မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

ရာသီမဲ့ ဝေဒနာ

on Friday, June 22, 2012

ရာသီမဲ့ ဝေဒနာ
=====

မိုး
တဖြိုးဖြိုးနဲ့ ရွာချ
အေးမြတဲ့ အရိပ်အရောင်ပြလို့
မှုန်ဝါးဝါး မိုးစက်တွေအောက်
ယောင်ယမ်းလို့ လျောက်လှမ်းမိခိုက်
ကံကြမ္မာရဲ့ လှည့်စားမှုနောက်
ထစ်ချုန်း ပေါက်ကွဲ
မုန်းတိုင်းတွေလဲ သဲခဲ့တယ်။

ဆောင်း
နှောင်းသမျှပြန်စစ်
ဘယ်ဟာမှအသစ်မဖြစ်ခဲ့
ကောင်းမလို ဟန်ရေးပြ
အေးမြမြ နှင်းစက်တွေက
ရင်ကို ထွင်းပေါက်
တစ်စက်ချင်း ကျရောက်ခဲ့ပေမဲ့
ပူလောင်မှုတွေ မီးတောက်
ဘယ်လိုမှ ငြိမ်းမပျောက်နိုင်ခဲ့။

နွေ
သေရာပါ ဒဏ်ရာတွေနဲ့
မွန်းဟိုက်ကြေကွဲ
ဘ၀လှောင်ချိုင့်ထဲမှာ
အကျဉ်းချ ချုပ်နှောင်
ကြိုးမိန့်ကျ ရာဇ၀တ်ကောင်အလား
လုပ်ဆောင်မှုတွေက မပြတ်သား
ဖက်ထားသမျှ အသုံးမ၀င်
အသက်ငင်မတတ် လွန်ဆွဲ
ဒါပေမဲ့ ပူမြဲပေါ့...။

ဒီလိုနဲ့ပဲ မိုးက မစို
ဆောင်းခိုတော့လဲ မအေး
နွေမှာ ဘယ်လေသွေးစေတော့
သုံးရာသီ ကျိန်စာစက်ဝိုင်း
ခပ်ရိုင်းရိုင်းလည်ပတ်
ဆန္ဒတွေနဲ့ မဟပ်မိတော့
နှပ်သူက နှပ် ငတ်သူက ငတ်…….။

(မိုးဆောင်းနွေ)


နိဂုံးမဲ့ ကဗျာ


နိဂုံးမဲ့ ကဗျာ
======

ဘ၀က ခါး
အချစ်က ရှားပါးလေတော့
အဖြစ်က အရစ်ကျနဲ့ ပေးဆပ်နေရသလိုမျိုး
အတိုးတွေလဲ တက် အရိုးတွေလဲ အက်
အခိုးတွေလဲ ထွက်
မိုးတွေလဲ မရွာတချက် ရွာတချက်နဲ့
အသီးက မမှန် မီးက မလာပြန်
ရွာပြန်ရင် ကောင်းမလား စဉ်းစားလို့မရ
ထမင်းစားလို့ မဝ
ဟင်းကပဲ မကောင်းလို့လား
ဒင်းကပဲ မကောင်းလို့လား
ငါကကော ကောင်းသေးရဲ့လား
အတွေးတွေနဲ့ အိပ်ပျက်
အိပ်မက်တွေက တကယ်မဖြစ်
တကယ်စစ်တော့ အနှစ်မတွေ့
အသစ်တွေ့တော့ အဟောင်းမေ့
အရောင်ကပြောင်း အဆောင်က ဟောင်း
နှောင်းသမျှ ပြန်တွေး
နောင်တတွေ တထွေးကြီးနဲ့
နှလုံးသားမှာရှုပ်ပွ
ဒုက္ခက လက်ယက်ခေါ်တယ်...။
(မိုးဆောင်းနွေ)

ပိတောက်ပန်း ကဗျာ

on Saturday, April 14, 2012



`` ပိတောက်ပန်း ``

မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပေါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့ သလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ ။
 
                                                    (ဆရာ ဇော်ဂျီ )

