချိန်ဖြုန်းနေမိသည်။ ကိုးနာရီခွဲခန့်တွင် ကျွန် တော့်ထံ ဧည့်သည် တစ်ယောက်ရောက်လာသည်။ အဆောင်ပြင်ဘက်မှ ကျွန်တော့်နာမည်ကို ခပ်အုပ်အုပ် မေးလိုက်သည့်အသံကို ကြားရကတည်းက ညီမလေးဆိုတာ ကျွန်တော်သိသည်။ သိသည်နှင့်တပြိုင်နက် ကွန်ပျူတာကို ပိတ်လိုက်သည်။ ကွမ်းတံတွေးများ ပေကျံနေသည့် ပါးစပ်ကို ပလုတ်ကျင်းလိုက်သည်။
““ ညီမလေး ဘာစားခဲ့ပြီးပြီလဲ ””
““ ဟင့် . .အင် ဘာမှမစားရသေးဘူး၊ ငါအဝေးကွင်းကနေ လာခဲ့တာ ””
ကျွန်တော် သုံးခါလောက်မေးမှ သူမက ပြန်ဖြေသည်။ ညီမလေးအတွက် ကော်ဖီတစ်ခွက်ဖျော်ပေးလိုက် သည်။ ကျွန်တော့် အနားမှ ပြန့်ကျဲနေသည့် မုန့်ထုပ်များကို လိုက်စုကာ ညီမလေးရှေ့ ချပေးလိုက်သည်။ ညီမလေး ခေါင်းရမ်းသည်။
““ ဟင့် . .အင် . . ငါ ဘာမှမစားချင်ဘူး ””
““ ဘာမှ မစားလို့ဖြစ်မလားကွ၊ တစ်ခုခုတော့ စားရမှာပေါ့ ””
သူမသည် ကျွန်တော့်စကားကို နားမထောင်ပါ။ ကျွန်တော်ချပေးလိုက်သည့် ကော်ဖီခွက်ကို ခပ်တွေတွေ စိုက်ကြည့်နေသည်။
““ ဘယ်မှာလဲ ငါတောင်းထားတဲ့ စာအုပ် ””
““ လူတစ်ယောက် ငှားသွားတယ် ””
““ ငါထင်တယ်၊ ထင်ပါတယ်ဟာ . .၊ နင် အဲလိုမျိုး ဖြစ်မယ်ဆိုတာ ငါသိတယ်၊ ငါ အဝေးကြီးက လာခဲ့ရတယ်၊ မရဘူးဆိုတာလည်း ကြိုသိခဲ့တယ်၊ ဒေါသ ကြိုထွက်ခဲ့ပြီးပြီ၊ ငါ ပြန်မယ်ဟာ ””
ညီမလေးက စိတ်ပျက်လက်ပျက်ဖြင့် သူ့အိတ်ကို ကောက်ဆွဲတော့ ကျွန်တော့်ရင်ထဲမှာမကောင်း။ စိတ်တစ် ဖက်ကလည်း သည်အရွယ်ရောက်လာသည့်တိုင် ကလေးလေးလို ပြုမူချင်သေးသည့် သူမကို ရယ်ချင်နေမိ သည်။ ကျွန်တော် စိတ်မထိမ်းနိုင်စွာ ရယ်မောမိတော့ သူမပိုပြီး ဒေါသ ထွက်သွားသည်။
““ ငါ ပြန်မယ် ဒီမှာနေရင် ပိုပြီး စိတ်တိုရမယ်၊ အရယ်ခံနေရမယ် ”
ကျွန်တော့် ရယ်မောခြင်းများကို နှုတ်ခမ်းထောင့်တစ်နေရာတွင် စေ့ထားလိုက်ပြီး လက်စသတ် လိုက်ပါ သည်။ ညီမလေး အသက်မှာ မငယ်တော့ပါ။ အထူးကုဆေးခန်းတစ်ခုတွင် အလုပ်ဝင်နေ သည်မှာ နှစ်နှစ် ပင်ရှိခဲ့ပြီ။ စာအုပ်တွေ ဖတ်လွန်းသောကြောင့် တည်ငြိမ်ရင့်ကျက်သည့် မျက်နှာ ထားတစ်ခုကိုလည်း သူမ ရထားပြီ။ သည်နှစ်ထဲမှာပင် သူအိမ်ထောင်ကျခဲ့သည်။ သူတို့ဆေးခန်းမှာ ပင် အစ်မဟု သူမကို ခေါ်ကြ သည်။ ကျွန်တော်နှင့် တွေ့မှသာ ကလေးပေါက်စလေးလိုဖြစ်နေတာ။
သူမကျေနပ်သွားစေရန်အတွက် စာအုပ်စင်ပေါ်မှ မဂ်္ဂဇင်းစာအုပ်များကို လှန်လှောပြီး ချပေးလိုက် သည်။ ကျွန်တော့် ၀တ္ထုများကို တွေ့သောအခါ ကလောင်နာမည်ကိုကြည့်ပြီး ပြုံးနေသည်။ သူမ၏ နှုတ်ခမ်း တွန့်လေးထဲမှာ အဓိပ္ပါယ်ပေါင်းများစွာ ပါကြောင်း ကျွန်တော်သာ သိပါသည်။
““ အဲဒီစာအုပ်ကို ဒီနေ့ မရနိုင်ဘူးလား၊ ””
““ အဝေးကြီးပဲ ငါသွားမယူနိုင်ဘူး၊ နောက်ပြီး အမျိုးသမီးတွေများတဲ့အိမ်ကို ငါခဏခဏ မသွားနိုင်ဘူး ””
ကျွန်တော် ခပ်မာမာ ပြောသောအခါ သူမက သဘောကျကာ ရယ်မောသည်။
““ အေးပါဟာ . .၊ အဲဒီစကား တစခွန်းနဲ့တင်ပဲ ဒီနေ့ ငါ ဒီကို လာရတာ တန်ပါတယ်၊ ””
ညီမလေးသည် တစ်ယောက်တည်းနေမည်ဟု ဖွင့်ဟထားသူ၊ စာရေးဆရာဟု ကိုယ့်ကိုယ့်ကို သတ် မှတ်ထား သူ ကျွန်တော့်ထံမှ တစ်စုံတစ်ရာသော အမျိုးသမီးများနှင့် ပတ်သက်သည့် နာမည်ဆိုးသတင်းကြားရမည်ကို စိုးရိမ်ပုံရသည်။ ညီမလေးလည်း ရယ်မောပြုံးရွှင်ရင်း ကျွန်တော်ဖျော်ပေးသည့် ကော်ဖီခွက်ကို ဖြည်းဖြည်း ညင်းညင်း သောက်လေသည်။
8 8 8

ငါ့ကို မကြည့်နဲ့
ငါ နေ့တိုင်းရေလောင်းပေါင်းသင်နေတဲ့
ဟိုနားက သစ်ပင်ကိုကြည့်
သူ့မှာတောင် ရင်သားတွေပေါ်လို့ . . ။

