မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

ရင်မောစရာ Valentine’s Day

on Friday, February 10, 2012


  
နိုင်ငံခြားအသံလွှင့်ဌာနတစ်ခုက ကျွန်တော့်ကို လှမ်းဆက်သွယ်ပြီး မေးမြန်းပါရစေလို့ ခွင့်တောင်းလာပါ တယ်။ မေးလိုတဲ့အကြောင်းအရာကတော့ Valentines Dayလို့ ခေါ်တဲ့ ချစ်သူများနေ့နဲ့ ပတ်သက်လို့ပါတဲ့။

ပြောချင်နေတာကြာပြီဖြစ်တာမို့ ပြောဖြစ်ခဲ့ပေမယ့် လက်တန်းပြောတာမို့ အချက်အလက်အပြည့်အစုံ ပါမ သွားဘူး။ အချိန်ကလည်းတိုတာကိုး။ ဒါနဲ့ကျွန်တော့်ရဲ့ မန္တလေးအက်(ဖ်)အယ်(မ်)က ရေဒီယိုအစီအစဉ်မှာ တင်ဆက်ဖို့ရည်ရွယ်ပြီး စာမူရေးဖြစ်ခဲ့ပါတယ်။ အဲဒီ့စာမူလေးကိုပဲ ရေဒီယိုနားမထောင်ဖြစ်သူ ဂျာနယ်ပ ရိသတ်များအတွက် အနည်းငယ်တည်းဖြတ် တင်ဆက်ပေးပါရစေလားခင်ဗျာ။

ပထမဆုံးက အဲဒီ့ Valentine
s Day ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာ အရင်တင်ပြချင်ပါတယ်။ ခရစ်ယာန်အာဇာနည်တွေထဲမှာဆိုတဲ့ ဗှယ်လင်ထိုင်းနာမည်နဲ့ သူတွေ မရေမတွက်နိုင်အောင် များပြား လှတယ်။ အဲဒီ့ထဲကမှ ဒဏ္ဍာရီလာ ဗှယ်လင် ထိုင်းဘွဲ့ ခံသူတော်စင်တစ်ပါးကတော့ စစ်တပ်ကို ချဲ့ထွင်ချင် တာမို့ အရွယ်ရောက်သူ အမျိုးသားတွေကို အိမ်ထောင်ပြုခွင့် ပိတ်ပင်ထားတဲ့ ရောမ ဧကရာဇ် ဒုတိယမြောက် ခလောဒစ်ယပ်(စ်)ရဲ့အမိန့်ကို ဖီဆန်ပြီး လူငယ်လေးတွေကို လျို့ဝှက်လက်ထပ်ပေးခဲ့ဖူး တယ် လို့ အဆိုရှိပါ တယ်။ ဒါကို ဘုရင်ကြီးသိသွားတော့ သူ့ကိုဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချထား လိုက်ပါ တော့ တယ်။ ဒါကသိပ်မခိုင်လုံလှတဲ့ ပါးစပ်ရာဇ၀င်ပါ။သူ့ထက် နည်းနည်းလေးပိုခိုင်လုံတဲ့ ဒဏ္ဍာရီမှာကျတော့ ဘုရင် ခလောဒစ်ယပ်(စ်)က ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းကို ခရစ်ယာန်ဘာသာဝင်ဖြစ်လို့မို့ တရားစွဲဆိုပြီး ကိုယ် တော်တိုင် အမှုစစ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အမှုစစ်ရင်းက ဘုန်းတော်ကြီးကို ဘုရင်ကအထင်ကြီးသွားပြီး Paganism လို့ ခရစ် ယာန်ဘာသာဝင်တွေကခေါ်တဲ့ ဗာဟီရ၀ါဒကို ကူးပြောင်းမယ်ဆိုရင်ဖြင့် အသက်ကိုချမ်း သာပေးမယ်လို့ ကမ်းလှမ်းခဲ့ပါသတဲ့။ ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းက အဲလိုကမ်းလှမ်းတာကို ငြင်းပယ်ပြီး ဘုရင်ကိုသာ ခရစ်ယာန်ဘာသာပြောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲနောက် ဆုံးမှာသူ့ကိုဘုရင်က ကွပ်မျက် လိုက်ပါတယ်။ မကွယ်လွန်ခင်မှာ ဘုန်းတော်ကြီးဗှယ်လင်ထိုင်းဟာ ထောင်မှူးရဲ့သမီးလေး မျက်စိကွယ် နေ တာကို သူ့တန်ခိုးနဲ့စက္ခုနှစ်ကွင်း အလင်းရအောင် ကုသပေးခဲ့ပါသေးသတဲ့။
အဲဒါကိုပဲ သမိုင်းအခြေခံ တစ်စက်မှမပါတဲ့ စီးပွားရေးသမားများက ၀ါးဖြန့်လိုက်တဲ့အခါ ဇာတ်က နည်းနည်း ပိုနာသွားတယ်။ အဲဒီ့ ဘုန်းကြီး ဗှယ်လင်ထိုင်းကို မကွပ်မျက်ခင် ညဦးပိုင်းမှာသူက သူချစ်တဲ့ မိန်းကလေးလို့ လည်းဆိုရဲ့၊ တချို့ကလည်း သူနဲ့ခင်သွားပြီး သူကပဲ မျက်စိမြင်အောင်ကုပေးခဲ့တဲ့ ထောင်မှူး ရဲ့သမီးလေးလို့ လည်း ဆိုရဲ့၊ တချို့ကလည်း အဲဒီ့နှစ်ယောက်စလုံးပါလို့ ပြောကြရဲ့၊ အဲ... အဲဒီ့မိန်းကလေးတွေဆီ ကို ကမ္ဘာ့ ပထမဆုံး ဗှယ်လင်ထိုင်းကတ်ပြားလေးကို ဘုန်းတော်ကြီးက စရေးခဲ့တာဖြစ်သွားတယ်။ သေခါနီးမှာ တမ်းစာ လေးပေါ့ခင်ဗျာ။ စာရဲ့အဆုံးမှာတော့ မင့်ရဲ့ဗှယ်လင်ထိုင်းထံမှ၊ အင်္ဂလိပ်လိုတော့ From your Valentine ပေါ့၊ အဲလိုလေး ရေးထားပါသတဲ့။ ဘာသမိုင်းအထောက်အထားမှ မရှိဘဲ လိုရာတွေးကာ ချဲ့လိုက် ကြတာပါ။

