မထေရ်မြတ်တို့ ရုပ်ပုံလွှာ (မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ဆရာတော်)

““ စိတ်နဲ့နမ်းမိတဲ့ လမင်း ””

on Friday, January 20, 2012

““ စိတ်နဲ့နမ်းမိတဲ့ လမင်း ””
(၁)
ကျွန်ုပ်တို့ အဆောင်ရှေ့တွင် အရပ်အမောင်း မြင့်မားခြင်းမရှိသည့် ၀ါးပင်လေးများရှိသည်။ သုံးရာသီ လုံးတွင် အရွက်ခပ်စိပ်စိပ် ရှိနေတတ်သည့် သရက်ပင်လေး တစ် ပင်လည်းရှိသည်။ တကယ်တော့ သရက်ပင်တွေ အများကြီးရှိခဲ့သည်။ သို့ဖြစ်သည့်တိုင် ဤသရက်ပင်ကလေးမှာ သူ့ကိုယ်လုံးကိုယ်ပေါက်နှင့် သူတည်နေဟန် စသည့် ပသာဒဖြစ်ဖွယ် မြင်ကွင်းကြောင့် တသီးတသန့် စိတ်မှအသိအမှတ်ပြုရခြင်းဖြစ်သည်။ သစ်ပင်များကို ချစ်တတ်ပြီး ဂရုတစိုက်ကြည့်မိသူတိုင်းသည် ဤသရက်ပင်လေးအား လှသည်ဟု ပြောကြမည်သာဖြစ်သည်။ ထိုသရက်ပင်ပျိုကလေးအောက်တွင် ကျွန်ုပ်တို့ဆရာက အုတ်ခုံလေးပြုလုပ်ပေးထား သည်။ သရက်ပင်လေး ၏ ရှေ့ဘက်မျက်နှာစာတွင် ရေကန်တစ်ကန်ရှိသည်။ နောက်ဘက်မျက်နှာစာမှာ ဒန်းလေးတစ်စီးရှိသည်။ ယာဘက်တွင်တော့ မိမိတို့ ပင်ကိုယ်သဘာဝအရ အရပ်မျက်နှာတစ်ခုခုမှ တစ်စုံတစ်ရာကို ဦးညွတ် နေဟန်ဖြင့် တည်နေသော ၀ါးပင်လေးများရှိသည်။ ပတ်ဝန်းကျင်ကောင်း ရေမြေကောင်းကို ကျွန်ုပ်တို့ သက်ရှိသတ်္တ၀ါများအတွက်သာ မဟုတ်ဘဲ သက်မဲ့များ အတွက်လည်း လိုအပ်ကြောင်းကို ပထမဆုံး အကြိမ်အဖြစ် တွေးမိ၏။ သရက်ပင်ကလေး၊ ပြီးတော့ သူ့ ပတ်ဝန်းကျင်။ သူ့အနားမှာ ရှိနေသည့် အုတ်ရေကန်လေးက သူ့ပင်မသွေးကြောများ ရှင်သန်ဖို့ရန် မိတ်ဆွေ ကောင်းပမာဖြစ်သည့် ပတ်ဝန်းကျင်ဖြစ်သည်။ ဒန်းလေးတစ်စီးကတော့ သူ့အနီးအနားတွင် အမြဲတစ်စေ သန့်ရှင်းလတ်ဆတ် နေစေဖို့ ဖြစ်ခဲ့သည်။ သို့ဆိုပါလျင် သူ့လောက်မလှပသည့် သူ့ဘေးနားက သစ်ပင်တွေကတော့ရော.