ဘ၀မှာ ကျော်ဖြတ်ရမည့် အဟန့်အတားများ (အပိုင်း- ၁)
ဘ၀-ဟူသည် ပြေပြစ်ချောမွေ့မှု မဟုတ်။ ခက်ခဲပင်ပန်းမှု၊ ကြိုးစားရုန်းကန်မှု၊ နိုးကြား၊ ရိုးသား၊ သင်ကြား မှုပင်ဖြစ်သည်။ ဘ၀ဆိုတာ ၀ဋ်ကြွေးဟုလည်း ဆိုကြသည်။ ၀ဋ်မှာ အမြဲ ငရဲမှာ အပ-ဟု အဆိုရှိ သည့်အတိုင်း ၀ဋ်ကြွေးမှန်က ပြန်လည် ပေးဆပ်ရစမြဲဖြစ်သည်။ မိမိတို့သည် ခက်ခဲကြမ်းတမ်းမှု များကြားကနေ ကြိုးစား ရုန်းကန်မှုများဖြင့် ဘ၀ကို တည်ဆောက်ကြသည်။ သံသရာအဆက်ဆက်က တင်ကျန်ရစ်ခဲ့သည့် ၀ဋ်ကြွေး များကို ပေးဆပ်ရင်းဖြင့်လည်း ဘ၀ကို တည်ဆောက်ကြသည်။ သို့ပေ မယ့်လည်း တစ်ဦးနှင့်တစ်ဦး အကျိုး ပေးကား ကွာခြားမြဲပင်ဖြစ်သည်။ တချို့က အောင်မြင်သည်။ တိုးတက်သည်။ တချို့ကျတော့ ဆုံးရှုံးသည်။ ဆုတ်ယုတ်သည်။ ရုန်းရင်းနဲ့ နစ်နေကြသည်။ မိမိတို့ ဗုဒ္ဓဘာသာဝင် အများစုသည် တခါတလေ ကံကိုပုံချ ဆူးပုံကို ခွထိုင်ထားတတ်သည်။ ကံဟူရာ၌ အများက အတိတ်ကံကိုသာ လက်ညှိုးထိုး ညွှန်ပြတတ်သည်။ ပစ္စုပ္ပန်ဘ၀မှာ မိမိတို့တတွေ နေ့စဉ်နှင့် အမျှ ပြုမူ၊ ပြောဆို၊ ကြံစည်နေသည်များကိုတော့ ကံဟု အမှတ်မရ မေ့ထားတတ်ကြလေသည်။ အရေးကြီးသည်က မိမိတို့နေ့စဉ်နှင့်အမျှ ပြုမူပြောဆို ကြံစည်နေမှုများကကော ကုသိုလ် အကုသိုလ် ကံနှစ်မျိုးမှာ ဘယ်သင်းက အဖြစ်များနေသနည်းဟု ကိုယ့်ကိုယ်ကို ထာဝစဉ် သုံးသပ်နေ ရမည်ဖြစ်သည်။
အတိတ်ကုသိုလ်ကံ၊ ရှိပါပြန်လည်း၊ အမှန်ပစ္စုပ်၊ အားမထုတ်သော်၊ အဟုတ်အကျိုး၊ မရနိုးရှင့်- ဟူသော ဆုံးမလင်္ကာလေးသည် မိမိတို့အတွက် သတိချပ်စရာပင်ဖြစ်သည်။ အတိတ်ကုသိုလ်ကံတွေ ဘယ်လောက်ပင်ရှိစေကာမူ ယခုလက်ရှိပစ္စုပ္ပန်ဘ၀မှာ ကြိုးစားအားထုတ်မှုမရှိခဲ့သော် အတိတ်မှာပြု လုပ်ဆည်းပူးခဲ့သော ကုသိုလ်ကံများက အကျိုးပေးခွင့်မသာဘဲ ဖြစ်နေတတ်သည်။ ထို့ကြောင့် အတိတ်ကုသိုလ်ကံကိုချည်း အားကိုးနေ၍လည်း မဖြစ်ပေ။ ထို့အတူပင် ပစ္စုပ္ပန်မှာ ဘယ်လောက်ပင် ကြိုးစားအားထုတ်စေကာမူ အတိတ်ကုသိုလ်ကံ နည်းပါးမှုကြောင့် ကြိုးစားသလောက် အရာမရောက် သည်များလည်း ရှိတတ်သည်။ တစ်ဖက်က ဖြစ်ထွန်းနေပေမဲ့ တဖက်က ချို့ ယွင်းဖြစ်နေတတ်သည်။ စီးပွါးရေက အဆင်ပြေသော်လည်း ကျမ်းမာရေးက ချူချာနေတတ်ပြန်သည်။ ပညာတွေ တတ်ပေမဲ့ လည်း စီးပွါးရေးက အဆင်မပြေ။ ဒီလိုနဲ့ ဘက်စုံပြည့်စုံမှု၊ အဆင်ပြေမှုတွေနဲ့ လွဲနေတတ်ပြန်သည်။