       ဆယ်နာရီခွဲခန့်တွင် ညီမလေးသည် ကျွန်တော့်ထံမှ ပြန်သွားသည်။ သူ့အဆောင်ရှိရာ စမ်းချောင်းသို့ ပြန်သွားခြင်းဖြစ်သည်။ကျွန်တော် ကားဂိတ်ထိ သူမကို လိုက်ပို့လိုက်သည်။ ကျွန်တော့်ခေါင်းပေါ်ရှိ နေမင်း သည် အရှိန်အဟုန်ဖြင့် သူ၏ စူးစူးရှရှ အလင်းရောင်ကို လောက ထဲသို့ ပို့လွှတ်နေပြီ။ ကျွန်တော် အဆောင် သို့ ပြန်ရောက်လာပြီ။ ကျွန်တော့်တို့အဆောင်မှာ မည်သူ မျှမရှိ။ နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် အဆောင် မကပ်ကြခြင်းဖြစ်သည်။ ကျွန်တော့်အတွက်တော့ နေ့ထူးနေ့မြတ်ဆိုတာမျိုးမရှိပါ။ ရက်ရာဇာလည်းမရှိ။ ပြဿဒါးလည်း မရှိ။ စကားပြောရာတွင် ဟာသမြောက်ရုံသာလျှင် ရက်ရာဇာ ပြဿဒါးကို ကျွန်တော်သုံး သည်။
အမြဲတစ်စေ အာရုံငါးပါးကို လက်ခံတုန့်ပြန်နေတတ်သူ ကျွန်တော့်အတွက် အထီးကျန်မှုဝေဒနာသည် ရုတ်တရက် ၀င်ရောက်လာသည်။ ကျွန်တော် သည်လိုတစ်ကိုယ်တည်း မနေချင်ပါ။ တစ်ခုခုကို အဖော်ပြု မှဖြစ်မည်။ အာရုံကင်းဆိတ်သည့် ဝေဒနာနှင့် ကျွန်တော်အတူ မနေလိုပါ။ အဆောင်၏ အလည်တည့်တည့် မှာ ချထားသော ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်မိ သည်။ ကျွန်တော့်စိတ်တွေကို အဖော်ပြုမှ ဖြစ်တော့ မည်။ သက်သောင့်သက်သာ အနေအထားကို ရအောင် အကြောများကို ဖြန့်ပြီး ထိုင်သည်။ ထို့နောက်တွင် ကျွန်တော့်အတွေးများကို ရောက် တတ်ရာရာ ဆွဲထုတ်ဆန့်တန်းမိသည်။ ထိုင်ကာစမှာ ကျွန်တော့်အတွေး များက စီစီရီရီ ရောက်မလာပါ။ သူတို့လည်း ဘုရားဖူးသွားချင်နေသည် ထင်ပါသည်။ သို့သော် သိပ်ကြာကြာ မစောင့်လိုက် ရ။ အတွေများက ကျွန်တော်ခေါ်ရာသို့ လိုက်လာသည်။
    ပထမဆုံးတွေးမိသော အတွေးမှာ မောင်ထွန်းသူ မြန်မာပြန်သည့် ကင်မီလီ စာအုပ်ထဲမှ “ သမီးလမ်းတစ် ခုကို ရွေးမယ်ဆိုရင် သေသေချချာ စဉ်းစားပြီးမှ ရွေးချယ်ပါ၊ ဆုံးဖြတ်ပါ၊ဘာကြောင့်လဲဆိုတော့ လမ်းတစ်ခု ကို ရွေးမိပြီဆိုရင် အဲဒီလမ်းကို ကိုယ်မလျှောက်ချင်ဘဲလည်း ဆက်လျှောက်ရတတ်တယ် ”” ဟူသော စာသားဖြစ်သည်။ တွေးမိသည်ဆိုခြင်းထက် သတိရလာ သည်ဟုဆိုလျှင် ပိုမှန်ကန်နိုင်သည်။ “ ရွေးချယ်မှု ” ဟူသော ခေါင်းစဉ်ကို ကျွန်တော် စဉ်းစားနေမိ သည်။ လူတစ်ယောက်မှာရှိနေသည့် ရွေးချယ်ပိုင်ခွင့် . .။ ငြင်းဆိုခွင့်။ ရွေးချယ်မှုဟူသည်မှာ အခွင့် အရေးအပေါ်တွင် အများဆုံးမူတည်နေတတ်လေသလား . .။
““ ဘ၀လမ်းကို စရွေးပြီး တာထွက်ကတည်းက မှားလိုက်တော့ ဘာမှကို လုပ်လို့မရတော့ဘူး ””။ သည်စကားလုံးကို ကျွန်တော့်သူငယ်ချင်းတစ်ယောက် မကြာမကြာ သုံးတတ်သည်။ ““ ရွေးချယ်မှု မှားလိုက် တာနဲ့ ဘ၀က မြုံသွားတာပဲ ”” .. စသည့် စကားလုံးများသည် ကျွန်တော့်ခေါင်းထဲတွင် အမျှင်အတန်းလိုက် ပေါ်လာသည်။
လူတစ်ယောက် ရွေးချယ်မှု မှန်ကန်နိုင်ရန်အတွက် အချိန်ကာလလိုသည်။ မိမိ ရွေးချယ်လိုက်သည့် အရာ မှန်ကန်စွာ ဖြစ်ထွန်းနိုင်ရန်အတွက် အချိန်ကာလသည် နံပါတ်တစ်နေရာမှ ပြဌာန်းသည်။ ထို့နောက် နေရာ ဒေသလိုပါသည်။ နေရာကို မလွဲချော်အောင် ရွေးချယ်တတ်ပါမှ မိမိ သွားလိုသည့် လမ်းကြောင်းသည် ဖြောင့်ဖြူးလိမ့်မည်။ မိမိကိုယ်တိုင်၏ အားထုတ်မှုများနှင့်၊ အထောက်အပံ့ပြည့် စုံမှုလည်း လိုပါသည်။
သည်အကြောင်းအရာကို စဉ်းစားမိသောအခါ ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့ရဖူးသည် ဘီလုံး ငှက်နှင့် စွန်ရဲငှက် အကြောင်း ပုံပြင်လေးကို သတိရလာသည်။ ဘီလုံးငှက်လေးတစ်ကောင်ကို စွန်ရဲငှက်က သုတ်ချီပျံသန်းလာသည်။ ဘီလုံးငှက်ကလေးက သေးငယ်လွန်းသောကြောင့် စွန်ရဲငှက်က ခြောက်ထောက် ကြားမှာပင် ထည့်ထားနိုင်သည်။ လေထဲတွင် ပျဲဝဲနေသည့် စွန်ရဲငှက်အား “ ငါ့နေရာမဟုတ်လို့ ငါရှုံးရတယ် ”ဟု အထပ်ထပ်ဆိုသည်။ ဒေါသထွက်လာသည့် စွန်ရဲငှက်က နေရာ အကြောင်းပြောလွန်းသည့် ဘီလုံးအား သည်းမခံနိုင် ဖြစ်လာသည်။ ဘီလုံးငှက်က စွန်ရဲငှက်အား ဒေါသထွက်စေအောင် ပြောဆိုနိုင်ခြင်းသည် ရန်သူ့ထံမှ အခွင့်အရေးကို ရရှိခြင်းလည်း ဖြစ်သည်။
စွန်ရဲငှက်က ဘီလုံးအား သူ့နေရာဟုဆိုသော နွားခြေရာခွက်ကလေးထဲသို့ ချပေးလိုက်သည်။ ““ ဒီနေရာဟာ ငါ့နေရာမှန် ပဲ၊ မင်းမသေချင်ဘူးဆိုရင် စတိုက်နိုင်ပြီ၊ ငါ့ရဲစိန်ခေါ်မှုဟာ ငါ့ရဲ့အောင် ပွဲပဲ ”” ဟု ဘီလုံးငှက် ကလေးက စွန်ရဲကို စိန်ခေါ်သည်။သည်စကားလုံးက စွန်ရဲအား အကြီး အကျယ် ဒေါသဖြစ်စေခဲ့သည်။ ရန်သူဒေါသထွက်လေ ကိုယ့်အတွက် အောင်ပွဲရရန် နီးစပ်လေ ပင်ဖြစ်သည်။ ကောင်းကင်မှ တစ်ရှိန်ထိုး ဆင်းလာသည့် စွန်ရဲကို စိန်ခေါ်ကာ ဘီလုံးငှက်က တွင်းထဲ ၀င်ပုန်းနေလိုက်သည်။ အုံးခနဲ မည်ဟီးသွားသည့် စွန်ရဲငှက်ရင်အုပ်နှင့် နွာခြေရာခွက်မြေ၏ တိုက် ခတ်သံသည် ဘီလုံးအဖို့ အောင်ပွဲပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကို အင်အားကြီးသည်ဟု အထင်ရှိနေသူ ကောင်းကင်မှ စွန်ရဲသည် ကိုယ့်ဒေါသကိုယ် မထိမ်းနိုင် ဘဲ ဆက်လက်တိုက်ခိုက်သည်။ သည်ပွဲတွင် စွန်ရဲငှက် ရင်ကွဲကာ ရှုံးပွဲနှင့်ကြုံသည်။
     ကျွန်တော် သည်ပုံပြင်ကို သိပ်ကြိုက်သည်။ သူတစ်ပါးအား ပြောမပြသော်လည်း သတိရသည့် အခါတိုင်း အထပ်ထပ်တွေး သည်။ အမှန်တရားဘက်မှာ ရပ်တည်ပြီး ခွန်အားနည်းနေသူများကို တွေ့မြင်ရတိုင်း နေရာ မှန်ကို ရွေးချယ်နိုင်ရန် သည်ပုံပြင်လေး ကို ပြောပြချင်မိသည်။ ခွန်အား နည်းလွန်းသည့် ဘီလုံးလို ငှက်က လေးအား အနိုင်ကျင့် သုတ်ယူစားသောက်မည့် စွန်ရဲ၏ စိတ်ဓာတ်ကို ကျွန်တော်အထင်မကြီးတာ သေချာ သည်။