၁၈ ရာစု ကုန်လုနီး သုံးနှစ်အလို ၁၇၉၇ ခုနှစ်မှာတော့ ဗြိတိသျှ ထုတ်ဝေသူတစ်ယောက်က ကိုယ်တိုင် အချစ် ကဗျာမရေးတတ်ကြသူ လူငယ်အမျိုးသားများအတွက် ခံစားချက်ကဗျာတွေ အပြည့်ပါတဲ့စာအုပ် တစ်အုပ်ကို ကိုလူပျိုရဲ့ Valentine
 စာရေးဆရာ (The Young Mans Valentine Writer)ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ဝေခဲ့ပါ တယ်။ သည်မှာတင် တခြားထုတ်ဝေသူတွေကလည်း အချစ်ကဗျာတွေ၊ သရုပ်ဖော်ပုံတွေနဲ့ ကတ်ပြားတွေ ရိုက်နှိပ်ထုတ်ဝေကြပါတော့တယ်။
နှစ်ဆယ်ရာစုရဲ့ ဒုတိယတစ်ဝက်ကာလမှာတော့ ကတ်ပြားတွေ အပြန်အလှန် ပေးပို့ကြရာကနေ တခြား လက်ဆောင်တွေပါ ပေးပို့ကြတဲ့ အလေ့အထက အမေရိကန်နိုင်ငံမှာ တွင်ကျယ်လာပါတော့တယ်။ အဓိက ကတော့ နှင်းဆီပန်းတွေ၊ အသည်းပုံအနီရောင်ဖဲသားဘူးနဲ့ ထည့်ထားတဲ့ ချောကလက်တွေ ပို့ကြ၊ ပေးကြ တာပါ။ ဘယ်သူက ဘယ်လိုထွင်လိုက်တယ်ဆိုတာ အထူးပြောစရာတောင် လိုမယ်မထင်ပါဘူး။ ၁၉၈၀ ပြည့် လွန်နှစ်တွေမှာတော့ စိန်အရောင်း အ၀ယ်လုပ်ငန်းရှင်တွေကလည်း လာဘ်မြင်လာပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ချစ်သူတွေအချင်းချင်း စိန်ရွှေ ရတနာတွေပေးတဲ့ အလေ့အထလေးပါတွင် ကျယ်လာအောင် လုပ်ကြပါတော့တယ်။ ဈေးသည်ဆိုတာကတော့ သူပစ္စည်းတွေများများ အစွံထုတ်နိုင်ဖို့ နည်းလမ်းရှာရတာ ပေါ့ခင်ဗျာ။
 သည်လောက်ဆိုရင် ချစ်သူများနေ့လို့ အတော်လေး တွင်ကျယ်နေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် Valentines Day ရဲ့ ရာဇ၀င်အကျဉ်းကို မှန်းဆနိုင်ကြပြီ ထင်ပါတယ်ခင်ဗျာ။ အဲဒီ့နေ့ဟာ ခရစ်ယာန်တို့ရဲ့ ဘာသာရေး အထွတ်အမြတ် ပွဲတော်နေ့တစ်ခုမဟုတ်တာမို့ ရုံးပိတ်ရက်၊ အားရက်၊ နားရက်အဖြစ် ဘယ်ခရစ် ယာန် နိုင်ငံကမှ သတ်မှတ်ပေးမထားပါဘူး။ ခရစ်တော်ဖွားတဲ့ ခရစ္စမတ်လို၊ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း အထိမ်းအမှတ် အီစတာပွဲတော်လို မျိုးကျင်းပကြတာ မဟုတ်ဘဲ စီးပွားရေးသမားများရဲ့ ဈေးကွက်ချဲ့ထွင်လိုမှု ကြောင့် ပေါ်ပေါက်လာတဲ့ နေ့တစ်နေ့သာ ဖြစ်ပါတယ်။
စီးပွားရေးသမားတွေရဲ့ ကျေးဇူးကြောင့် အင်္ဂလန်နဲ့ အမေရိကန်မှာ စတင်ခဲ့တဲ့ အဲဒီ့အလေ့အထဟာ စင်ကာပူ နိုင်ငံသားတွေ၊ ဂျပန်တွေ၊ တရုတ်တွေ၊ တောင်ကိုးရီးယားလူမျိုးတွေကြားမှာလည်း ကျွန်တော်တို့ထက်တောင် စောပြီး တွင်ကျယ်ခဲ့ပါတယ်။ အဲဒီ့က လူငယ်လူရွယ်တွေဟာလည်း ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ လက်ဆောင်အတွက် ပိုက်ဆံတွေနင်းကန် အကုန်ခံကြပေတာပဲပေါ့။