မိမိတို့တတွေသည် ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ပင်ပြုလုပ်ငြားသော်လည်း ကုသိုလ်တွေ ပြုရင်းနဲ့ အကုသိုလ်တွေကိုပါ စုစည်းမိလျက်သား ဖြစ်နေမိတတ်သည်။ အဖြူ အမည်းရောသော ကုသိုလ်ကံဟု ဆိုနိုင်သည်။ ထိုအဖြူအမည်းရောသော မသန့်ရှင်းသော ကုသိုလ်ကံကြောင့်ပင် အကျိုး ပေးပြန်တော့လည်း ကောင်းကျိုးသက်သက်မဟုတ်ပဲ ဆိုကျိုးများပါ ကပ်တွယ်လျက် ပါလာတတ်ကြ သည်။ အမှန်တော့ မိမိတို့တတွေသည် အဖြူသက်သက်ဖြစ်သော ကုသိုလ်ကံကို မဆည်းပူးတတ်ခြင်း ကြောင့်သာ ယခုကဲ့သို့ အကောင်းအဆိုး ဒွန်တွဲနေသော အကျိုးတရားများကို ခံစားနေရခြင်းဖြစ်သည်။ လူ့ပြည်မှာ လူဖြစ်ပြန်သော်လည်း တချို့က ဆင်းရဲသည်။ တချို့ က အဆင်းမလှ။ တချို့ ကျတော့ ပညာ မတတ်။ ချာချာလည်ပတ်နေသော သံသရာရဟတ်ထဲမှာ မပြည့်မစုံ စုန်လိုက် ဆန်လိုက် နိမ့်လိုက် မြင့် လိုက်ဖြင့် ဘ၀မျိုးစုံ အလွှားမျိုးစုံ ကျင်လည်နေကြရပေသည်။ သင်္ခန်းစာယူတတ်မယ်ဆိုလျှင် ယူစရာ သင်္ခန်းစာတွေက သံသရာနှင့်အမျှ မိမိတို့မှာ ရှိပြီးသာဖြစ်သည်။ သို့သော် မိမိကိုယ်ကို ပြန်လည်သုံး သပ်မှု အားနည်းခြင်းကြောင့်သာ သင်္ခန်းစာဆိုတာ စာအုပ်ထဲမှာပဲ ရှိပြီး ဘ၀ထဲမှာရှိတာကို မသိခြင်း ဖြစ်ပေသည်။ သံဝေဂဆိုသည်ကား ဘာမှန်းပင် မသိကြတော့ပေ။ မှန်ပေသည်။ မိမိတို့သည် အဆင်မ ပြေမှုများနှင့် ကြုဆုံလာတိုင်း သူများကိုသာ လက်ညှိုးတွင်တွင် ထိုးတတ်သောအကျင့်သည် အရိုးစွဲ၍ နေချေပြီ။