8 8 8

    ကျွန်တော့် အထီးကျန်မှု ဝေဒနာသည် ဖြည်းဖြည်းချင်း လျှော့ကြသွားသည်။ အဓိပ်္ပါယ်ရှိသည့် သွေးနှလုံး ခုန်သံသည် ဖြည်းဖြည်းခြင်း ခုန်လာသည်။ သည်နေ့ မည်သူ့ထံ အဆက်အသွယ်လုပ်ရ မလဲဟု စဉ်းစားမိ သည်။ တစ်ခါတစ်ရံတွင် အရေးတကြီး မဟုတ်ဘဲ ဖုန်းဆက်ရခြင်းများ၊ နွေးထွေး မှု မပျယ်စေရန် တစ်စုံတစ် ယောက်ထံ စာရေးနေရခြင်းများကို ကျွန်တော် မုန်းတီးပါသည်။ သည်နေ့တော့ဖြင့် ကျွန်တော် မည်သူ့ကိုမျှ အဆက်အသွယ် မလုပ်ချင်ပါ။ စာလည်း မရေးချင်ပါ။
          တွေးလက်စ အတွေးကို ကျွန်တော် ဆက်တွေးမိသည်။ ဒုတိယ တွေးမိသောအကြောင်းအရာမှာ အမှန်တရားဖြစ်သည်။ အန်္ဓပုထုဇဉ်အဆင့်သာရှိသော ကျွန်တော်သည် မြတ်ဗုဒ္ဓဒေသနာမှ မွန်မြတ် လှသည့် သစ္စာလေးပါးအကြောင်း မစဉ်းစားနိုင်သေးပါ။ အမှန်တရားဘက်ရောက်လာအောင် ကြိုစားနေသူများ အကြောင်း၊ အမှားနည်းနိုင်သမျှနည်းအောင် လုပ်ဆောင်နေကြသူများ အကြောင်းကိုသာ တွေးတောဖြစ်ပါ သည်။
တစ်နေ့တွင် ကျွန်တော်သွားနေကြ မဂ်္ဂဇင်းတိုက်တစ်ခုသို့ ရောက်ခဲ့သည်။ သူငယ်ချင်း တစ်ယောက်နှင့် အတူလာခြင်း ဖြစ်သည်။ မဂ်္ဂဇင်းတိုက်သို့ ရောက်သောအခါ ထူးထူးထွေထွေ လုပ်စရာမရှိသောကြောင့် စာပေစိစစ်ရေးသို့ တင်ရန်ချုပ်ထားသည့် မဂ္ဂဇင်းစာအုပ်တစ်ခုကို လှန်ဖတ်မိသည်။
“ ဥမ္မတ္တကဧကာဒိတော ” . .။ စာအုပ်ထဲတွင် သည်ခေါင်းစဉ်ကို တွေ့လိုက်ရသည်။ ပါဠိစာပေနှင့် မစိမ်းလှ သူ ကျွန်တော်က သည်ခေါင်းစဉ် မှားနေကြောင်းကို သိသည်။ ပါဠိစာပေကို မရေးနိုင် မပြောနိုင်သည့်တိုင် မှားနေလျှင်တော့ ကျွန်တော် သိပါသေးသည်။
““ သည်ခေါင်းစဉ်ကြီးက မှားနေတယ်၊ ဘယ်လိုလုပ်ထားတာလဲ ””
အယ်ဒီတာ့မျက်နှာကို မကြည့်ဘဲ တိုက်ရှေ့မှ ပိတောက်ပင်ကို ကြည့်ကာ ပြောမိသည်။
““ မှားနေလား၊ မှားနေရင် ပြင်လေ၊ မှားရင် ပြင်ရမှာပေါ့၊ အမှားအတိုင်းထားလို့ ဘယ်ဖြစ်ပါ့မလဲ ””
ကျွန်တော် မျှော်လင့်မထားသည့် စကားကို အယ်ဒီတာက ဆိုသည်။ သူ့စကားအတိုင်းအတာသည် လုံးဝ ပွင့်လင်း လွတ်လပ်လှပါသည်။ ငြင်းခုန်ရတော့မည်ဟု ထင်နေသော ကျွန်တော်ပင်လျှင် ရုတ်တရက် ကြောင် အမ်းအမ်းဖြစ်သွားပါသည်။ ကျွန်တော်သာဆိုလျှင် မိမိလုပ်ထားသည့် အလုပ်တစ်ခုကို “ ဘာ့ကြောင့်မှားတာ လဲ၊ ဘယ်လိုမှားတာလဲ ” စသည်ဖြင့် စောဒက ၀င်ကာ ငြင်းခုံနေမိဦးမည်။ သည်လို အမှားကို လွယ်လွယ် ကူကူ ပြင်ပေးဖို့ ဖိတ်ခေါ်နိုင်လိမ့်မည် မထင်ပါ။
အမှားကိုပြင်ဆင်ရန် လွယ်လင့်တကူ ဖိတ်ခေါ်နိုင်သည့် အယ်ဒီတာ့စိတ်ဓာတ်ကို ကျွန်တော် သဘောကျနေ မိသည်။ ကျွန်တော်တို့ ပုထုဇဉ်များသည် အမှားများသော သတ်္တ၀ါများဖြစ်သည်။ ကဗျာဆရာ တစ်ယောက် ကဆိုလျှင် ““ ကိုးဆယ့်ကိုး ရာခိုင်နှုန်း မှားမှ လူသားလား ”” ဟုပင် ကဗျာတစ်ပုဒ်တွင် ရေးခဲ့ဖူးသည်။
ကျွန်တော်တို့ ကြုံတွေ့နေရသော လူကြီးလူငယ်ပြဿနာ၊ အဖွဲ့အစည်းမညီညွတ်မှု ပြဿနာ . .စသည့် မရေတွက်နိုင်သော မလိုအပ်မှု များစွာသည် အမှားကို ၀န်မခံနိုင်တာမှ စတင်ခြင်း သာဖြစ်သည်။ အအေးသောက်လိုက် စာဖတ်လိုက်ဖြင့် နေကျလုလု အချိန်တွင် အယ်ဒီတာနှင့် ကျွန်တော်သည် ကိစ်္စတစ် ခုဖြင့် စာပေစိစစ်ရေးသို့ တက္ကစီငှားကာ သွားခဲ့သည်။
““ ဦးက စာရေးဆရာလား ””
““ မဟုတ်ပါဘူးကွ၊ မဂ်္ဂဇင်းတိုက်ကပါ ””
တက်္ကစီသမားက မေးသောကြောင့် အယ်ဒီတာက ပြန်ဖြေခြင်းဖြစ်သည်။ အယ်ဒီတာသည် သူကိုယ် တိုင် ကဗျာဆရာ၊ စာရေးဆရာပင်ဖြစ်သော်လည်း စာရေးတတ်သည်ဟု ၀န်မခံပါ။ ကိုယ့်ကိုယ်ကို စာရေးဆရာ ကဗျာဆရာဟု ၀န်မခံသောကြောင့် အမှားတစ်စုံတစ်ရာ မဖြစ်နိုင်ဟု ဘေးမှ ကျွန် တော် စဉ်းစားမိသည်။
““ ဦးတို့ မဂ်္ဂဇင်းက ဘယ်လိုမျိုးတွေထည့်တာလည်း၊ အချစ်ဝတ်္ထုတွေလား၊ ဖြစ်ရပ်မှန်တွေလား၊ ကျွန်တော် လည်း စာရေး ချင်လို့ ””
““ အဲဒီလိုမဟုတ်ပါဘူး၊ ပြည်သူတွေရဲ့ဘ၀၊ အမှန်တရားဘက်က ရပ်တည်ထားတာမျိုးကို ထည့် တာပါ၊ ရေးချင်လည်း ရေးပေါ့၊ ကျွန်တော်တို့ဘက်က အမှန်တရားဆို ကြိုဆိုပါတယ် ””
တက်္ကစီဆရာက ဘာမျှမပြောတော့ပါ။ အမှန်တရားဆိုတာ ဘာလိုမျိုးလဲဟု စဉ်းစားနေပုံရသည်။ အယ်ဒီတာလည်း သူ့အမှန်တရားကို ပြန်လည်ဆင်ခြင်ပြီး ငြိမ်သက်သွားသည်။ ဘေးမှ ကျွန်တော်လည်း ကိုယ့်စိတ်နှင့်ကိုယ် မီးပွိုင့်တွေကို ငေးကြည့် မိနေသည်။ 
တက်္ကစီလေးကား တရွေ့ရွေ့ . . .။

8 8 8

         မနက်က လဖက်ရည်တစ်ခွက်သာသောက်ပြီး အတွေးများနေသူ ကျွန်တော့်ထံသို့ ဆာလောင်မွတ် သိပ်မှုသည် အချက်ပြ ကာ ၀င်ရောက်သည်။ လဖက်ရည်တစ်ခွက်၊ ညီမလေး၊ အထီးကျန်မှု၊ နေရာမှန် စသည်တို့ကို စိတ်မှ ခဏခွါချကာ ရေချိုးကန်သို့ ဆင်းလာခဲ့သည်။
ရေချိုးပြီး တစ်ခုခု စားရပါဦးမည်။ ရေတစ်ခွက်ကို ညင်ညင်သာသာ ခပ်ပြီးချိုးလိုက်သောအခါ ကျွန်တော့် ခန်္ဓာမှ အပူဓာတ်သည် ငြိမ်းအေးသွားသည်။ အေးစက်သည့်အသိကို ခန်္ဓာကိုယ်မှတဆင့် ရရှိသည်။
               အမှန်တရားဆိုတာ သည်ရေတစ်ခွက်လို အေးစိမ့်စေပါသလား . . .။ ။
 သားအေးည
 

ဆရာသမားပြောတဲ့ ကွက်လပ်များ

on Monday, January 16, 2012


ဆရာသမားပြောတဲ့ ကွက်လပ်များ

ဆရာဆုံးမ သြ၀ါဒတွေ၊ ဆရာ့ ကိုယ်စား မှတ်သားကာနေ။
ဦးထိပ်ရွက်လို့ ငါတို့ရိုသေ၊ တစ်သက်လုံး ကျင့်သုံးခံယူမလေ။