။ သူ့အလှကို ပိုမိုတောက်ပစေမည့် ပတ်ဝန်းကျင်ပင် ဖြစ်လေလိမ့်မလား။ ကျွန်ုပ်သည် ဤသရက်ပင်ပျို လေးအောက်က ဒန်းပေါ်တွင် ထိုင်ရင်း အတွေးပေါင်းမြောက်များစွာကို တွေးတောခဲ့ဖူးသည်။ ကောင်းကင် ပေါင်းမျိုးစုံကိုကိုလည်း မြင်ခဲ့ရဖူးသည်။ တိမ်များဖြင့် ထူထပ်နေသော ကောင်းကင်, အပြာရောင်ကောင်းကင်, တိမ်များကင်းစင်နေသည့် ကြည်လင်တောက်ပသော ကောင်းကင်, မိုးအုံ့နေသည့်ကောင်းကင်, နေသာသည့် ကောင်းကင် စသည်ဖြင့် ကောင်းကင်၏ ကကြိုး ကကွက်များကို ကြည့်ခဲ့ဖူးသည်။ ဒန်းကလေးသည် ကျွန်ုပ်အတွက် စိတ်ရောကိုယ်ပါ ထိုင်ခဲ့သည့် နေရာလေးတစ်နေရာဖြစ်သည်။ ဤနေရာတွင် နှင်းစက်တို့ဖြင့် အေးမြနေသောညများ ဖြစ်ထွန်းခဲ့ဖူးသည်။ ခြင်တို့သည် ဆာလောင် မွတ်သိပ်စွာဖြင့် ပျံဝဲနေခဲ့ကြဖူးသည်။
ကောင်းကင်ကို ကြည်လင်ထွန်းလက်စေသည့် လပြည့်ညများ၊ မှောင်ရိပ်တို့ ကွန်းခိုနေသည့် လကွယ်ညများ, ကြယ်စင်များကို ဖွက်သိမ်းထားသည့် ညများ . . .စသည်ဖြင့် ညပေါင်းများစွာကို ဤဒန်းကလေးပေါ်မှ ကြည့်နေခဲ့ဖူးသည်။ တစ်ခါတစ်ရံတော့ မိမိဘ၀တွင် အရေးပါ နေရာယူခဲ့သည့် သူငယ်ချင်း တစ်ချို့တစ်လေ နှင့် အတူထိုင်ခဲ့ သည်။ လူ့ဘ၀၏ သောက ဒုက်္ခနှင့် အတွေးသက်သက်များကိုသာ အဖော်ပြုပြီး ထိုင်နေ ခဲ့သည့် နေ့စွဲများလည်း ရှိခဲ့သည်။ အချက်အလက်ကင်းမဲ့ကာ ဆုံးဖြတ်ချက်တစ်ခုခုအတွက် ဦးတည်မနေ သည့် တွေးတောမှုများဖြင့် ကုန်ဆုံးခဲ့သည့် အချိန်များလည်းရှိပါသည်။ မည်သို့ပင်ဖြစ်စေ ဤဒန်းကလေးနှင့် ဤသရက်ပင်ကလေးကို ကျေးဇူးတင်သည်။ အရောင်မျိုးစုံပြောင်း လဲတတ်သည့်ညများ ကကြိုးစုံသည့် ကောင်းကင်များကိုလည်း ကျေးဇူးတင်ပါသည်။ ကျွန်ုပ်အတွက် စိတ်ရောကိုယ်ပါ သက်သောင့်သက်သာ ဖြစ်မှုကို အကြိမ်ပေါင်းများစွာ ပေးနိုင်လေသောကြောင့်ဖြစ်သည်။