ဆင်ခြင်တုံတရားလေးရှေ့ထားပြီးတခြားမွန်မြတ်တဲ့ နည်း တစ်နည်းနည်း၊ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ တစ်ဘ၀တာလက်တွဲကြရေးမှာ ပိုမိုတင့်တယ်သာယာစေမယ့် နည်းတစ်နည်းနည်းကို ကိုယ်ပိုင်ဥာဏ် ကလေးများနဲ့ ကြံဆဆင်နွှဲသွားမယ်ဆိုရင် ...

ကျွန်တော်တို့ဆီမှာတွင် ကျယ်လာတာကတော့ ဈေးကွက်စီးပွားရေး စတင်ခါစကာလက မြို့ပြတွေမှာ အပြိုင်းအရိုင်း ပေါ်ထွန်းလာတဲ့ ဟိုတယ်တွေနဲ့ ညဘက်ကပွဲ ခန်းမတွေက စလိုက်တာပဲလို့ ယူဆရပါတယ်။ ဟိုတယ်တွေကလည်း သူတို့ရဲ့ ချောကလက်တွေ ရောင်းကောင်းရေး၊ ညဘက်ကပွဲခန်းမတွေကလည်း သူတို့ခန်းမတွေမှာ လူစည်ရေးအတွက် သည်နေ့ကို မြန်မာတွေကြားမှာ မိတ်ဆက်လိုက်တဲ့အခါ ဇစ်မြစ်ကို ဂဃနဏ မသိသော်ငြား အများညီရင် ဤကို ကျွဲဖတ်ဖို့ ၀န်မလေးတဲ့ အထုံဝါသနာနဲ့ လူအများက အလွယ်တ ကူ နားယောင်သွားပြီးသည်နေ့ကို တခမ်းတနား လုပ်လာကြတော့တာပဲလို့ မြင်မိရပါတယ်။ မြန်မာရာဇ၀င်မှာ လည်း နတ်ရှင်နောင်နဲ့ ရာဇဓာတုကလျာ၊ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ၊ သုဓနုနဲ့ ဒွေးမယ်နော် အစရှိသဖြင့် အချစ်သူ ရဲ ကောင်းတွေ တစ်ပုံတစ်ပင်ရှိခဲ့ပေမယ့် အမှတ်အသားကောင်းတဲ့ အနောက်တိုင်း ရာဇ၀င်လိုနေ့စွဲ၊ ရက်စွဲနဲ့ အတိအကျ မဟုတ်လေတော့ကာ မြန်မာလူငယ်တို့အတွက် ရက်သတ်ဆင်နွှဲစရာ ချစ်သူများနေ့က မယ်မယ် ရရ မရှိဘူး။ ဒါကို အခွင့်ကောင်းယူတတ်တဲ့ စီးပွားရေးသမားတွေက ရောမဒဏ္ဍာရီထဲက ယုံတမ်းစကား ပလီ ပလာကို တင်သွင်းလာလိုက်တဲ့အခါမှာတော့ နားယောင်လွယ်သူများကြားမှာ ရေပန်းတွေ တအားစားကုန် တော့တာပါပဲ။
အဓိကကတော့ ဆင်ခြင်တုံတရားလို့ပဲ မြင်မိပါတယ်။ ဆင်ခြင်တုံတရားရှိမယ်ဆိုရင် သည်နေ့ဟာ ဘာနေ့လဲ၊ ဘယ်လိုကြောင့် ပေါ်လာရတာလဲဆိုတာ စူးစမ်းကြဖို့ သိပ်ကောင်းလှပါတယ်။ အနောက်တိုင်းကဟာမို့ပစ်ပယ် ရမယ်၊ အရှေ့တိုင်း ကသာ ပိုမြတ်တယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးအခေါ်မျိုးနဲ့ ပြောတာမျိုးမဟုတ်ပါ ဘူး။ ကမ္ဘာကြီးဟာ ရွာတစ်ရွာလို အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် လွယ်လင့်တကူ ကူးလူးဆက်ဆံလာ နိုင်တဲ့ ကနေ့လို ကာလမျိုးမှာ ယဉ်ကျေးမှုတွေ အပြန် အလှန် ကူးလူးယှက်နွယ်နေတဲ့ ရေစီးကိုလည်း ဘယ်သူ မှ တားဆီးလို့ မရစကောင်းပါဘူး။

ကတာ၊ ခုန်တာ၊ ဆိုတာ၊ တီးတာ၊ ၀တ်စားဆင်ယင်တာလို၊ စာပေ၊ အနုသုခုမသဘင်လိုယဉ်ကျေးမှုတွေ ကူးလူးယှက်နွယ်နေတာ အင်မတန်မှ ချစ်စရာ၊ နှစ်လိုစရာကောင်းပါတယ်။ လူသားတိုင်းရဲ့ မူလအခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ် လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကြောင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ တခြားဘာသာဝင် အသီးသီးရဲ့ ဘာသာရေးပွဲတော်တွေဟာလည်း ပျော်စရာ၊ ကြည်နူးစရာပွဲတော် များသာ ဖြစ်တာမို့ တရုတ်နှစ်သစ်ကူးဆိုလည်း တရုတ်နှစ်သစ်ကူး အလျောက်၊ ခရစ္စမတ်ဆိုလည်း ခရစ္စမတ် အလျောက်၊ အစ္စလာမ်တို့ရဲ့ အစ်ပွဲတော်ဆိုလည်း အစ်ပွဲတော်အလျောက် ကျွန်တော်တို့မြန်မာ တွေလည်း တစ်နည်းတစ်ဖုံ ပါဝင်ဆင်နွှဲ ပျော်ပွဲဆင်နေကြတာကို သဘောမတူစရာ အကြောင်းမရှိပါဘူး။