နှစ်သစ် အဓိဋ္ဌာန်


နှစ်သစ် အဓိဋ္ဌာန်



နှစ်သစ်မှာ ရေးထိုးမယ့်
ဒို့တတွေရဲ့ သမိုင်း
မရိုင်းစေဖို့အတွက် -

မြတ်ဗုဒ္ဓက
သတ္တ၀ါ အချင်းချင်း
ချစ်ခင်စွာ ပေါင်းသင်းလျက်
ညှာတာသနား စာနာမှုများတဲ့
ကြင်နာခြင်း လက်တစ်စုံနဲ့
မုဒိတာနှလုံးသား မျှတစွာ ထားတတ်ဖို့။

မမြဲခြင်းနှောတဲ့ မတင့်တယ်ခြင်းသဘောတွေနဲ့
နှလုံးကောင်းသွင်းတတ်ဖို့
ရာဟုလာ သားပမာ ကရုဏာထား မိန့်မှာသွားခဲ့။

ကောင်းမှုကို ပြု၊ ကောင်းကျိုးကို ရှာ
ဘ၀ဆိုတာ ၀ဋ်ကြွေး
ချစ်သူ မုန်းသူ မရွေး အကောင်းဆုံးပေးဆပ်နိုင်ဖို့။
မည်သူ့အပေါ်မဆို
ငြူစူစောင်းမြောင်း အချစ် အမုန်း ရာဂ ဒေါသတရားတွေ
အားလုံးကို ခ၀ါချ ဥပေက္ခာနှလုံးသားနဲ့
အေးချမ်းစွာ ဆက်ဆံပေါင်းသင်းနိုင်ဖို့။

သောက်စား မူးယစ် လူရမ်းကား မဖြစ်ဖို့။

ဆုတ်ကပ်ကာလ လောကကြီးက ခါးသက်
သတ္တ၀ါတွေအတွက် အချိုဓာတ်တွေ
ဝေငှပေးအပ်နိုင်ဖို့။

မိဘက သားသမီးအပေါ် ဆရာက တပည့်အပေါ်
စုန်ရေတွေချည်း ဒီလောကထဲ စီးဆင်း
ဆန်ရေတွေ ပြန်ဝေပေးနိုင်ဖို့။

နေရေး အတွက် ကြိုးစား ရှာဖွေ
မျှတစွာ သုံး စုဆောင်းနေတုန်း
သေရေးအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့။

လောကတောနက်နက်မှာ
လောကဓံဆိုတဲ့ အမြောက် ဗုံးသံ ကျည်ဆံတွေကြား
ရိုးသားကြိုးစား ရှောင်လွှဲပြေးလွှားရင်း
လောကစစ်ပွဲတွေ အောင်မြင်စွာ တိုက်ခိုက်နိုင်ဖို့
ဒို့တတွေ နိုးကြားစွာနဲ့ ကြိုးစားကြစို့။

ဒါမှသာလျှင်
ဒို့တတွေရဲ့ အဖြစ် ဓမ္မစစ်ကို ရင်မှာပိုက်
မိုက်နေတဲ့ဘ၀တွေ
အသိဥာဏ်လမင်းရဲ့ အရောင်အလင်းနဲ့ ပြောင်းဝင်းလာနိုင်လိမ့်မယ်။

ကံကြမ္မာကပေးတဲ့ မရဏလက်ဆောင်
တဏှာသပ်သွင်းခံ ခန္ဓာအိမ်မြစ်မင်းရဲ့ ဒဏ်
ဖိစီးနှိပ်စက်ခံနေရလို့
လိုတာက မရ ရတာက မလို သောက်လေ ငတ်လေ
အာသာမပြေ ဖြစ်နေကြလို့
မုန်းသူတွေနဲ့ ယှဉ်တွဲ ချစ်သူတွေနဲ့ ကွဲရလွဲရလို့
နှစ်ဟောင်းက အချစ်အကြောင်း
အတိတ်ကိုတွေးပြီး လွမ်းဆွေးသောကတွေနဲ့
မျက်ရည်ကျကျနေရလို့
နာကျင်လောင်ကျွမ်းနေတဲ့ နှလုံးသားမီးတောင်တွေ
အပူဓာတ်တွေ ငြိမ်း အေးကိန်းဆိုက်နိုင်လိမ့်မယ်။
အငိုမျက်လုံးတွေ အပြုံးမျက်နှာနဲ့ ရွှင်ပြလာနိုင်လိမ့်မယ်။
နှစ်သစ်မှာ အချစ်စစ်တွေနဲ့ ပျော်မွေ့လာနိုင်လိမ့်မယ်။