(၂)

တကယ်တော့ ဒန်းစီးရခြင်းသည် လူ့ဘ၀ကို ရောက်ရှိရခြင်းနှင့် ခပ်ဆင်ဆင် တူလှပါသည်။ ဒန်းပေါ်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် ဒန်းသည် အနည်းနှင့်အများတော့ လှုပ်ခတ်သွားရသည်သာဖြစ်သည်။ ဒန်းဆိုတာ လူတွေကို ယိမ်းထိုးလှုပ်ခတ်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေရသည့် တစ်စုံတစ်ရာဖြစ်သည်။ ဘ၀ဆိုတာ လောကဓံရှစ်ဖော်တို့ဖြင့် ယိမ်းထိုးလှုပ်ခတ်ရာ အရပ်ဒေသတစ်ခုလိုပင် ထင်မြင်မိရသေးသည်။
တစ်ခါတစ်ရံတွင် မိမိလိုအပ်သော အနေအထားကို ရရှိဖို့ ကိုယ်တိုင်လှုပ်ခတ်ပေးရသည်များလည်း ရှိသည်။ ဒန်းတစ်စီးတွင် ရှေ့သို့တိုးခြင်းသည် နောက်သို့ဆုတ်ရန်အတွက်ဖြစ်ပြီး နောက်သို့ဆုတ်ခြင်းသည် လည်း ရှေ့သို့ တက်ရန်ဖြစ်ခဲ့သည်။ လူ့ဘ၀တွင် ရှေ့သို့တက်သည်ဟု ထင်ရသော်လည်း နောက်သို့ဆုတ်ရန် အကြောင်းဖြစ်ချင် ဖြစ်နေတတ်သည်။ဤသို့ ရှေ့တိုးနောက်ဆုတ်ဖြင့် ယိမ်းယိုင်လှုပ်ခတ်နေရခြင်းသည်ပင် လူ့ဘ၀၏ အသက်ရှင်ရခြင်းပေ လောဟု တွေးမိရသေးသည်။ ပြောင်းလဲခြင်းပေါင်းမြောက်များစွာဖြင့် ကျွန်ုပ် တို့သည် မည်မျှ ယိမ်းထိုးခဲ့ကြ ပြီနည်း။ မည်မျှ လှုပ်ခတ်ခဲ့ကြပြီနည်း။ လောကဓံကြိုးများအောက်တွင် ကျွန်ုပ် တို့သည် မည်မျှ ရုပ်သေးကခဲ့ ကြရပါသနည်း။ သံသရာ၏ နက်မှောင်ပြိုးပြက်သော ဆံနွယ်များကို တပ်မက် စွာ နမ်းရှိုက်ခဲ့သည့် ဘ၀ပေါင်းများစွာကို ကျွန်ုပ်တို့ မမြင်နိုင်ခဲ့ကြပေ။ လောက၏ ဆေးဆိုးပန်းရိုက်မျက်နှာကို ကျွန်ုပ်တို့သည် မျက်မှန်စိမ်းတပ်ပြီး ကြည့်ခဲ့ကြသည်။
ယင်းသို့ဖြစ်သည့်တိုင် ကျွန်ုပ်ကတော့ဖြင့် လောက၏ အလှတရားကို ကြည့်မြင်ချင်သေးသူသာဖြစ်သည်။ သာယာဖွယ်ကို တွေ့ရှိသေးလိုသူသာဖြစ်သည်။ အဖြူအမည်း မသဲကွဲချင်သည့် စိတ်မျက်စိဖြင့် လောက၏ အလှကို ရှာဖွေမိနေလေ့ရှိသည်။
““ ရှာလျှင် တွေ့သည် ”” ဆိုသော အဆိုစကားသည်ချွင်းချက်မဲ့မှန်ကန်သည့် အဆိုစကား မဟုတ်ခဲ့သော်လည်း ကျွန်ုပ်နှင့် ဒန်းကလေးသည် အလှတစ်ချို့ကိုတော့ဖြင့် မြင်တွေ့ခဲ့ရသည်။

(၃)