သည်ချစ်သူများနေ့ကတော့ဗျာ၊ ကျွန်တော့်စိတ်ထဲတယ်လည်း ဘ၀င်မကျမိဘူး။ မကြာသေးခင်ကမှ အလား တူတွင်ကျယ်လာတဲ့ အမေနေ့၊ အဖေနေ့ဆိုတာများလိုပဲ ခံစားရပါတယ်။ အမေ၊ အဖေကို တစ်နှစ်မှာ ၃၆၄ ရက်လုံးလုံး ဂရုမစိုက်၊ ပစ်ပယ်ထားပြီး အမေနေ့၊ အဖေနေ့ကျတော့မှ သတိတရနဲ့ သွားကန်တော့မယ်ဆိုရင် ဘယ်အမေ၊ ဘယ်အဖေက ကြည်နူးနိုင်ပါလိမ့် မလဲနော်လို့ ပြောရင် ကျွန်တော်က ခွကျတယ်ဖြစ်ဦးမယ်။
ဒါပေမယ့် သေချာစဉ်းစား ကြည့်တော်မူပါခင်ဗျာ။ အမေနေ့ကျမှ အမေ့ကိုကန်တော့၊ အဖေနေ့ကျမှ အဖေ့ကို ကန်တော့မယ့်အစား မိခင်၊ ဖခင်များ အသက်ရှင်နေခိုက်၊ သူတို့အတွက် လူ့လောကကြီးမှာ နေရမယ့်ရက် နည်းသထက်နည်းလာခိုက်မှာ နေ့တိုင်းမတတ်နိုင်ဘူး ဆိုရင်တောင် တစ်လတစ်ကြိမ်၊ နှစ်ကြိမ်၊သုံး၊လေး ကြိမ်သတိလေးထားပြီး သူတို့ကြိုက်တတ်တဲ့ စားစရာလေးနဲ့ဖြစ်ဖြစ်၊ စားစရာမတတ်နိုင်ရင်တောင် သူတို့နား မှာနေပြီး သူတို့ပြောတဲ့ စကားလေးတွေကို အဖန်ဖန်ကြားပြီးဖြစ်သည့်တိုင် စိတ်ရှည်လက်ရှည် နားထောင် ပေးတဲ့ နည်းလေးနဲ့ဖြစ်ဖြစ် အလုပ်အကျွေးပြုဖြစ်ကြတာက ပိုမကောင်းပေဘူးလား ခင်ဗျာ။
 ချစ်သူများနေ့ ဆိုတာလည်း အလားတူပါပဲ။ ချိန်တန်ရွယ်ရောက် လူလားမြောက်လာတဲ့အခါမှာ တခြားတစ်မိသားအပေါ် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးတဲ့ စိတ်ဆိုတာ ပေါ်ပေါက်လာစမြဲပါပဲ။ အဲဒီ့ကမှ အိမ်ရာထူထောင်ကြရမယ်၊ ဘ၀ကို အတူယှဉ်တွဲ ရုန်းကန်ဖြတ်ကျော်ကြရပါမယ်။
ဆင်ခြင်တုံတရားလေး ရှေ့ထားပြီး မောင်တို့မယ်တို့သာ ဥာဏ်ကလေးနဲ့ ချစ်ကြမယ်ဆိုရင် ချစ်သူများနေ့က အထူးလိုအပ်စရာ ဘာအကြောင်းမှမရှိပါဘူး။ သည်နေ့ကျတော့မှ ချစ်နေပြီး ကျန်တဲ့နေ့ တွေကျရင် တစ်ယောက်ကိုတစ်ယောက် မကြည့်ချင်။ မမြင်ချင် အောင်ဖြစ်နေကြမှာမှ မဟုတ်တာပဲလေ။
 အဲတော့ သည်နေ့ကို ဆင်နွှဲမယ်ဆိုလည်း လူငယ်လူရွယ်တို့ ဘာသာ ဘာဝအများနဲ့ညီမှ ခေတ်မီမယ်ဆိုတဲ့အတွေးနဲ့ ဆင်နွှဲတာကို မတားချင်ပါဘူး။ ဒါပေမယ့် ဆင် ခြင်တုံတရားလေး ရှေ့ထားပြီး တခြားမွန်မြတ်တဲ့ နည်းတစ် နည်းနည်း၊ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ တစ်ဘ၀တာ လက်တွဲကြရေးမှာ ပိုမိုတင့်တယ်သာယာစေမယ့် နည်းတစ် နည်းနည်းကို ကိုယ်ပိုင်ဥာဏ်ကလေးများနဲ့ ကြံဆဆင်နွှဲသွားမယ်ဆိုရင် စီးပွားရေးသမားတွေရဲ့ သားကောင် ဘ၀က လွတ်မြောက်သွားနိုင်မှာလည်း မလွဲပါဘူးခင်ဗျား။