ငယ်စဉ်က စာဝါချရင်း ဆရာသမား နှုတ်တိုက်ချပေးခဲ့သော သြ၀ါဒလင်္ကာလေးကို အမှတ် ရမိသည်။ ဘ၀မှာ ဆရာသမားများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကျေးဇူးပြုခဲ့သည်ဟု ယုံကြည်မိသည်။ ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော- အမှန်တရားကို သိဖို့အတွက် (၀ါ) ယဉ်ကျေးလိမ္မာသောသူတော်ကောင်းများဖြစ်ဖို့အတွက် ဆရာသမားကို ရှာမှီးဆည်းကပ်ရမည်ဟု ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ထုတ်ဖော်ဟောကြားတော်မူခဲ့သည်။ ဆရာ မမှီး၊ ဒို့ ခရီးသည်၊ မီးဆိုမှ မီး-ဟု ဆိုရလောက်အောင် အမှန်တရားကို လမ်းညွှန်ပြသပေးမည့် ဆရာသမားကို မရှာမှီးဘဲ (၀ါ) ဆရာ ရှာရမည့်အရေးမှာ ဖင့်နှေးပျင်းရိကြလျက် ငါ့မြင်း ငါဆိုင်း၊ စစ်ကိုင်းရောက်ရောက်-ဆိုပြီး ကိုယ်ထင်ရာ ကို ကိုယ်စိုင်းနေကြတဲ့ ပုထုဇဉ်လူသားတို့၏ဘ၀သည် မွေးကတည်းက မီးကို အဖော်ပြုလျက် ကြီးပြင်း ကြရသည်။ အူဝဲ-ဟု အော်မြည်ခြင်းသည် ဘ၀ကို သောကမီးဖြင့် အစပြုခြင်းပင် ဖြစ်ပေသည်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာက ဆရာရှာဖို့ အပူတပြင်း တိုက်တွန်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
          မိမိတို့သည် ဘွဲ့ဒီဂရီတွေကို တပ်မက်မှု မရှိဘူးဆိုရင်တောင်မှ B.A, M.A, PhD, ဘွဲ့တွေကို ရယူလိုသောကြောင့် နိုင်ငံခြားသို့ ပညာသင်ထွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုလျှင် ယေဘုယျအားဖြင့်တော့ မှန်ကန်လိမ့်မည်ဟု ထင်မိသည်။  လက်ဆုပ်လက်ကိုင်ပြစရာကလဲ ဒီဘွဲ့တံဆိပ်တွေဘဲ ရှိတာမဟုတ် လား။ နိုင်ငံခြား ပညာသင်သွား မည်ဆိုတော့ တစ်ချိန်က ဆရာသမား မိန့်ကြားခဲ့ဖူးသော သြ၀ါဒကို အမှတ်ရမိသည်။ တပည့်ဖြစ်သူ ရရှိခဲ့သော ဘွဲ့တွေကို လက်ချိုးရေတွက်ရင်း မဖြစ်မနေရယူရန် လိုအပ်နေသော ဘွဲ့ကို အမိန့်ရှိခဲ့ဖူးသည်။
          ၁။ ယူရန်ကျန်သော ဘွဲ့တစ်ခု၊ တရားနာမှု၊ စာသင်မှု၊ သုတ၀ါ ဘွဲ့တစ်ခု။
        ၂။ ယူရန်ကျန်သော ဘွဲ့တစ်ခု၊ ခန္ဓာဖြစ်ပျက် မြင်အောင်ရှု၊ ပည၀ါ ဘွဲ့တစ်ခု။
၃။ ယူရန်ကျန်သော ဘွဲ့တစ်ခု၊ အာသဝေါကုန်အောင်ရှု၊ အာသ၀က္ခယ ဘွဲ့တစ်ခု၊ ဒုက္ခက္ခယ          ဘွဲ့တစ်ခု၊ ပစ္ဆိမဘ၀ိက ဘွဲ့တစ်ခု၊ ရဟန္တာဘွဲ့တစ်ခု။
          နံပါတ်တစ်သည် စားလိုက် အိပ်လိုက်လုပ်နေသူများ စယူရမည့် ပရိယတ္တိဘွဲ့ဖြစ်သည်။ တရား နာခြင်း၊ စာသင်ခြင်းသည် ပရိယတ္တိဘွဲ့အတွက် အားထုတ်နေကြခြင်းဖြစ်ပေသည်။ နံပါတ် နှစ်သည် ပရိယတ္တိဘွဲ့ရပြီးသူများ ယူရန်ကျန်သည့် ပဋိပတ္တိဘွဲ့ဖြစ်သည်။ ခန္ဓာ၏ အဖြစ် အပျက်ကို မြင်အောင် ရှုခြင်းသည် (၀ါ) ၀ိပဿနာဉာဏ်ပညာဖြစ်အောင် အားထုတ်ခြင်းသည် ပဋိပတ္တိဘွဲ့အတွက် အားထုတ် နေခြင်းပင် ဖြစ်သည်။ နံပါတ်သုံးသည် အရိယာဖြစ်ပြီးသူများ ဆက်ယူရမည့် ပဋိဝေဓဘွဲ့ ဖြစ်ပေသည်။ သောတာပန်မှသည် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်သည်တိုင်အောင် (၀ါ) လောဘ၊ ဒိဋ္ဌိ၊ မောဟလို့ ဆိုတဲ့ အာသဝေါတရားတွေ ကုန်ခမ်းသည့်တိုင်အောင် အားထုတ်ခြင်းသည် ပဋိဝေဓဘွဲ့ အတွက် ဆက်လက်အားထုတ်နေခြင်းဖြစ်ပေသည်။
ရဟန္တာဟူသည် ပဋိဝေဓ၏ နောက်ဆုံးဘွဲ့ဖြစ်သည်။
သောတာပန်ဟူသည် ပဋိဝေဓ၏ အစဆုံးဘွဲ့ဖြစ်သည်။
ခန္ဓာကို သုံးသပ်ခြင်းသည် ၀ိပဿနာ၏ အစဆုံးဘွဲ့ဖြစ်သည်။
စာသင် တရားနာ သုတ၀ါသည် သာသနာ၏ အစဆုံးဘွဲ့ဖြစ်သည်။
          အစဟူသော ပရိယတ္တိဘွဲ့၊ အလယ်ဟူသော ပဋိပတ္တိဘွဲ့၊ အဆုံးဟူသော ပဋိဝေဓဘွဲ့တို့ကို သိရခြင်းအားဖြင့် ကိုယ်လျှောက်လှမ်းနေသော လမ်းခရီး၌ (၀ါ) သာသနာတော်၌ ငါသည် အဘယ်မျှ ခရီးပေါက်၍ အဘယ်နေရာ၌ ခရီးထောက်နေသည်ဟု မိမိကိုယ်ကို မိမိ သိမြင်နိုင်ပေသည်။
ဗုဒ္ဓမြတ်စွာကလည်း= ဘိက္ခု ၀ိဿာသ မာပါဒိ၊ အပ္ပတ္တော အာသ၀က္ခယံ- အာသဝေါ တရားတွေ မကုန်ခမ်းသေးဘဲ ကြားဘွဲ့တို့ဖြင့် ရောင့်ရဲတင်းတိမ်မနေကြဘဲ အာသ၀က္ခယဘွဲ့ ရသည် အထိ ကြိုးစားကြပါဟု တိုက်တွန်းစကား မိန့်ကြားတော်မူခဲ့သည်။ ဆရာသမား မိန့်ကြားခဲ့သော ဒီသြ၀ါဒစကားတွေကို ပြန်လည်အမှတ်ရမိတော့ မိမိကိုယ်ကို ရှက်သလိုလို ခံစားမိလာသည်။ ပြီးတော့ မိမိတို့တတွေ မဖြစ်မနေ ယူရန်ကျန်နေသော ဘွဲ့များကိုလည်း အမှတ်ရလာမိသည်။ ဆရာသမားသည် တပည့်ဖြစ်သူ၏ လစ်လပ်နေသောကွက်လပ်ကို အမြဲတမ်းအမှတ်ရစေရန် ဖြည့်ပေးလိုက်ခြင်း ဖြစ်ပေ သည်။
လောင်စာကို အမှီရသော မီးသည် တဟုန်းဟုန်း တောက်လောင်၏။
အိုင်ကို အမှီရသောမြစ်သည် တသွင်သွင် စီးဆင်း၏။
နေကို အမှီရသော လောကသည် လင်း၏။
ဘုရားကို အမှီရသော ပုထုဇဉ်သည် အရိယာဖြစ်၏။
ဆရာကောင်းကို အမှီရသော တပည့်သည်
ထက်မြက်၏။ တော်၏။ တိုးတက်၏။
ဆရာ့ခြေရာကို နင်းနိုင်၏။
ထို့ကြောင့်ပင် ဗုဒ္ဓကိုယ်တော်တိုင် ဆရာကောင်းကို ရှာဖွေဖို့ အပူတပြင်း တိုက်တွန်း ခဲ့ခြင်းဖြစ် ပေလိမ့်မည်။ လောက၌ နေရာတိုင်းမှာ လိုအပ်နေတဲ့ ကွက်လပ်တွေ ဟာကွက်တွေဆိုတာ ရှိမြဲဓမ္မ တာဖြစ်သည်။
မီးလို မကျင့်နဲ့၊ ရေလိုကျင့်-တဲ့။ ဆိုရိုးစကားတစ်ခု ကြားဖူးသည်။ မီးသည် ပူလောင်သည်။ လောင်ကျွမ်းပြီဆိုလျှင်လဲ ဘယ်အရာမှ မတားဆီးနိုင်။ မရှောင်မကွင်း နီးစပ်ရာ အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။ ဒါကြောင့် မီးလိုမကျင့်နဲ့ဟု ဆိုခဲ့ခြင်းဖြစ်သည်။ ရေသည် မီးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အေးမြသည်။ စီးဆင်းရာတွင်လည်း လိုအပ်နေသော ချိုင့်ဝှမ်း စသော ကွက်လပ်များကို ဖြည့်ဆည်းလျက် တုံး တိုင်စသော ရှောင်သင့်သည်များကို ရှောင်ကွင်းကာ စီးဆင်း လေသည်။ ဒါကြောင့် ရေလိုကျင့်ဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပေသည်။ မိမိတို့တို့လဲ လောကကြီးရဲ့ ကွက်လပ် တွေကို ဘယ်လောက်ဖြည့်စွမ်းနိုင်ပြီလဲ။ လောကကြီးနဲ့ ပက်သက်ပြီးတော့ မီးလို ကျင့်နေတာလား၊ ရေလိုကျင့်နေတာလားဆိုတာ ပြန်လည်စဉ်းစားရမည်ဖြစ်သည်။ လောလောဆယ်တော့ မိမိမှာ လိုအပ် နေတဲ့ ကွက်လပ်တွေကို အရင်ဖြည့်နိုင်အောင် ကြိုးစားနေရဆဲဖြစ်သည်။