လပြည့်ည . . .။
ထိုညသည် လပြည့်ညဖြစ်ခဲ့သည်။ လပြည့်ညဟူသော အသိကို စောစီးစွာ ရရှိခဲ့ဖို့ ကောင်းသော်လည်း ဂျူး၏
““ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ ””က လပြည့်ကို အသိအမှတ်ပြုဖို့ နောက်ကျနေစေခဲ့သည်။ အမေ့ထံမှ ““ သား ကောင်းကင်ထဲကိုကြည့်ပါ လ,ဟာပြည့်နေတယ်၊ အမေနဲ့သားနဲ့ လ,ကို အတူကြည့်မယ်၊ ပြီးတော့ သားနဲ့အမေ လ,ထဲမှာဆုံမယ်၊ လ,ထဲမှာ အမေ သားကိုတွေ့မယ်”” ဟူသော ကဗျာဆန်ဆန် မက်ဆေ့ခ်ျ ရောက်လာမှသာ ဒန်းပေါ်သို့သွားပြီး လပြည့်ညကို ကြည့်မိတော့သည်။
ဒန်းကလေးပေါ်မှ လပြည့်ညသည် တောက်ပမှုလိုအပ်နေသယောင် ခံစားနေမိသည်။ ဤလပြည့်သည် သရက်ရွက်များကြားမှ မြင်ရသော လ,မို့များလားဟု တွေးမိသေးသည်။ မဟုတ်နိုင်ပါ။ ၀ါဆိုလပြည့်နေည၏ လပြည့်သည် ဘာကြောင့်များ တန်ဆောင်မုန်းလပြည့်ညက လရောင်လောက် တောက်ပမှု မရှိရတာလဲ။ ဘာကြောင့် တိမ်တိုက်များကိုပါ လင်းမသွားစေနိုင်ရတာလဲ။ လပြည့်ညဟူသော အမည်နာမခြင်း တူညီပါ လျှက် နှင့် အဘယ့်ကြောင့် အလင်းခြင်း မတူညီရတာလဲ။ အလင်းများကို နှိုင်းယှဉ်မိခြင်းက ကျွန်ုပ်အား လှပသော ရသကို ခံစားဖို့ နောက်ကျနေစေခဲ့သည်။ လပြည့်ညများသည် မည်သည့်လပြည့်ညမှာဖြစ်စေ တစ်ပြေးညီတည်းလင်းရမည်ဟု သတ်မှတ်ထားမှု မရှိပါ။ အလင်းသည် လင်းချင်သလို လင်းမည်သာ ဖြစ် သည်။ အနည်းငယ် အားပျော့ကောင်း အားပျော့ နိုင်သည်။ တိုးထွက်စူးရှကောင်း စူးရှနေမည်ဖြစ်သည်။ ၀ါဆိုလပြည့်ညသည် တန်ဆောင်မုန်းလပြည့်ညလောက် မလင်းသောကြောင့် မချစ်ဘူးဆိုလျှင်လည် ၀ါဆိုလ ပြည့်ညသည် ကျွန်ုပ်အား ဂရုထားနေမည်မဟုတ်ဘဲ ကမ်္ဘာလောကကို လှည့်ပတ်သွားမည်သာဖြစ်သည်။ ဒီလိုတော့ဖြင့် မဖြစ်သေးပေ။
ဓမ်္မစကြာဟောတော်မူခဲ့သောနေ့က သာလင်းခဲ့သော အရှင်ကောဏ္ဍည၏ လမင်းသည် သာမညဖလ ဟော တော်မူသောနေ့က အဇာတသတ်မင်း၏ လမင်းလောက် မလှပါဘူးဟု တစ်စုံတစ်ယောက်က ငြင်းဆိုချင် သေးလျှင်လည်း ကျွန်ုပ်က မိဂဒါဝုန်တောမှာ သာသည့်လကိုသာ ရွေးချယ်မိမည်ဖြစ်သည်။ ဟုတ်သည်။ ကျွန်ုပ်က မည်သည့်လမင်းကိုမဆို ချစ်တတ်သူပေပဲ။ မည်သည့် ညခင်းကိုမဆို ချစ်တတ်သူပေပဲ။ တစ်ခြမ်းပဲ လမင်းမှာတောင်ပဲ သူ့အလှနှင့်သူတော့ ရှိနေခဲ့သည်ပဲလေ။