အဲ... သည်ကြားထဲမှာ သည်နေ့အတွက် အင်မတန်ထူးခြားတဲ့ အချက်အလက်သစ်တစ်ခုကိုလည်း သည်နှစ် မှာမှ ကြားရမြင်လိုက်ရ ပြန်ပါသေးတယ်။ ကျွန်တော့်ကို မေးသွားတဲ့ နိုင်ငံခြား အသံလွှင့်ဌာနက မေးခွန်းထဲ မှာပါလာလို့ စတင်သတိထားမိခဲ့သလို အင်တာနက်ပေါ်က မြန်မာတို့ရဲ့ လူမှုရေးကွန်ရက်ပေါ်မှာလည်းပဲ သည်အချက်ကို ဖျတ်ခနဲတွေ့လိုက်မိပါတယ်။ အဲဒါကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မြို့ကြီးများပေါ်က တည်းခိုခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေမှာ နေရာမရလောက်အောင်တောင် ပြည့်နှက်နေတယ်ဆိုတဲ့ သတင်း မဟာပါပဲ။
 စီးပွားရေးသမားတွေရဲ့ လက်ချက်ကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ကွပ်မျက်ခံရတဲ့နေ့က နေ ချစ်သူများနေ့ရယ်လို့ ဖြစ်လာ၊ မြန်မာပြည်ကို ရောက်လာတော့ တချို့သော ယောက်ျားပျိုလေးများရဲ့ အသွင်ပြောင်းမှုကြောင့် ချစ်သူများနေ့ကနေ သွေးသားကိစ္စနေ့ အဖြစ် ပြောင်းသွားပါပေါ့လားလို့ ရင်မောစွာ တွေးလိုက်မိရပါတယ်။ အဲဒီ့နေ့မှာ အကာအကွယ်မဲ့ ချစ်တင်းနှောကြမယ့်သူက အများသားဆိုတာလည်း တွေးမိသွားရ ပြန်တာမို့ ချစ်သူများနေ့ဟာ သွေးသားကိစ္စနေ့မှသည် HIV ပိုး အပါအ၀င် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများ ပြန့်ပွားရေး နေ့တစ်နေ့အဖြစ် ပြောင်းလဲသွားနိုင်တာကို မြင်လာရင်း စိတ်မောသွား မိပါတယ်။
အချစ်ကို ကိုးကွယ်လိုကြတဲ့၊ နှာခေါင်းမပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ ခေတ်အဆက်ဆက် အပြော ခံခဲ့ကြရတဲ့ သမီးငယ်လေးများ သတိထားသင့်တဲ့နေ့လို့တောင်မှ သည်နေ့ကို ပြောင်းလဲ ခေါ်ဝေါ်သင့်ကြပြီ ထင်ပါတယ်။
 သည်လောက်ဆိုရင် ကျွန်တော်တို့ ကိုးကွယ်ရာ ဘာသာနဲ့ လည်း ဘယ်လိုမှမသက်ဆိုင်၊ ရိုးရာ ဓလေ့ထုံးတမ်းလည်း မဟုတ်သလို သက်ဆိုင်တဲ့ ခရစ်ယာန် ဘာသာဝင်တွေရဲ့ တကယ့်နေ့ထူး နေ့မြတ် အစစ်လည်း မဟုတ်ဘဲ စီးပွားရေးသမားများရဲ့ ထွင်လုံးကြောင့် ကမ္ဘာမှာ တွင်ကျယ်လာနေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့ဆိုတာရဲ့ သဘောသဘာဝ အစစ်အမှန်ကို မှန်းဆနိုင်ကြပြီလို့ မျှော်လင့်မိရပါတယ် ခင်ဗျား။  
                                            အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