နှစ်သစ်တိုင်းကို ကြိုဆိုလျက် (မိုးဆောင်းနွေ)

အစောင့်အရှောက်

on Sunday, April 8, 2012


အစောင့်အရှောက်

ဘ၀ခရီးလမ်းက ကြမ်းတမ်းလှပါတယ်။ အဲဒီလို ကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းကို လျောက်လှမ်းနေတဲ့သူတိုင်း အစောင့်အရှောက်ဆိုတာ အမှန်တကယ် လိုအပ်ပါတယ်။
မြတ်စွာဘုရားကတော့ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ-လို့ ဟောကြားတော်မူခဲ့ပါတယ်။
တရားကျင့်သူကို ကိုယ်ကျင့်တဲ့တရားက ပြန်လည်စောင့်ရှောက်တယ်လို့ ဆိုလိုပါတယ်။
တကယ်တော့ အစောင့်အရှောက်ဆိုတာ လောကလူတွေ ထင်နေကြတဲ့ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်တို့ မဟုတ်ပါဘူး။ ကုသိုလ်သာ ဖြစ်ပါတယ်။
ကုသိုလ်ရဲ့ အစောင့်အရှောက်ကို မခံရတဲ့ သတ္တ၀ါတိုင်း ဘေးသင့်တယ်။ မီးဘေး မင်းဘေး ရေဘေး လေဘေးဆိုတာ သီးခြားမရှိပါဘူး။ အကုသိုလ်ရဲ့ အကျိုးတွေသာ ဖြစ်ပါတယ်။
နောက်ဆုံး အပါယ်ဒုဂ္ဂတိဘေးအထိ သင့်နေကြတယ်ဆိုတာ ကုသိုလ်ရဲ့ အစောင့်အရှောက်ကို မခံယူကြလို့သာဖြစ်ပါတယ်။
ကုသိုလ်နဲ့သာ ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ အရေးအကြီးဆုံးဆိုတာ နားလည်သဘောပေါက်ကြ မယ်ထင်ပါတယ်။

လူမိုက်တို့ သွားရာလမ်း


လူမိုက်တို့ သွားရာလမ်း

ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊
ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါဝယ်၊
လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မခြွေ၊ အလိုက်နေ၍၊
အခြေမကြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည်း။
သန်းခေါင် လကွယ်၊
တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊
အပြည့်ဖုံးသည်၊မိုးလုံးတိမ်တိုက်၊
လျှပ်မကြိုက်သား၊ အမိုက်အပြား၊
အင်လေးပါးထက်၊ နင်ကားရာထောင်၊
မကမှောင်၏။
လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊
ကြမ္မာတော်၍၊ ယခုတွေ့လည်း၊
အလေ့မလွဲ၊ အများနဲလျှင်၊
မိုက်မဲနှင်နှင်၊ မိုက်စရွှင်၏။
မျက်မြင်လောက၊ ဤဘ၀ကား၊
ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။
သေမင်းအစာ၊ နင့်ခန္ဓာကို၊
တဏှာဘီလူး၊ အမှောင့်ပူး၍၊
အရူးပြင်ပြင်၊ နင့်ကိုယ်ထင်၏။
နင်နှင့်မဆိုင်၊ နင်ပိုင် မဟုတ်၊
နင့်ရုပ် နင့်နာမ်၊ နင့်သန္တာန်ကို၊
နင့်ဉာဏ်မစူး၊ အပေါ်ဖြူး၍၊
မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊
နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ။
အာရုံဝတ္ထု၊ မီးစာစုကို၊
မှုမှုရရ၊ နင်အားကျလည်း၊
ဓားပြသေမင်း၊ သူ့တပ်နင်းက၊
မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊
ပြာပုံအပြီး၊ ဖြစ်လုနီးပြီ။
ယီးတီးယားတား၊ သေ၍သွားလည်း၊
တရားမကြွယ်၊ အထုပ်ငယ်လျက်၊
အပါယ်စခန်း၊ သွားမြဲ လမ်း၌၊
တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊
တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊
ထိုထိုဘ၀၊ အနန္တလျှင်၊
အစမဆုံး၊ အများထုံးတည်း၊
အနှုန်းမပျက်၊ အောက်နရက်ဝယ်၊
တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊
အပါယ်ထိုထို၊ ဥဒဟိုသည်၊
နင်လိုလူမိုက်၊ သွားလမ်းတည်း။