(၄)
““ စင်စစ်အားဖြင့် လမင်းသည် ကမ်္ဘာလောကကြီးကို ချစ်ခြင်မြတ်နိုးဘွယ်ရာအဖြစ် အမှတ်ရစေသူပင် ဖြစ်၏။ ဘ၀၏ အဆုတ်, အတက်, အတိုး, အလျော့, အနိမ့်, အမြင့်တို့ကို ပြသနေသူလည်းဖြစ်၏။ ထို့ပြင် အမှောင် နောက်တွင် လိုက်ပါလာသောအလင်း၊ သေခြင်းတရား၏ နောက်တွင်ကပ်ပါလာသော ပြန်လည် ရှင်သန်ခြင်း ၏ သံသရာလည်တတ်ခြင်းတို့ကိုလည်း သတိရစေသူဖြစ်သည်။”” ““ လမင်းသည် အစဉ်ပြောင်းလဲနေ၏။ သို့တိုင် တသမတ်တည်း ဖြတ်သန်းနေသူလည်းဖြစ်၏။ ထိုလမင်း၏ အပြောင်းအလဲ အဆင့်ဆင့်ကို ကျွန်ုပ် မပြတ်စောင့်ကြည့်နေမိ၏။ ချုပ်ညရီတွင် ရှည်လျှားသော အရိပ်များအောက်ရှိ စိတ်လှုပ်ရှားခံစားဖွယ်ရာည များ, ညလယ်တွင် လမင်း၏ နက်ရှိုင်းငြိမ်သက်စွာ ဖြန့်ကျက် နေခြင်းများ, လမင်း၏ အသက်ရှုရင်ခုန်သံများ, မလွဲမသွေ ရောက်ရှိလာတော့မည့် နေ့သစ်ကို သယ်ဆောင် လာသည့် တီးတိုးစကားများ အားလုံးကိုပင် စောင့်ကြည့်မိသည်။”” ““ နေ့များ လများကို ရေတွက်ရာ၌ လမင်းသည် မည်မျှအထောက်အကူပြုခဲ့ပါသနည်း။ လမင်းကို မြင်တွေ့နေရသော အချိန်များ၌ လစဉ်အချိန်ပိုင်းများရှိ နေ့ရက်များ၏ အတိုင်းအဆကို မည်မျှတိကျ မျှတစွာ တိုင်းတာပေးနိုင်ခဲ့ပြီနည်း။ လမင်းသည် လူတို့အတွက် အလွယ်ကူ အရှင်းလင်းဆုံးသော ပြက်္ခဒိန်တစ် ချပ်ပင် ဖြစ်လေသည်””  ဟု ဆိုသော ဂျဝါဟလာနေရူး၏ စကားများကို သတိရမိတော့ ကျွန်ုပ် လမင်းများ အားလုံးကို ပြည့်ဝစွာ လက်ခံပြီး ချစ်တတ်သွားပါသည်။ ငြိမ်ဆိတ်စွာ စဉ်းစားတွေးတောမိနေသော ကျွန်ုပ်ထံ သို့ သွေးဆာနေသည့် ခြင်အုပ်စုက ၀င်ရောက်ဖွဲ့ အုံလာတော့မှ ဒန်းကလေးကို လွှဲဘို့ သတိရမိသည်။ ဒန်းကလေးကို လွှဲစီးလိုက်တော့ သွေးစုပ်ဖို့ စုဝေး ရောက်ရှိလာသည့် ခြင်များမှာ ဒန်းကလေးဆီမှ တိုးထွက် လာသော လေအဟုန်ကို ကြောက်ရွံ့ထိတ်လန့်ဟန်ဖြင့် ပြန်လည်ထွက်ခွါ သွားကြတော့သည်။ ဒန်းကလေးသည် ကျွန်ုပ်အတွက် အနံ့အသက်မထွက်ဘဲ ခြင်များကို ကာကွယ်ပေးနိုင်သည့် ယပ်တောင် တစ်ချောင်းလည်း ဖြစ်ပြန်ပါသေးသည်။ ကောင်းကင်ကို ပြည်လည်မော့ကြည့်သောအခါ လမင်းသည် တိမ်တိုက်တစ်ခုကို ကျော်ဖြတ်ဖို့ အားယူ နေတာကို မြင်တွေ့ရသည်။ ငြိမ်သက်စွာ လှည့်ပတ်နေသည့် လမင်းသည် မည်မျှ လှပလိုက်ပါသနည်း။ မည်ကဲ့သို့သော မငြိမ်သက်သည့် တိမ်တိုက်ကမျှ ဤလမင်းကို ဆွဲငဲယူဆောင်ထားနိုင်မည်မဟုတ်။ ကမ်္ဘာကို ပတ်နေသည့် သူ့ခြေလှမ်းများကို မည်သည့်တန်ခိုးရှင်ကမျှ တားဆီးနိုင်မည်မဟုတ်ချေ။
ဤသို့ဖြင့် ဒန်းကလေးနှင့် ကျွန်ုပ်သည် လောကထဲက လမင်း သဘာဝထဲက လမင်းကို မြင်တွေ့ခဲ့ရသည်။ လောကထဲက အလင်း သဘာဝထဲက အလင်းသည် ဖျော့တော့သည်ဟု ထင်မှတ်မိနိုင်သည့်တိုင် ချစ်နိုင် သည့် စိတ်ထားရှိခဲ့လျှင် ပါးလျသော လမင်းဖြင့်ပင် လင်းနိုင်ပါသည်။ ဆေးစက်တွေ ကွာကျကာ ရာသီဥတု ဒဏ်ကို မလွှဲသာ မရှောင်သာ ခံယူနေရသော်လည်း ကျွန်ုပ်၏ ဒန်းကလေးကတော့ဖြင့် သရက်ပင်ပုလေး အောက်တွင် ခိုင်မာတည့်မတ်စွာ ရပ်တည်နေနိုင်ဆဲပင်ဖြစ်သည်။ ၀ါးပင်များက လေယူရာယိမ်းပြီး သူ့ထံသို့ ဦးညွတ်သည့် အမူအရာကို ပြသောအခါ ဒန်းကလေးက ပျော်ရွှင်စွာ ရယ်မောကာ လရောင်၏အနမ်းကိုခံယူပါလိမ့်မည်။

သားအေးည



0 comments:

Post a Comment