Written by အတ္တကျော်   

(၀၂၀၂၁၂)စာညွှန်း
Encyclopedia Britannica, 2007http://en.wikipedia.org/wiki/Valentine's_Day

ကုသိုလ်ရဲ့ အစက ဘာလဲ

on Wednesday, February 8, 2012


ကုသိုလ်ရဲ့  အစက ဘာလဲ
 ကောင်းကျိုးဆိုတာက
အရကောက်အားဖြင့်- ကုသိုလ်
အမျိုးအစားအားဖြင့်- ဒါန သီလ သမထ ၀ိပဿနာ
အခြေခံဖောင်ဒေးရှင်းကတော့- တရားနာမှု၊ နှလုံးသွင်းမှန်ကန်မှု။
အကိုင်းလေး ချိုးလာရုံနဲ့ ပဉ္စမျိုးငါးပါးလုံး မသိနိုင်ဘူး။ 
အမြစ်ပါ နှုတ်ပြမှ ကိုင်ခက် ပင်စည် အမြစ်မှီ၏-လို့ သိနိုင်သလို
ကုသိုလ် အကုသိုလ်ဆိုရုံနဲ့ ကုသိုလ်က ခြေထောက်ပေါက်ပြီး ရောက်လာတာမဟုတ်ဘူး။
ကုသိုလ်ကောင်းမှုဖြစ်ခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့
နှလုံးသွင်းမှန်ကန်မှု၊ တရားနာမှုကိုပါ ထည့်ပြောမှ ချမ်းသာခြင်းရဲ့  ကွင်းဆက်ကို လိုက်တတ်မယ်။
လာဆဲပါပြီတဲ့ ဘယ်လိုလုပ် ကုသိုလ်ဖြစ်အောင် လုပ်မတုန်း။
ထောင်းဆို ဒေါသအကုသိုလ်က အဖြစ်ဦးသွားပြီ။ ကုသိုလ်လုပ်ချိန် မရတော့ဘူး။
ဆဲကြ သတ်ကြနဲ့ ငရဲ သွားသူသွား။ ထောင်ထဲ သွားသူသွားနဲ့။
ဒါ့ကြောင့် ကုသိုလ်ရဲ့ အစဟာ 
တရားနာမှု(ဓမ္မဿဝန)နဲ့ နှလုံးသွင်း မှန်ကန်မှု (ယောနိသောမနသိကာရ) ဖြစ်ပါတယ်။
ကုသိုလ်ဖြစ်ချင်တယ်ဆိုရင် သူတော်ကောင်းတရား နာကြားရမယ်။ 
အရာရာမှာ အကောင်းဘက်က ရှုမြင်သုံးသပ်ရမယ် (၀ါ) နှလုံးသွင်းမှန်ကန်ရမယ်။ 