ဆုံးမသမျှ နားထောင်၊ ကျန်းမာအောင် သတိပြု၊
သိမှုအတွက် ကြိုးစား၊ ၀တ္တရား ကျေပြွန်စေ၊
ကွက်လပ်တွေ မရှိစေနဲ့-တဲ့။
ဘ၀နတ်ထံ စံလွန်တော်မူပြီး စစ်ကိုင်း သုဗောဓာရုံဆရာတော်ဘုရားကြီး၏ သြ၀ါဒစကား ကိုလဲ ပြန်လည်သတိရမိသည်။ ကွက်လပ်တွေ(ဟာကွက်တွေ) မရှိစေနဲ့ဟု ဆုံးမတော်မူခဲ့သည်။ လောကလူသားတိုင်းမှာ တာဝန်ဝတ္တရားတွေ ကိုယ်စီရှိကြသည်။ မိဘ၀တ္တရား၊ သားသမီးဝတ္တရား၊ ဆရာသမား ၀တ္တရား၊ တပည့်ဝတ္တရား စသည်ဖြင့်ပေါ့။ ၀တ္တရားတွေကို ကိုယ်ဆီကိုယ်ငှ ကျေပြွန်မှသာ ကွက်လပ်ဆိုတာ မရှိမှာဖြစ်သည်။ ဒါကြောင့် ဆရာက ကွက်လပ်ဖြည့်ပါဆိုပြီးတော့ နောက်ထပ်သြ၀ါဒ စကားတစ်ခွန်းကို ထပ်ဆင့် မိန့်ကြားခဲ့လေသည်။
ဘ၀မှာ ဆင်းရဲနေသလား။
ဝမ်းမနည်းပါနဲ့။ ချမ်းသာကိန်းရှိတယ်။ ကောင်းမှုသာလုပ်ပါ။
ချမ်းသာနေသလား။ မာန်မတက်ပါနဲ့။ စီးပွါးပျက်ကိန်းရှိတယ်။
ကိုယ့်သန္တာန်မှာ အကုသိုလ်တွေ ရှိနေသေးလို့ပါ။
လူဟာ အမြဲမကောင်းခဲ့လို့ အမြဲ မချမ်းသာဘူး။
အမြဲမဆိုးခဲ့လို့ အမြဲမဆင်းရဲဘူး။
မမြဲခဲ့တာ ကံကြမ္မာ။ မမြဲနိုင်တာ ခန္ဓာ။
တည်မြဲနိုင်တာ နိဗ္ဗာန်။ ၄င်းနိဗ္ဗာန်သည် သတိမြဲမှ တွေ့မယ့်တရားဖြစ်သည်။
သိုးတဲ့ထမင်းဟာ ပြန်မကောင်းနိုင်ပေမဲ့ ဆိုးတဲ့မင်းဟာ ပြန်ကောင်းနိုင်ပါသည်။
ပြင်ဘို့သာ သတိရဖို့ လိုအပ်ပါသည်။
ပစ္စုပ္ပန်ဆိုတာ အတိတ်မဟုတ်ဘူး။
ခု ကောင်းနေရင် သမိုင်းဆိုးဆိုတာ မရှိဘူး။
အချိန်ဆိုတာ ပြင်ဆင်ခွင့်တွေပါ။
ဒုက္ခရောက်ချိန်တွေ မဟုတ်ဘူး။
ဒုက္ခရောက်ရင်လဲ သံဝေဂရလိုက်ရုံပေါ့။
ဒုက္ခဆိုတာ အတိတ်ကံကို မရှောင်နိုင်ပေမဲ့ နောင်ရှောင်ကြဉ်နိုင်ဖို့ အချက်ပြ မီးကျည်ပါ။
ဒုက္ခကို သိမှ ဒုက္ခမှ လွတ်ချင်မယ်။
ဒုက္ခက လွတ်ချင်မှ ဒုက္ခလွတ်ကြောင်းကို ကျင့်မယ်။
ဒုက္ခဆိုတာ ဆင်းရဲလို့ အများက အဆိုးမြင်နေကြပေမဲ့ ပညာရှိသူတော်ကောင်းတွေကတော့ နိဗ္ဗာန် သွားသွားလို့ တွန်းလွှတ် နေတဲ့ တရားတဲ့။
ဗုဒ္ဓအဆူဆူ မိန့်တော်မူခဲ့တာက ဒုက္ခဟူ၍ ရှုကြ သိကြ-ဟူ၍ဖြစ်သည်။
သုခလို့ ရှုမိရင် လုကြလိမ့်မယ် သူရ ငါရ။
လုတာက တဏှာ။
ရတာက ခန္ဓာ။
လည်မှာက တစ်သံသရာ။
စံစရာမပြီး ကံကြမ္မာခရီး။
လိုအပ်မှုတွေ များစွာရှိရင် ဖြည့်စွက်မှုတွေ များစွာရှိရမယ်။
များစွာဆိုပေမဲ့ လိုအပ်တာက ကောင်းကျိုးတစ်ခုထဲပါ။
ဖြည့်စွက်ရမှာလဲ ကောင်းမှုတစ်ခုထဲပါ။
ဒါကြောင့် တစ်ခုဆိုတာ လိုတာကုသိုလ်ပါ။
အမျိုးမျိုးလိုတယ်လို့ အထင်မမှားလိုက်ပါနဲ့။
စစ်ရှုံးတယ်ဆိုပေမဲ့ မသေသေးရင် နိုင်အောင်ပြန်တိုက်နိုင်တယ်။
ကောင်းမှုပြုဖို့ စိတ်ဝင်စားသေးရင် (၀ါ) သဒ္ဓါတရား မသေသေးရင် ဆုံးရှုံးမှုတွေအားလုံး အလျော်ပြန်ရနိုင်ပါတယ်။
အကုသိုလ်ဆိုတာလဲ စိတ်ကလေးနဲ့ လုပ်ရတာ။
ကုသိုလ်ဆိုတာလဲ စိတ်ကလေးနဲ့ လုပ်ရုံပါဘဲ။ ဘာပင်ပန်းတာမှတ်လို့။
ခါချဉ်ကောင်ကို တောင်ထမ်းပြီး လမ်းလျောက်ကျင့်ခိုင်းသလောက် မခက်ပါဘူး။
သူ့အတွက်လို့ ထင်နေလို့ နစ်နာတယ် ထင်နေတာပါ။
ကိုယ့်အတွက်လို့ မြင်ရင်
သိန္ဓောမြင်း အရိုက်ရလွတ် ပြေးသလို
အခိုင်းရလွတ် လုပ်ကြမှာ မလွဲပါဘူး။

