အ၀တ်မဲ့ စရိုက်
သံသရာတစ်ကြော
စုန်ဆန်မျောရင်းနဲ့
ကောင်းမှု မကောင်းမှု
သူသူ ငါငါ ပြုခဲ့ကြတယ်။
ဘယ်သူ မပြု မိမိမှုတဲ့
အဲဒီ ကု အကုတွေကြောင့်
ဘ၀တွေ ကွဲပြားလို့
တစ်ချို့က အ၀တ်ရှိ
တစ်ချို့ ကျ အ၀တ်မဲ့ခဲ့ကြတယ်။
ပြုတုန်းကတော့ တပြုံးပြုံး
အောင်နိုင်သူရဲ့ မာန်မာနနဲ့
ငါကွလို့ လက်မထောင်ခဲ့သမျှ
သံသရာမှာ ခံစားရတဲ့
ဒုက္ခသုက္ခ ဝေဒနာဆိုးတွေက
တနင့်တပိုး မဆုံးနိုင်ခဲ့။
ပုထုဇဉ်ပီသစွာနဲ့
အမှားမှန်သမျှ ကျူးလွန်မိတော့
ဒုဂ္ဂတိဆိုတဲ့ ထူးချွန်ဆုကို
ကံကြမ္မာက ပေးအပ်ခဲ့ပေါ့။
ဝဋ်ကြွေးရှိရင် ပေးဆပ်ရသတဲ့
ကိလေသ၀ဋ်ကြောင့်
ကံတွေပြုမိတော့
ကမ္မ၀ဋ်ရဲ့ တန်ပြန်မှုကို
အလူးအလဲ ပေးဆပ်ရပြန်တယ်။
ဒီလိုနဲ့ပဲ ၀ိပါက၀ဋ်မြစ်မှာ
မျောရင်း နစ်ရင်း ကူးခတ်ရင်းနဲ့
ပေါ် မြုပ်ဇာတ်က မဆုံးနိုင်ဘဲ
ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်
အ၀တ်မဲ့တဲ့ ဘ၀လှိုင်းတံပိုးမှာ
အလိုက်သင့် စီးမျောကြရင်း
နောင်တတွေ မရတတ်ကြသေး။
နောင်တရသူသည် လူမိုက်တဲ့
မှားခဲ့တာကို ပြင်မယ်ဆိုရင်
တဖန် သူတော်ကောင်း
ဖြစ်နိုင်ကောင်းပါရဲ့ ။
ဒီလို ဒီလိုနဲ့
သံသရာမှာ အ၀တ်တွေမဲ့ပေါင်း
အစ အဆုံးမထင်ပေမဲ့
တစ်ချို့ က မကျေနပ်နိုင်
လူဖြစ်တာတောင် အ၀တ်မဲ့ချင်သူတွေ
ခုခေတ်မှာ မြင်နေရပြန်တယ်။
တန်ဖိုးမဲ့တဲ့ အတုတွေကို
အစစ်ထင်မှား လိုက်စားရင်း
အတုယူမှားခဲ့လေတော့
ချွတ်သူက ချွတ် ဖော်သူက ဖော်
ပေါ်သူက ပေါ်နဲ့
ယိုသူ မရှက် မြင်သူရှက်ဖွယ်
မလုံတလုံ အပေါ် အောက်တွေနဲ့
မော်ဒလ်ဆိုလား ဘော်ကြယ်ဆိုလား
မတော်တရော် ဈေးကွက်မှာ
ပေါ်ပေါ်ထင်ထင် ခေတ်စားလာခဲ့။
ဒါတင်ဘယ်ကမလဲ
ငွေ အာဏာ တဏှာရူးတွေက
တန်ဖိုးကြီး ရှားပါးပစ္စည်းဖြစ်တဲ့
ကိုယ်ပိုင် အကျင့်သိက္ခာ အမြုတေကို
ခဏခဏ ထုခွဲ ခွါချပြနေလိုက်တာ
ကမ္ဘာကြီးတောင် မျက်နှာပူလှပေါ့။
ဟိရီ သြတ္တပ္ပ ကင်းမဲ့စွာနဲ့
လူ့သိက္ခာဆိုတာ ဘာမှန်းမသိ
ငွေရှိရင် လူဖြစ်တယ်ထင်လို့
အခုတောင် ချွတ်ချင်နေမှတော့
နောင်မှာလဲ ချွတ်စရာမလိုအောင်
အ၀တ်ကျွတ်တဲ့ ဘ၀မျိုးတွေ
အဖန်တရာ ကြုံရမယ်ဆိုတာ
သတိတော့ ထားခဲ့စေချင်တယ်။
အ၀တ်မဲ့တာကို ဂုဏ်ယူတတ်တဲ့
အသိမဲ့စရိုက်ကို တွန်းလှန်ဖို့နဲ့
ခု ဘ၀တင်မက
သံသရာမှာပါ အ၀တ်မမဲ့ဖို့
အသိရှိတဲ့ လက်ရှိဘ၀မှာ
ကိုယ်ကျင့်သီလ အ၀တ်တော့
လုံခြုံအောင် ၀တ်ကြရမှာပေါ့။
မိုးဆောင်းနွေ (သန်လျင်)
0 comments:
Post a Comment