ထလော့ မြန်မာ

on Monday, February 6, 2012

  • ထလော့ မြန်မာ
       
         ၁။ ထလော့ မြန်မာ - အို မြန်မာတို့

            ဒို့ရွာ ဒို့မြေ - ဒို့ရွာမြေ၀ယ်

            စေတီ စပါး - များလဲများ၏
            
            များပါလေလဲ - တမွဲမွဲနှင့်
            
            ဆင်းရဲကာသာ - ကာလကြာလျှင်
            
            ယာစကာမျိုး - တညှိုးညှိုးနှင့်
            
ပုထိုးမြင့်ဟောင်း - ကျောင်းကြိုကျောင်းကြား
            
လှည့်လည်သွားလျက် - မစားလေရ ၀မ်းမ၀၍
            
ဆွမ်းမျှ မတင်နိုင် - ရှိမည်တည်း။
           
       
၂။ ထလော့ မြန်မာ - အို မြန်မာတို့
            
ဒို့ရွာ ဒို့ပြည် - ဒို့ရွာမြေ၀ယ်
            
ရေချိုသောက်ရန် - မြစ်ချောင်းကန်နှင့်
            
သီးနှံချိုပြား - များလဲများ၏
            
များပါလေလဲ - တမွဲမွဲနှင့်
            
ဆင်းရဲကာသာ - ကာလကြာလျှင်
            
မြင်သာ မြင်ရ - မစားရ၍
            
တောက ပြိတ္တာ - ဖြစ်မည်တည်း။
     
       
၃။ ထလော့ မြန်မာ - မြန်မာ ထလော့
            
အားမပျော့နှင့် - မလျှော့လုံ့လ
    
        ကိုယ်ကစ၍ - ငါက အားလုံး
            
လက်ရုံးများမြောင် - ဥာဏ်များမြောင်နှင့်
       
     စွမ်းဆောင်ကြလေ - ဆောင်ကြလေလော့

            ဤမြေ ဤရွာ - ဘယ်သူ့ရွာလဲ

            ဤယာ စပါး - ဘယ်သူ့စပါးလဲ
        
    ဤသာသနာဟာ - ဘယ်သူ့သာသနာလဲ
   
         ထားလော့ တာဝန် - ပွန်လော့ လုပ်ငန်း
         
   ဥာဏ်ရှေ့ ပန်း၍ - တ၀မ်းတစိတ် ညီစေသတည်း။
                  
                                                                                                                 ဆရာဇော်ဂျီ

အ၀တ်မဲ့ စရိုက်

on Friday, February 3, 2012

အ၀တ်မဲ့ စရိုက်
  
သံသရာတစ်ကြော
စုန်ဆန်မျောရင်းနဲ့
ကောင်းမှု မကောင်းမှု
သူသူ ငါငါ ပြုခဲ့ကြတယ်။
ဘယ်သူ မပြု မိမိမှုတဲ့
အဲဒီ ကု အကုတွေကြောင့်
ဘ၀တွေ ကွဲပြားလို့
တစ်ချို့က အ၀တ်ရှိ
တစ်ချို့ ကျ အ၀တ်မဲ့ခဲ့ကြတယ်။
 ပြုတုန်းကတော့ တပြုံးပြုံး
အောင်နိုင်သူရဲ့ မာန်မာနနဲ့
ငါကွလို့ လက်မထောင်ခဲ့သမျှ
သံသရာမှာ ခံစားရတဲ့
ဒုက္ခသုက္ခ ဝေဒနာဆိုးတွေက
တနင့်တပိုး မဆုံးနိုင်ခဲ့။
ပုထုဇဉ်ပီသစွာနဲ့
အမှားမှန်သမျှ ကျူးလွန်မိတော့
ဒုဂ္ဂတိဆိုတဲ့ ထူးချွန်ဆုကို
ကံကြမ္မာက ပေးအပ်ခဲ့ပေါ့။