လူတစ်ယောက်မှာ ကံပိုင်းနှင့် ဉာဏ်ပိုင်းဆိုပြီးတော့ အပိုင်းနှစ်ပိုင်းရှိသည်။ ထိုနှစ်ပိုင်းအနက် ကံပိုင်းမှာလဲ ကွက်လပ်တွေရှိသည်။ ဉာဏ်ပိုင်းမှာလဲ ကွက်လပ်တွေရှိသည်။ ဒီကွက်လပ်တွေသည် မိမိတို့တတွေ နေ့စဉ် ဖြည့်ဆည်းရမဲ့ ကွက်လပ်တွေပဲဖြစ်သည်။ ဟာကွက်တွေပဲ ဖြစ်သည်။
          သံပုရာရည်ဖက်၍ အသံကောင်းသလော။ မေတ္တာအမှန်ဖက်၍ အသံကောင်းသလော။ လူမှာ အ၀တ်။ တောင်းမှာ အကွပ်။ မယုံရင် ချွတ်ကြည့်။ အ၀တ်ရှိမှ အဆင်းလှသည်။ အ၀တ်လှူမှ အဆင်း လှသည်။ အ၀တ်ကို လှူခြင်းသည် အဆင်းလှဖို့အတွက် လိုအပ်နေတဲ့ကွက်လပ်ကို ဖြည့်ဆည်းလိုက် ခြင်းဖြစ်သည်။ ယာဉ်မပါလျှင် သွားလာရာ၌ ခက်ခဲသည်။ ခြေလျင်သွားကြည့်မှ တကယ်ခက်ခဲမှန်း ပို သိသာသည်။
ဆင်းရဲမှန်းသိချင်ရင် ခြေလျင်သွား။
ဖိနပ်ချွတ်ထား။
ဖိနပ်စီးသွား ယာဉ်စီးသွား အသွား ချမ်းသာသည်။
ချမ်းသာတရား လှူလိုငြား ယာဉ်အား လှူရသည်။
လှည်း ယာဉ် ရထား၊ ဆိုင်ကယ် ကားနှင့် စီးသွားဖို့ရာ စရိတ်ပါ၊
တဖြာ ဖိနပ် ယာဉ်လှူမည်။
ချမ်းသာဖို့အတွက် လိုအပ်နေတဲ့ကွက်လပ်သည် ယာဉ်အလှူဒါနဖြစ်ပေသည်။
မျက်စိလဲပါ အမှောင်ထဲမှာ ဘာမှမမြင်ရာ။ အရောင်သာ မျက်စိ အလှူတည်း။ မျက်စိကောင်းဘို့အတွက် အလင်းရောင်ကို လှူဒါန်းခြင်းဖြင့် ကွက်လပ်ဖြည့်ပါဟု ဆိုလိုသည်။ ဤကား ကံပိုင်းဆိုင်ရာ ကွက်လပ်များကို ဖြည့်နည်းတစ်စိတ်တဒေသဖြစ်သည်။ မိမိ၏ဘ၀မှာ ကံပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုရင်တော့ မိမိမှာလဲ ဖြည့်စွက်စရာ ကွက်လပ်တွေ များစွာ ရှိနေသေးသည်ဟု သဘောပေါက်ပြီး ယင်းကွက်လပ်ကို ကောင်းမှုဖြင့် ပြည့်အောင်ဖြည့်ရန်မှ တစ်ပါး အခြားနည်းလမ်းရှိမည်မဟုတ်ပေ။
          ကံပိုင်းဆိုင်ရာမှာ လိုအပ်နေတဲ့ ကွက်လပ်တွေရှိသလို ဉာဏ်ပိုင်းဆိုင်ရာမှာလဲ လိုအပ်နေတဲ့ ကွက်လပ်တွေလဲ ရှိသည်။ မှောင်သွားရင် ဘာမှမမြင်ဟု အများက ဆိုကြသည်။ မှောင်သွားလို့ကို အမှောင်ကို မြင်နိုင်တာကိုတော့ သတိမမူဖြစ်တတ်သည်။ ကိလေသာအမှောင်ဖုံးရင် ဘာမှမမြင်တော့ ဘူးဟု အများက ဆိုကြပြန်သည်။ အမှန်တော့ ကိလေသာကိုတော့ မြင်နိုင်ပါသေးသည်။ မျက်စိဆိုတာ မြင်တဲ့ အလုပ်ကို လုပ်သလို ဉာဏ်ဆိုတာလဲ မြင်တဲ့အလုပ်ကိုဘဲ လုပ်ပါသည်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာ က- ယဒါ ပညာယ ပဿတိ-ဟု ဟောခဲ့ခြင်းဖြစ်ပါသည်။ ပညာယ န ပဿတိ-ဟု ဘယ်ဘုရားမှ မဟောခဲ့ပေ။ စောင်ခြုံထားတဲ့လူကို မမြင်နိုင်ပေမဲ့ လူကို ခြုံထားတဲ့စောင်ကို မြင်နိုင်သလိုပဲ ဖြစ်ပါ သည်။ ကြည့်သမျှ မြင်သည်။ မြင်နေသမျှ မကန်းပါ။ ဤကား ကြည့်ခြင်းဖြင့် အကန်းဆိုတဲ့ ကွက်လပ်ကို ဖြည့်ခြင်း ဖြစ်ပါသည်။ ရေကို ယုံတယ်ဆိုတာ တိမ်တယ် နက်တယ်လို့ ယုံတာမဟုတ်။ ကူးရင် ဟိုဘက်ကမ်းဆိုတာရှိတယ်လို့ ယုံခြင်းဖြစ်သည်။ ထို့အတူပင် ခန္ဓာကို ယုံတယ်ဆိုတာလဲ အို နာ သေလို့ ယုံခြင်းမဟုတ်။ ရှုသူအတွက် ခန္ဓာချုပ်ရာ နိဗ္ဗာန်ဆိုတာ တကယ်ရှိတယ်လို့ ယုံတာကို ဆိုလိုခြင်းဖြစ်သည်။ နိဗ္ဗာန် ဆိုတာ မရောက်ဖူးသူအတွက် ကွက်လပ်ဖြစ်နေပေမဲ့ ခန္ဓာကို ရှုသူအတွက် ရှုခြင်းဖြင့် ကွက်လပ်ဆိုတာ မရှိ။ ပြည့်လေပြီ။ ကမ္ဘာမြေကြီး ကျယ်တယ်ဆိုပေမဲ့ ပင်လယ်ကမ်းစပ် ထက် ပိုကျယ်လို့ မရသလို ပင်လယ်ကြီး ကျယ်တယ်ဆိုပေမဲ့လဲ ကမ္ဘာမြေစပ်ထက် ပိုကျယ်လို့ မရပေ။ ကောင်းကင်ကျယ်တာကမှ ကမ္ဘာမြေပြင်ကော ပင်လယ်ရေပြင်ကော လွှမ်းခြုံပြီးတော့ ကျယ်သည်။ ထို့အတူပါပင် တဏှာ ကျယ်တယ်ဆိုတာက အာရုံခြောက်ပါးလောက်သာ ကျယ်နိုင်သည်။ နိဗ္ဗာန်အထိ လိုက်မကျယ်နိုင်ပါ။ ပညာကျယ်တာကမှ တစ်လောကလုံးကိုလဲ ဒုက္ခ၊ သမုဒယလို့ လိုက်မြင်နိုင်သည်။ လောကချုပ်ရာကိုလဲ နိရောဓလို့ လိုက်မြင်နိုင်သည်။ ပညာဆိုတာက မဂ္ဂသစ္စာပင်ဖြစ်သည်။ ကျဉ်းမြောင်းတဲ့အမြင်ကွက်လပ်ကို ပညာဖြင့် ဖြည့်လိုက်ခြင်းပင်ဖြစ်တော့သည်။
နိဗ္ဗာန်ကို မမြင်တာ ငါ မစင်လို့ဖြစ်သည်။
ငါ မစင်တာ ခန္ဓာမမြင်လို့ဖြစ်သည်။
ခန္ဓာမမြင်တာ တရားမနာလို့ဖြစ်သည်။
တရားမနာတာ ဆရာမရှာလို့ဖြစ်သည်။
ဆရာမရှာတာ မာနကြီးနေလို့ဖြစ်သည်။
          ကိုယ့်ဘ၀မှာ ဟာကွက်ဖြစ်နေတဲ့ နိဗ္ဗာန်ကို လိုချင်လျှင် မာန်မာနကိုလျော့၍ ဆရာကို ရှာရ မည်။ ဆရာကို ရှာခြင်းသည် နိဗ္ဗာန်ဆိုတဲ့ဟာကွက်ကို ဖြည့်စွက်ခြင်းပင်ဖြစ်သည်။ သန္ဓေလွယ်မွေးမဲ့ မိခင်မရှိပဲ သားမမွေးနိုင်သလို၊ ဆရာမရှိပဲ သောတာပန်တပည့်မဖြစ်နိုင်။ ထိုဟာကွက်ကို ကိုယ်တိုင် ဖြည့်လို့မရ။ ဆရာဖြည့်မှ ပြည့်နိုင်သည်။ မိမိမဖြစ်နိုင်တဲ့ ကွက်လပ်က သောတာပန်။ ထိုကွက်လပ်၌ ဆရာကို ရှာ၍ ဖြည့်ရမည်ဖြစ်သည်။ ဤသို့ ဉာဏ်ပိုင်းဆိုင်ရာ ဟာကွက်များကိုလည်း ဖြည့်နည်းများ နှင့်တကွ ဆရာသည် မိန့်ဆိုခဲ့လေသည်။
ဆရာ၏သြ၀ါဒစကားတွေကို ကြားရတော့ ငါ့မှာ ဟာကွက်(ကွက်လပ်)တွေက များလှချည် လားဟု သိမြင်လာရသည်။ တဆက်တည်းဆိုသလိုပင် ဘောလုံးပွဲကို သတိရမိသည်။ အခြား ပြိုင် ဘက်အသင်း၏ ဟာကွက်ကွက်လပ်တွေကို မြင်မှသာလျှင် အဲဒီအသင်းကို မိမိတို့ အနိုင်ရဖို့ လွယ်ကူ လိမ့်မည်။ ထို့အတူ မိမိအသင်း၏ ရှေ့ နောက် လယ် အသီးသီးမှာရှိတဲ့ ဟာကွက်တွေကို သိရှိလျက် ပြင်ဆင်နိုင်မှသာလျှင် ပြိုင်ဘက်အသင်း၏ အနိုင်ယူမှုကို မခံရမှာဖြစ်သည်။ ပြိုင်ဘက်အသင်းကို အနိုင်ယူနိုင်မှာ ဖြစ်သည်။ ဘ၀သည် ဘောလုံးအသင်းတစ်သင်းဆိုလျှင် မိမိဘ၀၏ ရှေ့နောက်လယ် (၀ါ) ကံသုံးပါး (၀ါ) ကံပိုင်းနှင့်ဉာဏ်ပိုင်းအားလုံးတို့၌ ဟာကွက်(ကွက်လပ်)တွေ မရှိအောင် ဖြည့် ဆည်းထားရမည်ဖြစ်သည်။ ဒီလိုမှမဟုတ်ရင်တော့ ရှုံးပြီးရင်းရှုံးနေတဲ့ ဘောလုံးအသင်းလို  အမြဲတမ်း ရှုံးနေသော ဘ၀ပိုင်ရှင်သာဖြစ်နေပေလိမ့်မည်။ စာမေးပွဲ၌ ကွက်လပ်ဖြည့်ပါဟူသော မေးခွန်းကို ကွက်လပ်မဖြည့်ပဲ ထားခဲ့ပါက စာမေးပွဲကျရုံကလွဲ၍ ကြီးမားသော ဆုံးရှုံးမှုမဖြစ်နိုင်သော်လည်း (စာမေးပွဲ ကျပါက နောက်တစ်ခါ ပြန်ဖြေဆိုခွင့်ရှိသေးသည်) ဘ၀မှာ ဟာနေတဲ့ ကွက်လပ်တွေကို မဖြည့်ဆည်းပဲ ထားမယ်ဆိုရင်တော့ ရရှိလာမဲ့ ဆိုးကျိုးသည် တစ်ဘ၀လုံးစာအတွက်လဲ ဖြစ်သွားနိုင် သည်။ တစ်သံသရာလုံးစာအတွက်လည်း ဖြစ်သွားနိုင်သည်။
          ကိုယ်စီကိုယ်စီ ဟာကွက်တွေ ကွက်လပ်တွေ ရှိကြပါသည်။ ကိုယ့်ရဲ့ လစ်လပ်နေတဲ့ ဟာကွက် ကွက်လပ်တွေကို ကိုယ်သာအသိဆုံးဖြစ်ပါလိမ့်မည်။ သတိမရှိလို့ မသိခဲ့ရင်တောင်မှ သတိနဲ့ကြည့်၍ သိ အောင်လုပ်ရမည်ဖြစ်သည်။ ကွက်လပ်တွေကို သိပြီးရင်တော့ ကွက်လပ်တွေ မရှိအောင် ကြိုးစားအား ထုတ်ရမည်ဖြစ်ပေသည်။
                  
                        ကွက်လပ်များ ဖြည့်နိုင်ကြပါစေ။
                                               

မိုးဆောင်းနွေ (သန်လျင်)

                                                                                     
         
         