အမှန်တော့ ဘ၀သည် မတည်မြဲပါ။ ဒါပေမဲ့ ခဏမျှ တည်ဆဲဖြစ်သော ပစ္စုပ္ပန်ဘ၀လေးမှာတော့ လူတိုင်းလူတိုင်း စီးပွါးရေး၊ ကျန်းမာရေး၊ ရုပ်ဆင်းရူပကာယ၊ ပညာအရည်အချင်း စသည်စသည်…. ရှိသင့်ရှိထိုက်သော ဂုဏ်အရည်အချင်းများနှင့် ပြည့်စုံချင်ကြသည်။ ချမ်းသာချင်သည်။ ကျန်းမာချင် သည်။ ရုပ်ချောချင်သည်။ ပညာတတ်ချင်သည်။ ချင်ရုံနဲ့တော့ မရ၊ ကြိုးစားမှသာ ရနိုင်လိမ့်မည်ဖြစ် သည်။ မိမိတို့ ကိုးကွယ်ဆည်းကပ် အားထားရာ ဗုဒ္ဓမြတ်စွာသည်ပင် ဘုရားဖြစ်ချင်ရုံ ဘုရားဆုကို ပန် ရွယ်ရုံဖြင့် ဘုရားအဖြစ်ကို ရလာခဲ့ခြင်းမဟုတ်ပေ။ ဘုရားဖြစ်ချင်သည့်ဆန္ဒတော်ကြောင့် ဘုရားဆုကို ပန်ရွယ်ပြီးနောက် လေးအသင်္ချေနှင့် ကမ္ဘာပေါင်းတစ်သိန်းကာလပတ်လုံး ကိုယ်တော်၏ အသက် ခန္ဓာ စည်းစိမ် ရာထူး သွေး ချွေး အထူးထူးတို့ကို စွန့်လွှတ်ပေးဆပ်တော်မူပြီးမှသာ ဘုရားအဖြစ်သို့ ရောက်ရှိ ခဲ့ခြင်းဖြစ်ပေသည်။ ဤလောက၌ အလုံးစုံပြည့်စုံသောပုဂ္ဂိုလ်ကို ညွှန်ပြပါဆိုလျှင် ဘုရားရှင်ကိုသာ ဦးတင်ညွှန်ပြရလိမ့် မည်ဖြစ်ပေသည်။ ဘုရားမှတပါး အခြားပုဂ္ဂိုလ်ကို ညွှန်ပြဖို့ရာ လုံးဝမဖြစ်နိုင်ပေ။ ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် အလုံးစုံပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်သကဲ့သို့ သူ၏ တပည့်သာဝကများကိုလည်း ပြည့်စုံစေ ချင်သည်။ ချမ်းသာစေချင်သည်။ ကျန်းမာစေချင်သည်။ ပညာတတ်စေချင်သည်။ ရုပ်ချောစေချင်သည်။ ထို့ကြောင့်လည်း ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ဖလသမာပတ်ဝင်စား လျက် နိဗ္ဗာန်ချမ်းသာကို အေးငြိမ်းသက်သာ ခံစားတော်မမူအားရှာပဲ (၄၅)၀ါကာလပတ်လုံး တရားမျက်လုံးများ သူ၏တပည့်များအား ဟောကြားတပ်ဆင်ပေးတော်မူခဲ့ပေသည်။
(၁) ပျင်းရိခြင်းသည် စီးပွါးရေးကို ဖျက်ဆီးသည်။
မိမိတို့တတွေ မကြီးပွါး မတိုးတက်ခြင်း၏ အဓိကတရားခံသည် ပျင်းရိခြင်းပင်ဖြစ်သည်။ အလုပ် လုပ်ရမှာ ပျင်းသည်။ ပညာရှာရမှာ ပျင်းသည်။ စာဖတ်ရမှာ ပျင်းသည်။ တရားအားထုတ်ရမှာ ပျင်း သည်။ ပျင်းရိခြင်းသည် ကြိုးစားအားထုတ်မှု ၀ီရိယ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ပျင်းရိမှုတွေနဲ့ပဲ အချိန် တွေ ကုန်ဆုံးသွားသည်။ အချိန်းတွေဖြုန်းရင်းနဲ့ အချိန်တွေ ပြုန်းတီးသွားသည်။ လဘက်ရည်ဆိုင်ထိုင်၊ ကွမ်းစား၊ ဆေးသောက်၊ မူးယစ်သောက်စား၊ သူငယ်ချင်းများနဲ့ အလည်အပတ်များလျက် ကာမဂုဏ် အာရုံနောက် ကောက်ကောက်ပါအောင် လိုက်စား မိုက်မှားလျက် တန်ဖိုးရှိသော အချိန်များစွာကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ရပေသည်။ မိမိတို့တတွေ စီးပွါးရေးမှာ ဘာကြောင့်မတိုးတက်ကြသလဲ ပြန်စဉ်း စားပါက ပျင်းရိခြင်းဆိုတဲ့ တရားခံကိုသာ လက်ရဖမ်းမိပေလိမ့်မည်။ နိုင်ငံမှာ အလုပ်လက်မဲ့တွေ များ လေ နိုင်ငံဆင်းရဲလေဖြစ်သည်။ ထို့အတူ မိသားစုတစုမှာ အလုပ်လက်မဲ့များလေ အဲဒီမိသားစု စီးပွါး ရေး အဆင်မပြေလေပင်ဖြစ်သည်။ လူတိုင်းလူတိုင်းသည် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရမည်။ ကိုယ့်အ ခွင့်အရေးကို ကိုယ်တိုင်ရှာဖွေရမည်ဖြစ်သည်။ ပေါ်လာနိုးနိုးနဲ့ မျှော်ကိုးစောင့်ဆိုင်းနေရင်တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပေ။
Deligence is a great teacher - လုံ့လ၀ီရိယရှိခြင်း၊ မပျင်းရိခြင်းသည် မြင့်မြတ်သော၊ ကြီးကျယ် သော၊ ခမ်းနားသော ဆရာကြီးတစ်ဆူပင်ဖြစ်သည်။ ကြိုးစားက ဘုရားပင်ဖြစ်နိုင်သည်-ဟု အဆိုရှိ သည်။ ထို့ကြောင့် မပျင်းမရိ ကြိုးစားခြင်းသည် ကြီးပွါးချမ်းသာလိုသော မိမိတို့၏ တာဝန်သာ ဖြစ်ပေ သည်။
(၂) တန်ဆာမဆင်ခြင်းသည် လှပမှုကို ဖျက်ဆီးသည်။
ရုပ်ပိုင်းဆိုင်ရာ လှပမှုကို လိုချင်သောသူသည် မိမိတို့၏ရုပ်ခန္ဓာကိုယ်ကြီးကို နံ့သာပန်းမာလ်စသည်တို့ ဖြင့် အမျိုးမျိုးလိမ်းချယ်လျက် တန်ဆာဆင်ကြရမည်။ ထို့ပြင် လည်ဆွဲ၊ လက်ကောက်၊ နားဋောင်း၊ လက်စွပ် စသော ရတနာအမျိုးမျိုးတို့ဖြင့်လည်း တန်ဆာဆင်ကြရသည်။ ထို့အတူ နာမ်ပိုင်းဆိုင်ရာ လှပ မှုကို လိုချင်သောသူသည်လည်း မိမိတို့၏နာမ်ခန္ဓာကြီးကို တနည်းအားဖြင့် မိမိတို့၏စိတ်ကို တန်ဆာ ဆင်ကြရ မည်ဖြစ်သည်။ ယောနိသောမနသိကာရ- အရာရာကို အကောင်းဘက်က ရှုမြင်သုံးသပ်ခြင်းသည် ကုသိုလ် ဖြစ်ခြင်း၏ အကြောင်းရင်းဖြစ်သည်။ ထိုယောနိသောမနသိကာရထားရှိသော ပုဂ္ဂိုလ်၏ ဒါနကုသိုလ် သီလ ကုသိုလ် သမထ ၀ိပဿနာ ဘာဝနာကုသိုလ်စိတ်တို့ဖြင့် ထုံမွှမ်းလျက်နေခြင်းသည် စိတ်ကို တန်ဆာ ဆင်ခြင်းပင်ဖြစ်ပေသည်။ ဤကဲ့သို့ ရုပ်ကိုရော စိတ်ကိုပါ တန်ဆာဆင်မှုမရှိခြင်းသည် ကိုယ်တိုင်ပင် မိမိ၏ ရုပ်နှင့်စိတ် လှပမှုကို ဖျက်ဆီးသည်မည်ပေသည်။
(၃) မသင့်သော အစားအသောက် အပြုအမူသည် အနာရောဂါကင်းမှုကို ဖျက်ဆီးသည်။
လူတစ်ယောက်၏ဘ၀မှာ ကျန်းမာရေး ကောင်းမွန်ခြင်းသည် ရခဲသောအမြတ်ဆုံး ဆုလာဒ် တစ်ခုပင်ဖြစ်ပေသည်။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဗုဒ္ဓမြတ်စွာကတော့ အစားအသောက် ဆင်ခြင် ရမည်။ သင့်တင့်စွာ စားသောက်ရမည်။ သင့်လျော်တော်တည့်ရာကို စားသောက်ရမည်။ နောက်တစ်ခုက တော့ အပြုအမူပင်ဖြစ်သည်။ သင့်လျော်လျောက်ပတ် ကောင်းမြတ်သော အပြုအမူ များသာ ပြုမူကျင့်ကြံနေ ထိုင်ရမည်ဟု ဆိုလိုပေသည်။ ကာယကံ ၀စီကံ မနောကံ-ဟူသော အပြုအမူ သုံးမျိုးလုံး၌ အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်နေရမည်။ ကိုယ်ဖြင့်လည်း အကုသိုလ်တွေကို မလုပ်မိ အောင်၊ နှုတ်အားဖြင့်လည်း အကုသိုလ်ဖြစ်စရာတွေကို မပြောဆိုမိအောင်၊ စိတ်ဖြင့်လည်း အကုသိုလ် အာရုံတွေကို မကြံစည်မိအောင် စောင့်ထိန်းရမည်။ ကံသုံးပါးလုံး၌ ဒုစရိုက်ကင်းလျက် ကုသိုလ်ဖြစ် အောင်သာ ပြုမူပြောဆိုကျင့်ကြံ နေထိုင်ရမည်ဟု ဗုဒ္ဓက ဟောတော်မူခဲ့ပေသည်။ ဒုစရိုက်ဆယ်ပါး၊ သုစရိုက်ဆယ်ပါးတို့ကိုဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး သိရှိပြီးဖြစ်ပါလိမ့်မည်။ ဤကဲ့သို့ အစား အသောက်လဲ ဆင်ခြင်မယ်၊ ကံသုံးပါးလုံးမှာလဲ အကုသိုလ်မဖြစ်စေပဲ ကုသိုလ်တွေနဲ့ သန့်ရှင်းစင်ကြယ်အောင် နေမယ်ဆိုရင်ဖြင့် ထိုပုဂ္ဂိုလ်သည် ဧကန်မုချ သက်ရှည်ကျန်းမာလိမ့်မည်ဖြစ်သည်။ ဒါနဖက်တော့ အထက်ဝေသည်။ သီလဖက်တော့ အသက်ရှည်သည်။ ဘာဝနာဖက်တော့ အမြတ်ပြေသည်-ဆိုသော စကားကိုလည်း အားလုံး သိရှိပြီးဖြစ်ပေလိမ့်မည်။
(ဆက်လက်ဖော်ပြပါမည်)။
မိုးဆောင်းနွေ (သန်လျင်)
0 comments:
Post a Comment