ဝဋ်ကြွေးရှိရင် ပေးဆပ်ရသတဲ့
ကိလေသ၀ဋ်ကြောင့်
ကံတွေပြုမိတော့
ကမ္မ၀ဋ်ရဲ့ တန်ပြန်မှုကို
အလူးအလဲ ပေးဆပ်ရပြန်တယ်။
 ဒီလိုနဲ့ပဲ ၀ိပါက၀ဋ်မြစ်မှာ
မျောရင်း နစ်ရင်း ကူးခတ်ရင်းနဲ့
ပေါ် မြုပ်ဇာတ်က မဆုံးနိုင်ဘဲ
ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်
အ၀တ်မဲ့တဲ့ ဘ၀လှိုင်းတံပိုးမှာ
အလိုက်သင့် စီးမျောကြရင်း
နောင်တတွေ မရတတ်ကြသေး။
နောင်တရသူသည် လူမိုက်တဲ့
မှားခဲ့တာကို ပြင်မယ်ဆိုရင်
တဖန် သူတော်ကောင်း
ဖြစ်နိုင်ကောင်းပါရဲ့ ။

ဒီလို ဒီလိုနဲ့
သံသရာမှာ အ၀တ်တွေမဲ့ပေါင်း
အစ အဆုံးမထင်ပေမဲ့
တစ်ချို့ က မကျေနပ်နိုင်
လူဖြစ်တာတောင် အ၀တ်မဲ့ချင်သူတွေ
ခုခေတ်မှာ မြင်နေရပြန်တယ်။
တန်ဖိုးမဲ့တဲ့ အတုတွေကို
အစစ်ထင်မှား လိုက်စားရင်း
အတုယူမှားခဲ့လေတော့
ချွတ်သူက ချွတ် ဖော်သူက ဖော်
ပေါ်သူက ပေါ်နဲ့
ယိုသူ မရှက် မြင်သူရှက်ဖွယ်
မလုံတလုံ အပေါ် အောက်တွေနဲ့
မော်ဒလ်ဆိုလား ဘော်ကြယ်ဆိုလား
မတော်တရော် ဈေးကွက်မှာ
ပေါ်ပေါ်ထင်ထင် ခေတ်စားလာခဲ့။
ဒါတင်ဘယ်ကမလဲ
ငွေ အာဏာ တဏှာရူးတွေက
တန်ဖိုးကြီး ရှားပါးပစ္စည်းဖြစ်တဲ့
ကိုယ်ပိုင် အကျင့်သိက္ခာ အမြုတေကို
ခဏခဏ ထုခွဲ ခွါချပြနေလိုက်တာ
ကမ္ဘာကြီးတောင် မျက်နှာပူလှပေါ့။
 ဟိရီ သြတ္တပ္ပ ကင်းမဲ့စွာနဲ့
လူ့သိက္ခာဆိုတာ ဘာမှန်းမသိ
ငွေရှိရင် လူဖြစ်တယ်ထင်လို့
အခုတောင် ချွတ်ချင်နေမှတော့
နောင်မှာလဲ ချွတ်စရာမလိုအောင်
အ၀တ်ကျွတ်တဲ့ ဘ၀မျိုးတွေ
အဖန်တရာ ကြုံရမယ်ဆိုတာ
သတိတော့ ထားခဲ့စေချင်တယ်။
 အ၀တ်မဲ့တာကို ဂုဏ်ယူတတ်တဲ့
အသိမဲ့စရိုက်ကို တွန်းလှန်ဖို့နဲ့
ခု ဘ၀တင်မက
သံသရာမှာပါ အ၀တ်မမဲ့ဖို့
အသိရှိတဲ့ လက်ရှိဘ၀မှာ
ကိုယ်ကျင့်သီလ အ၀တ်တော့
လုံခြုံအောင် ၀တ်ကြရမှာပေါ့။
မိုးဆောင်းနွေ (သန်လျင်)