ပေးဆပ်သူတို့ နှလုံးသား

on Sunday, January 15, 2012

ပေးဆပ်သူတို့ နှလုံးသား

         ဘုရားအစရှိသော သူတော်ကောင်းတို့၏နှလုံးသားသည် ရယူပိုင်ဆိုင်ခြင်းထက် ပေးဆပ်ရခြင်းကိုသာ တန်ဘိုးထား မြတ်နိုးတော်မူပါပေသည်။
        ဤလောက၌ များသောအားဖြင့် လူသားတို့သည် တဏှာ မာန ဒိဋ္ဌိ တည်းဟူသော အတ္တကြိုး အမျိုးမျိုး တို့ ဖြင့် မိမိကိုယ်ကို တုပ်နှောင်ဖွဲ့ချည်လျက် မွေးဖွားလာကြ၏။ ယင်းအတ္တကြိုးတို့၏ ချည်တုပ်နှောင်ဖွဲ့မှုမှ မ ရုန်းထွက်နိုင်သေးသမျှ သူ့ထက် ငါ အပြိုင်အဆိုင်ပင် ရယူပိုင်ဆိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားအားထုတ် နေကြဦးမည်သာဖြစ်သည်။ ထိုသို့ကြိုးစားရင်းဖြင့် တစ်ဦးနှင့်တစ်ဦး တစ်မိသားစုနှင့် တစ်မိသားစု တစ်ပါတီ  နှင့် တစ်ပါတီ နောက်ဆုံး တစ်နိုင်ငံနှင့် တစ်နိုင်ငံစသည်ဖြင့် ခိုက်ရန်ဒေါသ မာန်မာနများ ၀ိသမလောဘများ တစတစပွါးစီးလို့ အားကြီးတဲ့ မသိမှုမောဟများဖြင့် ကမ္ဘာလောကကြီး စစ်မီးလောင်ကျွမ်းသည်အထိ အကြိမ် ကြိမ် ဒုက္ခရောက်ခဲ့ကြရပေသည်။
         ငါ့အတွက် ငါ့မိသားစုအတွက် ငါ့ချစ်သူအတွက် ငါ့ ဆွေမျိုး ငါ့ရွာ ငါ့မြို့ ငါ့ နိုင်ငံအတွက်ဆိုပြီး ငါ-ဆိုတဲ့ အတ္တတွေ လွှမ်းမိုးနေသမျှ ငါ နေထိုင်ရာ ဟောဒီကမ္ဘာလောကကြီး ဘယ်တော့များ ဘယ်လောက်များ အေးငြိမ်းချမ်းသာမှုတွေ ရရှိနိုင်လိမ့်မည်နည်း။
စဇေ ဧကံ ကုလဿတ္ထံ၊ ဂါမဿတ္ထံ ကုလံ စဇေ။ 
စဇေ ဇနပဒဿတ္ထံ၊ အတ္တတ္ထံ ပထ၀ိံဇဟေ။
မိမိ၏ အမျိုးအနွယ်တခုလုံး ကြီးပွါးချမ်းသာဖို့အတွက် မိမိထံမှ တစ်ခုခုကို စွန့်လွှတ်ရမည်။ နောက်ဆုံး မိမိ၏ ဘ၀ အသက်ကိုပင်လျှင် စွန့်လွှတ်သင့်လျှင် စွန့်လွှတ်ရမည်။ မိမိနေထိုင်ရာ တစ်ရွာလုံး ချမ်းသာဖို့အတွက် မိမိ၏အမျိုးအနွယ်ကို စွန့်လွှတ်ရမည်။ မိမိနေထိုင်ရာ ဇနပုဒ်တစ်ခုလုံး ကြီးပွါးချမ်းသာဖို့အတွက် မိမိ၏ ရွာကို စွန့်လွှတ်ရမည်။ နောက်ဆုံးအနေဖြင့် မိမိ၏အကျိုးစီးပွါးအတွက်ဆိုလျှင်ကား မဟာပထ၀ီမြေကြီးကိုပင် စွန့် လွှတ်ရပေမည်-ဟု အထက်ပါဂါထာစကားက ဆိုလိုပေသည်။
            ဗုဒ္ဒမြတ်စွာကိုယ်တော်တိုင် သူချစ်မြတ်နိုးသော သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိဖို့ အားကိုးရာမဲ့ နေသော ကမ္ဘာလောကကြီး၏ ကောင်းကျိုး၊ ဆွေမျိုးဉာတကာတို့၏ ကောင်းကျိုးတွေကို ဆောင်ရွက်နိုင်ဖို့အ တွက် လေးကျွန်းတစ်မြင့်မိုရ် မြေအလုံးကို ပိုင်စိုးသော စကြ၀တေးမင်းစည်းစိမ်ကို လွတ်လွတ်စွန့်လွှတ်ခဲ့ပေ သည်။ ပါရမီတော်များကို ဖြည့်ကျင့်ရာ သံသရာတလျောက်လုံးမှာလည်း မိမိ၏ အသက် သွေး ချွေးပေါင်းများ စွာကို ငဲ့ကွက်တွယ်တာမှု ကင်းမဲ့စွာဖြင့်၊ ရယူပိုင်ဆိုင်မှု မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် စွန့်လျွှတ်ခဲ့ပေသည်။ ထို့ကြောင့်လည်း သူချစ်မြတ်နိုးလှစွာသော သဗ္ဗညုတရွှေဉာဏ်တော်ကြီးကို ပိုင်ဆိုင်ခွင့်ရရှိခဲ့လေသည်။ ဤ သည်ကိုပင် အတ္တတ္ထံ ပထ၀ိံဇဟေ- မိမိအကျိုးအတွက် မဟာပထ၀ီမြေကြီးနှင့်အမျှသော စည်းစိမ်ချမ်းသာ ကာမဂုဏ်အာရုံများစွာကို စွန့်လွှတ်ရာ၏ဟု ဆိုလိုခြင်းဖြစ်ပေသည်။ အမှန်တကယ်တော့ စွန့်လွှတ်ခြင်းဟူ သည် ဆုံးရှုံးခြင်း မဟုတ်။ လျှော်ချည်ကို ပိုးချည်ရွှေချည်ဖြင့် လဲထမ်းသကဲ့သို့ မကောင်းတာတွေကို စွန့်လွှတ် လိုက်သဖြင့် ကောင်းခြင်းများစွာကို ရယူပိုင်ဆိုင်ရခြင်းပင်ဖြစ်ပေသည်။ ဤသဘောတရားကို နားမလည်သူ တွေက စွန့်လွှတ်လိုက်ရသဖြင့် ဆုံးရှုံးသွားသည်၊ နစ်နာသွားသည်ဟု ထင်မှတ်မှားကြလေတော့ စွန့်လွှတ်ဖို့ ၀န်လေးနေကြတော့သည်။
            ဗုဒ္ဓမြတ်စွာက-
မတ္တာ သုခပရိစ္စာဂါ၊ ပေဿ စေ ၀ိပုလံ သုခံ။ 
စဇေ မတ္တာ သုခံ ဓီရော၊သမ္ပဿံ ၀ိပုလံ သုခံ။ 
အနည်းငယ်မျှသော ချမ်းသာလေးကို ပေးစွန့်လိုက်ကာမျှဖြင့် ကြီးကျယ်ခမ်းနားများပြားသော ချမ်းသာသုခ များနှင့် ပြည့်စုံမည်ဆိုလျှင် ပညာရှိသူတော်ကောင်းသည် ချမ်သာသုခ အနည်းငယ်လေးကို စွန့်လွှတ်ရမည်- ဟု မိန့်ဆိုတော်မူခဲ့လေသည်။ မိမိတို့ ကြားဖူးနေကျ စကားအရဆိုလျှင် ထောင်မြင်လျှင် ရာ စွန့်ရမည်ဟု ဆို လိုခြင်းပင်ဖြစ်သည်။
              လောက၌ လူသားတို့သည် များသောအားဖြင့် ချမ်းသာသုခများစွာကို ခံစားစံစားလိုသော်လည်း မိမိ လက်ရှိပိုင်ဆိုင်ထားသော ချမ်းသာသုခ အနည်းငယ်မျှကိုကား စွန့်လွှတ်ရန် ၀န်လေးနေကြပေသည်။ စွန့် လွှတ်မှု မရှိဘဲနှင့် ရယူပိုင်ဆိုင်မှုဆိုတာ ရှိနိုင်မည်မဟုတ်ပေ။ အပင်စိုက်မှ အသီးစားရသည်မဟုတ်ပါလား။ Sow first, then reap- သုခလိုလျှင် ဒုက္ခနဲ့ ရင်းရမည်။ အရင်းအနှီးများမှ အမြတ်များများရမည်။ စိုက်ပျိုးကြဲ ချခြင်းမရှိဘဲနှင့် ရိတ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ပေ။ ရိတ်သိမ်းရာမှာလည်း စပါးစေ့ကို စိုက်လျှင် စပါးပင်ကိုသာ ရိတ်သိမ်းရလိမ့်မည်။ အခြားအရာများကို ရိတ်သိမ်းခွင့် ရပိုင်ခွင့် မရှိပေ။ ထို့အတူပဲ မိမိတို့တတွေ ကောင်းမှု မျိုးစေ့များကို စိုက်ပျိုးကြဲချထားလျှင် ကောင်းကျိုးများကိုသာ ခံစားရိတ်သိမ်းရလိမ့်မည်။ အကုသိုလ်မျိုးစေ့ များကို စိုက်ပျိုးမှားလျှင်ကား မကောင်းကျိုးများကို မရိတ်သိမ်းချင်လဲ ရိတ်သိမ်းရပေလိမ့်မည်။ ဤကား လောကနိယာမသဘာဝပေတည်း။ သို့ဆိုလျှင် ရိတ်သိမ်းချိန်ရောက်မှ မလိုချင်တာတွေကို နောင်တတရား ကြီးစွားနှင့် မရိတ်သိမ်းရဖို့အတွက် စိုက်ပျိုးချိန်မှာ မျိုးစေ့မှန်ကန်ဖို့ အထူးဂရုစိုက်ဖို့ လိုအပ်ပေမည်။
         မိမိတို့သည် အရာအားလုံးကို ရယူပိုင်ဆိုင်ဖို့ချည်း ကြိုးစားအားထုတ်နေကြ၏။ ပြန်လည်ပေးဆပ်ဖို့ကို တော့ များသောအားဖြင့် မေ့လျော့နေကြပေသည်။ လောက၌ မိဘများက သားသမီးများအတွက် ဘ၀ အသက် ရင်းနှီးပြီးတော့ ပေးဆပ်ကြသလို သားသမီးများကလည်း မိဘများအတွက် ပြန်လည်ပေးဆပ်သင့် ပေသည်။ ဆရာသမားများက တပည့်များအတွက် နာပေါင်းများစွာဖြင့် ပေးဆပ်ကြသလို တပည့်များက လည်း ဆရာများအတွက် ပြန်လည်ပေးဆပ်အပ်ပေသည်။ ထို့အတူ လူသားအားလုံး တစ်ဦးနှင့်တစ်ဦး အပြန် အလှန် ပေးဆပ်ခြင်းဖြင့် ပေါင်းသင်းနေထိုင်ကြမည်ဆိုလျှင် ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာမှုတွေနှင့် သာယာလှပနေပေလိမ့်မည်။ လောကကြီးအတွင်း၌ စုန်ရေတွေချည်း ထာဝစဉ် စီးဆင်းနေလို့မဖြစ်။ ဆန်ရေ တွေလည်း ပြန်ဝေးပေးနိုင်အောင် ကြိုးစားရပေလိမ့်မည်။
       များများပေးဆပ်နိုင်မှ များများရယူ ပိုင်ဆိုင်နိုင်မည်။ နည်းနည်းပေးဆပ်လျှင် နည်းနည်းသာ ရယူပိုင် ဆိုင်နိုင်မည်။ ပေးဆပ်ခြင်းမရှိသူအတွက် ရယူပိုင်ဆိုင်မှုဆိုတာ နတ္ထိ၊ အလျဉ်းမရှိပေ။ ဤသဘောကို နားမ လည်ကြသော လူအများစုသည် ရယူပိုင်ဆိုင်ဖို့ချည်း နေ့စဉ်နှင့်အမျှ ကိုယ်ပင်ပန်း စိတ်ပင်ပန်းစွာဖြင့် ကြိုး စားအားထုတ်နေကြပေမဲ့ ရလာတာနဲ့ ပင်ပန်းတာနဲ့ မမျှ၊ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေကြပေသည်။
စဇေ ဓနံ အင်္ဂ၀ရဿဟေတု၊ အင်္ဂံစဇေ ဇီဝိတံ ရက္ခမာနော။ 
ဓနံ အင်္ဂံဇီဝိတဉ္စာပိ သဗ္ဗံ၊ စဇေ နရော ဓမ္မမနုဿရန္တော။ 
ဗုဒ္ဒမြတ်စွာက - ချစ်သားတို့  ရယူပိုင်ဆိုင်ဖို့ချည်း ကြိုးစားအားထုတ်ပြီး မနေကြလေနှင့်။ လောကလူသား တွေက-
(၁)  မိမိတို့၏ ကိုယ်အင်္ဂါကြီးငယ် စွန့်လွှတ်ရမှာကို စိုးကြောက်သူတွေက ပစ္စည်းဥစ္စာတွေကို စွန့်လွှတ်ကြ သည်။
(၂) အသက်သေရမှာကို စိုးကြောက်သူတွေက ကိုယ်အင်္ဂါကြီးငယ်ကို စွန့်လွှတ်ကြသည်။
(၃) တရားအသိ ရင်ဝယ်ရှိကြသော ပညာရှိသူတော်ကောင်းတွေကတော့ ပစ္စည်းဥစ္စာ၊ အင်္ဂါကြီးငယ်နှင့်တ ကွ မိမိတို့၏အသက်ကိုပင် စွန့်လွှတ်နိုင်ကြပေသည်-ဟု မိန့်မှာတော်မူခဲ့ပေသည်။ မှန်ပေသည်။ အတ္တကြီးသူ များသည် ဘယ်အရာကိုမှ မစွန့်လွှတ်ချင်ကြပေ။ အသာစံရလျှင်ပြီးရော။ အနာခံဖို့ စိတ်ကူးတောင် မယဉ် တတ်ကြပေ။ ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် အရာအားလုံးကို ပေးဆပ်စွန့်လွှတ်လျက် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့လေသည်။ မိမိတို့ ဗုဒ္ဓဘာသာဝင်များအဖို့ ဗုဒ္ဓနည်းတူ လိုက်နာကျင့်သုံးလျက် ဗုဒ္ဓကို အတုယူဖို့။ ဗုဒ္ဓနည်းတူ မိမိတို့ကိုယ်တိုင် အနုဗုဒ္ဓများဖြစ်လျက် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ဖို့ ကြိုးစားအားထုတ် သင့်လှပေသည်။ ဤလောက၌ မိမိတို့ အတုယူဖို့ အကောင်းဆုံးသောပုဂ္ဂိုလ်သည်ကား ဗုဒ္ဓမှတပါး အခြား ရှိနိုင်မည်မဟုတ်ပေ။
              The blind leading the blind - အကန်းက အကန်းကို လမ်းပြ၊ မသိသူက မတတ်သူကို ဆရာ လုပ်နေကြသောလောက၌ ဗုဒ္ဓနှင့်တကွသော အရိယာသူတော်ကောင်းများ၊ သာဝကသံဃာတော်အရှင်သူ မြတ်များသည် မိမိတို့အတွက် ကလျာဏမိတ္တ- မိတ်ကောင်းဆွေမွန်များပင်ဖြစ်ကြလေသည်။ မိတ်ကောင်း ဆွေမွန်များကို ပေါင်းသင်းလျက် မိမိတို့ဘ၀ကို လဆုတ်ပက္ခ ထွက်သောလကဲ့သို့ အလင်းရောင်ပျောက် အမှောင်ရောက်မှု မဖြစ်စေပဲ လဆန်းပက္ခ ထွက်သောလကဲ့သို့ အမှောင်ပယ်ဖျောက် အလင်းတောက်လျက် ကုသိုလ်တရားတို့ဖြင့် တည်ဆောက်နိုင်ကြပါစေဟု ဆန္ဒပြုရင်းဖြင့်..........။

မိတ်ကောင်းမရ၊ လူ့ဗာလ၊ တစစနဲ့ မိုက်ရဲကြ။ 
ဒုစရိုက်မှန်သမျှ၊ စုံအောင်ပြ၊ ခုဘ၀ထဲက ဆင်းရဲရ။ 
နောက်ဆုံးကြတော့ အပါယ်ကျ၊ လဆုတ်ပက္ခ ထွက်သောလ။ 

မိတ်ကောင်းကိုရ၊ ပဏ္ဍိတ၊ တစစနဲ့ လိမ္မာကြ။ 
သုစရိုက်မှန်သမျှ၊ စုံအောင်ပြ၊ ခုဘ၀ထဲက ချမ်းသာရ။
နောက်ဆုံးကြတော့ နိဗ္ဗာန်ရ၊ လဆန်းပက္ခ ထွက်သောလ။
 မိုးဆောင်းနွေ (သန်လျင်)














လွတ်မြောက်ခြင်းမှ ပန်းတိုင်ဆီသို့











































































































































လွတ်မြောက်ခြင်းမှ ပန်းတိုင်ဆီသို့
၂၀၁၂ ခု၊ ဇန်န၀ါရီလ ၁၃-ရက်၊ သောကြာနေ့တွင် နိုင်ငံတော်မှ အကျဉ်းကျနေသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့လေသည်။ လွတ်မြောက်လာသူများထဲတွင် 
အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ရေးတရားတော်များ ဟောကြာခဲ့သော မျိုးချစ်သာသနာ့အာဇာနည်ဆရာတော် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ-မစိုးရိမ်)နှင့် ဆရာတော် သံဃာတော်များ၊ ဒီမိုကရေစီအရေးကို ဘ၀ပေး အသက်ပေးလျက် စွန့်စားဆောင်ရွက်ခဲ့ကြသော နိုင်ငံရေး အကျဉ်းသားများနှင့် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်တို့ပါဝင်ခဲ့ကြသည်။ 

အိမ်ထောင်ဦးည
ထီပေါက်စနှင့်
ထောင်မှလွတ်ကင်း 
ပဉ္စင်းလူထွက်
နန်းတက်ဘုရင်
ပင်စင်ငြိမ်းစား
ယောက်ျားလူထူး
ဤခြောက်ဦးကား
အရူးအမူး လွန်ပျော်မြူး၏-ဟူသော 
စကားကို အမှတ်ရမိသည်။ သူတို့လဲ ပျော်နေကြလိမ့်မည်။ သူတို့ကို စောင့်မျှော်နေကြသူတွေလဲ ပျော်နေကြပေလိမ့်မည်။ ဒီနေ့သည် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အပျော်ဆုံးနေ့ဟုလည်း ပြောနိုင်သည်။ ပြည်သူများကလဲ သူတို့၏သူရဲကောင်းများကို အပြုံးများစွာဖြင့် မျှော်လင့်ချက်ကြီးမားစွာဖြင့် ပန်းကုံးများစွတ်လျက် လွမ်းတသသနဲ့ အားရပါးရ ကြိုဆိုခဲ့ကြသည်။ 
အကျဉ်းစံဘ၀က လွတ်မြောက်ပြီးတော့ လောကကောင်းကျိုး၊ နိုင်ငံကောင်းကျိုး၊ ဘာသာ သာသနာကောင်းကျိုးများကို ဆထက်တိုး၍ လွတ်လပ်စွာ ဆောင်ရွက်အားထုတ် နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။ 
                                                                                  မိုးဆောင်းနွေ (သန်လျင်)